Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တွင် ကျင်းပပြုလုပ်သည့် “ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် -၂ဝ၂၅” ၏ မျက်နှာစုံညီ ထိပ်သီးအစည်းအဝေးသို့ ပါဝင်တက်ရောက်

နေပြည်တော် စက်တင်ဘာ ၂၅

“ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ်-၂၀၂၅ (World Atomic Week Forum 2025)" ကို ယနေ့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ရှိ Atom Museum ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် “နည်းပညာသစ်မွေးဖွားခြင်းမှ ကမ္ဘာသစ်အမြင်ဆီသို့ (From a New Technological Rollout to a New Worldview)" ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် မျက်နှာစုံညီ ထိပ်သီးအစည်းအဝေးသို့ ပါဝင်တက်ရောက်ဆွေးနွေးသည်။

အဆိုပါ “ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် - ၂၀၂၅ (World Atomic Week Forum 2025)"သို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ အာမေးနီးယားနိုင်ငံဝန်ကြီးချုပ်၊ ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတတို့ အပါအဝင် နိုင်ငံတကာမှ ခေါင်းဆောင်များ၊ အစိုးရအဖွဲ့အဆင့်မြင့်အရာရှိကြီးများနှင့် နျူကလီးယားစွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းများမှ အကြီးအကဲများ၊ ကမ္ဘာ့ထိပ်တန်းကျွမ်းကျင်သူများ၊ ကုမ္ပဏီကြီးများမှ အကြီးအကဲများ၊ CIS ၊ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကဒေသများမှ ခေါင်းဆောင်များနှင့် နိုင်ငံပေါင်း ၁၀၅ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ကြိုဆိုနှုတ်ဆက်

ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် နိုင်ငံတကာမှ ခေါင်းဆောင်များ၊ အစိုးရအဖွဲ့ အဆင့်မြင့်အရာရှိကြီးများနှင့် တက်ရောက်လာကြသူများအား ရုရှားဖက်ဒရေးရှင်း နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) ၏ ညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် အခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) ၏ ညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev က အဖွင့်အမှာစကားပြောကြားပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတက မိန့်ခွန်းပြောကြားသည်။

ယင်းနောက် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ၊ အာမေးနီးယားနိုင်ငံဝန်ကြီးချုပ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ အီသီယိုးပီးယားဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံဝန်ကြီးချုပ်၊ IAEA ၏ ညွှန်ကြားရေးမှူးချုပ်တို့ အပါအဝင် တက်ရောက်လာကြသည့် နိုင်ငံတကာမှ အစိုးရအဖွဲ့အဆင့်မြင့်အရာရှိကြီးများနှင့် နျူကလီးယားစွမ်းအင်ဆိုင်ရာအဖွဲ့အစည်းများမှ အကြီးအကဲများ၊ ကမ္ဘာ့ထိပ်တန်းကျွမ်းကျင်သူများက မိန့်ခွန်းများ အသီးသီးပြောကြားကြသည်။

နျူကလီးယား လုပ်ငန်းများအတွက် ရည်မှန်းချက်ကောင်းများ ဆွေးနွေးမျှဝေ

နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက မိန့်ခွန်းပြောကြားရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အဏုမြူလုပ်ငန်းများ၏ နှစ် (၈၀) ပြည့် အခမ်းအနားနှင့်ဆက်စပ်ကျင်းပသည့် ယခု အပြည်ပြည်ဆိုင်ရာဖိုရမ် ကမ္ဘာ့အဏုမြူသီတင်းပတ်သည် နျူကလီးယားစွမ်းအင်နှင့် နျူကလီးယားနည်းပညာ၏ ကမ္ဘာ့စွမ်းအင်လိုအပ်ချက်၊ စိုက်ပျိုးရေး၊ ဆေးပညာနှင့် စက်မှုကဏ္ဍများအပေါ် အထောက်အကူပြုခဲ့သည့် သမိုင်းကြောင်းကို ဖော်ပြပေးသည်သာမက အနာဂတ် နျူကလီးယားလုပ်ငန်းများအတွက် ရည်မှန်းချက်ကောင်းများကို ဆွေးနွေးမျှဝေပေးနိုင်မည့် ဖိုရမ်တစ်ခုလည်း ဖြစ်ကြောင်း။

ယခုဖိုရမ်၏ ဆောင်ပုဒ်ဖြစ်သည့် “အရာရာတိုင်းသည် အက်တမ်တစ်ခုမှ စတင်သည် (Everything starts with an atom.)” ဆိုသည့်အတိုင်း မိမိတို့အပါအဝင် စကြဝဠာကြီးထဲတွင်ရှိသည့် အရာဝတ္ထုများအားလုံးသည် အက်တမ်များနှင့် ဖွဲ့စည်းထားခြင်းပင်ဖြစ်ကြောင်း။

အဆွေတော်တို့ သိကြသည့်အတိုင်း အက်တမ်၏ နျူကလိယပ်စ်ထဲက ကြီးမားသည့် နျူကလီးယားအားကို ထိန်းချုပ်အသုံးချနိုင်ခဲ့ခြင်းဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းအပြင် ဆေးပညာ၊ စိုက်ပျိုးရေးနှင့် စက်မှုကဏ္ဍများကို များစွာဖွံ့ဖြိုးတိုးတက်စေခဲ့ကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသည်လည်း ဆိုဗီယက်ပြည်ထောင်စုကာလ ၁၉၅၄ ခုနှစ် ဇွန် ၂၆ ရက်မှစ၍ ကမ္ဘာ့ပထမဦးဆုံး နျူကလီးယားစွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးသည့် နိုင်ငံတစ်ခုလည်းဖြစ်ကြောင်း၊ ယခုလက်ရှိတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသည်လောင်စာသစ်များကို ထုတ်လုပ်ပေးနိုင်သည့် အမြန်နျူထရွန်သုံးနျူကလီးယားဓာတ်ပေါင်းဖို(Fast Breeder Reactors)များကို အောင်မြင်စွာ လည်ပတ်နိုင်သည့် တစ်ခုတည်းသော နိုင်ငံတစ်ခုလည်း ဖြစ်ကြောင်း။

နှစ်ပေါင်း (၈၀) ကျော်ကာလအတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ နျူကလီးယားကဏ္ဍကို အသိပညာ၊ ဆန်းသစ်တီထွင်မှုနှင့် ငြိမ်းချမ်းသော အဏုမြူဆိုင်ရာ သိပ္ပံပညာရပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မီးရှူးတန်ဆောင်တစ်ခုအဖြစ် မယိမ်းယိုင်ဘဲ ခိုင်မြဲစွာ ပြောင်းလဲပေးခဲ့ကြသည့် သိပ္ပံပညာရှင်များ၊ အင်ဂျင်နီယာများ၊ မူဝါဒရေးဆွဲသူများနှင့် ရည်မှန်းချက်ကြီးမားသူများအားလုံးကို မိမိ၏ နှလုံးသားထဲမှ လှိုက်လှဲစွာဖြင့် ချီးကျူးဂုဏ်ပြုစကား ပြောကြားလိုကြောင်း။

ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များနှင့် နျူကလီးယားစွမ်းအင်ကို ပူးတွဲအသုံးပြု

ကမ္ဘာ့စွမ်းအင်လိုအပ်ချက်သည် နှစ်စဉ်တိုးတက်လျက်ရှိပြီး အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) ၏ အစီရင်ခံစာအရ ၂၀၂၅ ခုနှစ်မှာ ၂၀၂၄ ခုနှစ်ထက် ၂ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်လာသည်ကို တွေ့ရှိရကြောင်း၊ ယခုလက်ရှိတွင် ကမ္ဘာ့စွမ်းအင်လိုအပ်ချက်၏ ၉ ရာခိုင်နှုန်းကို နျူကလီးယားစွမ်းအင်မှ ရယူလျက်ရှိပြီး World Net-Zero Carbon Emissions အရ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များနှင့် နျူကလီးယားစွမ်းအင်ကို ပူးတွဲအသုံးပြုရန် စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ နျူကလီးယားစွမ်းအင်သည် ကာဗွန်ထုတ်လွှတ်မှုနည်းပါးသည့် Green Energy တစ်ခုလည်းဖြစ်ပြီး တည်ငြိမ်လျှပ်စစ်စွမ်းအားကိုလည်း ပေးစွမ်းနိုင်ကြောင်း။

ထို့ပြင် စိုက်ပျိုးရေးတွင် နျူကလီးယားနည်းပညာများသည် ပို၍ ဘေး‌ကင်းလုံခြုံပြီး ရာသီဥတု ဖောက်ပြန်မှုဒဏ်ကို ပိုမိုခံနိုင်ရည်ရှိသည့် အစားအစာထုတ်လုပ်မှုကို ပံ့ပိုးပေးပါကြောင်း၊ မျိုးဗီဇ ပြောင်းလဲမွေးမြူခြင်းကဲ့သို့ အစီအစဉ်များသည် မိုးခေါင်ရေရှားမှု၊ ပိုးမွှားနှင့် ရောဂါများကို ခံနိုင်ရည်ရှိသည့် သီးနှံများကို ထုတ်လုပ်ပေးခဲ့ပြီး မျိုးပွားနိုင်မှုမရှိသည့် အင်းဆက်နည်းပညာသည်လည်း ပိုးသတ်ဆေးအသုံးပြုမှုကို လျှော့ချနိုင်စေခဲ့သကဲ့သို့ ဂေဟစနစ်များကို ကာကွယ်ပေးခြင်းနှင့် ရေရှည်တည်တံ့သည့် ရိတ်သိမ်းမှုများကို ဖြစ်စေကြောင်း၊ မိမိတို့ကဲ့သို့ စိုက်ပျိုးရေးနိုင်ငံများအတွက် များစွာအကျိုးဖြစ်စေကြောင်း။

ဆေးပညာပိုင်းတွင်ဆိုပါက ရေဒီယို အိုင်ဆိုတုပ်များနှင့် နျူကလီးယားပုံရိပ်ဖော် နည်းပညာများသည် ရောဂါကို ရှာဖွေခြင်းနှင့် ကုသခြင်းနည်းလမ်းများကို ပြောင်းလဲစေခဲ့ကြောင်း၊ ကင်ဆာရောဂါများကို စောစီးစွာ သိရှိနိုင်ခြင်းနှင့် ရေဒီယိုဓာတ်ရောင်ခြည်နည်းဖြင့် ကုသခြင်း (Radiotherapy) က ရရှိလာသည့် တိကျသည့် ပစ်မှတ်ထားကုသမှုတို့ကြောင့် နှစ်စဉ် နှစ်တိုင်း သန်းနှင့်ချီသည့် အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပြီး မရေမတွက်နိုင်သော လူပေါင်းများစွာ၏ ဘဝများကို ပိုမိုကောင်းမွန်စေခဲ့ကြောင်း၊ နျူကလီးယားဆေးပညာသည် လူသားမျိုးနွယ်အတွက် သိပ္ပံပညာ အစွမ်းဖြင့် ဝန်ဆောင်မှုပေးနိုင်ခြင်း၏ ဥပမာတစ်ရပ် ဖြစ်ကြောင်း။

နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းသည့် ရည်ရွယ်ချက်ဖြင့် နယ်ပယ်အသီးသီးတွင် အသုံးချပါက လူသားမျိုးနွယ်အတွက် များစွာအကျိုးပြုသလို အခြားတစ်ဖက်တွင်လည်း အားနည်းချက်များ ရှိကြောင်း၊ နျူကလီးယားစွမ်းအင် အသုံးပြုသည့်အခါ သဘာဝပတ်ဝန်းကျင်ဂေဟစနစ်ကို မထိခိုက်အောင် ရေဒီယိုသတ္တိကြွစွန့်ပစ်ပစ္စည်းများကို စနစ်တကျ စီမံခန့်ခွဲရန် လိုအပ်ခြင်း၊ နျူကလီးယားဒြပ်ပစ္စည်းများမှ ဓာတ်ရောင်ခြည်ယိုစိမ့်မှု မဖြစ်အောင် ကာကွယ်ရန် လိုအပ်ခြင်းနှင့် နျူကလီးယား မတော်တဆမှုများ မဖြစ်ပွားအောင် စိတ်ချရသည့် ဘေးကင်းလုံခြုံမှုရှိအောင် စနစ်တကျ ကြိုတင်စီမံဆောင်ရွက်ရန် လိုအပ်ခြင်းတို့ရှိကြောင်း။

မြန်မာနိုင်ငံသည် နျူကလီးယားစွမ်းအင် အသုံးပြုနိုင်ရေးအတွက် ၂၀၂၂ ခုနှစ်ကစ၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) နှင့် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးပြီး နျူကလီးယားစွမ်းအင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်ခဲ့ခြင်းသည် နျူကလီးယားစွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ် စတင်ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ရန်ကုန်မြို့၌ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာကို ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ထို့ကြောင့် နျူကလီးယားနယ်ပယ်တွင် အတွေ့အကြုံကြွယ်ဝပြီး ထိပ်တန်းဖြစ်သည့် ရုရှားနိုင်ငံ နျူကလီးယားစက်ရုံနှင့် နည်းပညာအပေါ် မီဒီယာမျိုးစုံနှင့် ပြည်သူလူထု ပိုမိုနားလည်သဘောပေါက်စေရန် ဆောင်ရွက်နိုင်ခဲ့ကြောင်း။

တစ်ဆက်တည်း၌ပင် အမျိုးသားအဆင့် နျူကလီးယား အခြေခံအဆောက်အအုံနယ်ပယ်များ၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်နိုင်ရေး လုပ်ငန်းလမ်းညွှန်ချက်များ(Terms of Reference - ToR) ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ “ROSATOM” နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းပြီး “သိပ္ပံပွဲတော် ၂ဝ၂၃ နှင့် “သိပ္ပံပွဲတော် ၂၀၂၄ တို့ကို နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာနှင့် ရန်ကုန်နည်းပညာတက္ကသိုလ် (YTU) တို့၌ ကျင်းပပြုလုပ်နိုင်ခဲ့သည့်အတွက် မြန်မာကျောင်းသားများကို နျူကလီးယားနည်းပညာဆိုင်ရာ အသိပညာနှင့် ဗဟုသုတများစွာ ရရှိစေခဲ့ကြောင်း။

ROSATOM မှ ချီးမြှင့်သည့် ပညာသင်ဆု အစီအစဉ်ဖြင့် Small Modular Reactor-SMR အတွက် လုပ်ငန်းလိုအပ်ချက်များ အပါအဝင် နျူကလီးယားစွမ်းအင်နှင့် နျူကလီးယားနည်းပညာအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းမြစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း။

နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများ ဆောင်ရွက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အနေဖြင့် နျူကလီးယားစွမ်းအင်အစီအစဉ် အကောင်အထည်ဖော်ဆောင်ရာတွင် လုပ်ငန်းမှတ်တိုင် (၃) ခု၊ လုပ်ငန်းအဆင့် (၃) ခုတို့ဖြင့် အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ၏ လမ်းညွှန်ချက်များနှင့်အညီ ROSATOM ၏ Timeline အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၁၉၅၇ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (International Atomic Energy Agency-IAEA) ၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့ချိန်မှစပြီး အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ၏ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် (Technical Cooperation) တွင် ပါဝင်ခဲ့ကြောင်း၊ အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီအနေဖြင့် လုပ်ငန်းရန်ပုံငွေပံ့ပိုးပေးခြင်း၊ စက်ပစ္စည်းကိရိယာများထောက်ပံ့ပေးခြင်း၊ အဆောက်အအုံများ မြှင့်တင်ပေးခြင်းတို့အပြင် လူ့စွမ်းအားအရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာပူးပေါင်း ဆောင်ရွက်ရေးအစီအစဉ်များတွင် ပါဝင်စေခြင်း၊ နည်းပညာဆိုင်ရာသင်တန်းများပေးခြင်း၊ နည်းပညာပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများ ဆောင်ရွက်စေခြင်းတို့ကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။

၂၀၂၄ ခုနှစ်အတွင်း အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီက ကြီးမှူးကျင်းပသည့် နျူကလီးယားဥပဒေဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ နျူကလီးယား ဥပဒေကို ပြင်ဆင်ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။

၂၀၂၅ ခုနှစ်အတွင်း ROSATOM နည်းပညာအကယ်ဒမီနှင့် အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီတို့  ကြီးမှူးကျင်းပသည့် နိုင်ငံခြားကျွမ်းကျင်သူများအတွက် အမျိုးသားအဆင့် နျူကလီးယားအစီအစဉ်များ အကောင်အထည်ဖော်မှုတွင် ပါဝင်သည့် အငယ်စား နျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံများနေရာချထားခြင်းဆိုင်ရာ ဒေသတွင်းအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးသင်တန်းကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၁၈ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် IAEA အဖွဲ့ဝင်နိုင်ငံအဖြစ် နျူကလီးယားနယ်ပယ်များ မြန်မာနိုင်ငံမှာ အသုံးပြုနိုင်ရေး နှစ်ပေါင်းများစွာကတည်းက ကြိုးစားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် တုံ့နှေးနေခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်ကစပြီး ရုရှားနိုင်ငံနှင့် ပူးပေါင်းကာ အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ ကြိုးစားခဲ့မှု၊ ရုရှားနိုင်ငံ၏ အဘက်ဘက်မှ အားဖြည့်ဆောင်ရွက်ပေးမှုတို့ကြောင့် တိုးတက်မှုများ သိသာစွာ ရရှိခဲ့ပြီးဖြစ်ကြောင်း။

နျူကလီးယားစွမ်းအင်ဟာ ကာဗွန်ထုတ်လွှတ်မှုနည်းပါးသည့် Green Energy တစ်ခုလည်း ဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားစွမ်းအင်မှ တည်ငြိမ်သော လျှပ်စစ်ဓာတ်အားကို ထုတ်ယူပြီး နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း။

ကျေးလက်နေ ပြည်သူများအတွက် လျှပ်စစ်ဓာတ်အားဖြည့်တင်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်စွမ်းအား လိုအပ်ချက်မြင့်မားလျက်ရှိပြီး အသေးစား စက်မှုလုပ်ငန်းများနှင့် ကျေးလက်နေ ပြည်သူများအတွက် လျှပ်စစ်ဓာတ်အား ဖြည့်တင်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် နျူကလီးယား နည်းပညာနှင့် ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် စက်မှုကဏ္ဍများတွင် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်းမြစ်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုရှားနိုင်ငံရှိ တက္ကသိုလ်များနှင့် မြန်မာနိုင်ငံရှိ တက္ကသိုလ်များ ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးပြီး စီမံလုပ်ဆောင်လျက်ရှိကြောင်း။

မြန်မာနိုင်ငံတွင် ကနဦးခြေလှမ်းအဖြစ် အငယ်စား နျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်နိုင်ရေးအတွက် ROSATOM နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး လိုအပ်သည့် အခြေခံအဆောက်အအုံများနှင့် အခြားသောကဏ္ဍပေါင်းစုံ တိုးချဲ့ဆောင်ရွက်နိုင်ရေး ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိပါကြောင်း။

မြန်မာနိုင်ငံတွင် အငယ်စားလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေးအတွက် လိုအပ်သည့် နျူကလီးယား အခြေခံအဆောက်အအုံ၊ လူ့စွမ်းအားအရင်းအမြစ်များနှင့် အခြားလိုအပ်သည့် လုပ်ငန်းများကို ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ROSATOM တို့က တတ်နိုင်သမျှ မြန်မာနိုင်ငံကို ဆက်လက်ကူညီပေးပါရန် မိမိအနေဖြင့် အလေးအနက်ထား မေတ္တာရပ်ခံအပ်ပါကြောင်း။

အလားတူ အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ကလည်း မြန်မာနိုင်ငံ၏ နျူကလီးယားစွမ်းအင် အကောင်အထည်ဖော်ဆောင်ရာတွင် လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ကူညီပေးရန်လည်း မိမိအနေဖြင့် အလေးအနက်ထား မေတ္တာရပ်ခံအပ်ပါကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အနေဖြင့် ယခု အပြည်ပြည်ဆိုင်ရာဖိုရမ် ကမ္ဘာ့အဏုမြူသီတင်းပတ်ကို တက်ရောက်လာကြသည့်နိုင်ငံများနှင့်လည်း နျူကလီးယားနည်းပညာကဏ္ဍနှင့် ပတ်သက်သည့် သင့်လျော်ရာ Sector များ၌လည်း ပူးပေါင်းဆောင်ရွက်လိုပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် မိတ်ဖက်ဆက်ဆံမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်လိုကြောင်းနှင့် အဏုမြူစွမ်းပကားဖြင့် ကမ္ဘာ့ပြည်သူများ ငြိမ်းချမ်းသာယာဖွံ့ဖြိုး၍ အကျိုးပြုပါစေရန် ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားသည်။

အဆိုပါ “ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ်-၂၀၂၅ (World Atomic Week Forum 2025) ကို ရုရှားနိုင်ငံနျူကလီးယားကော်ပိုရေးရှင်း Rosatom က ပြည်တွင်း နျူကလီးယားစက်မှုလုပ်ငန်း၏ နှစ် (၈၀) ပြည့် အထိမ်းအမှတ်အဖြစ် နျူကလီးယားနည်းပညာ၏ ငြိမ်းချမ်းရေးဆိုင်ရာ အသုံးဝင်မှုများကို ကမ္ဘာတစ်ဝန်း မြှင့်တင်ရန်ရည်ရွယ်၍ ယနေ့ စက်တင်ဘာ ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း၊ ဖိုရမ်၏ လုပ်ငန်းအစီအစဉ်များကို နျူကလီးယားအစီအစဉ်အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် နိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များ၊ ကမ္ဘာ့ထိပ်တန်းကျွမ်းကျင်သူများ၊ ကုမ္ပဏီကြီးများမှ အကြီးအကဲများ၊ CIS ၊ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကဒေသများမှ ခေါင်းဆောင်များနှင့်  နိုင်ငံပေါင်း ၁၀၅ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ကြကာ သန့်ရှင်းသော စွမ်းအင်၊ အဆင့်မြင့်ဆေးဘက်ဆိုင်ရာ၊ ကောင်းမွန်သော ပတ်ဝန်းကျင်၊ စက်မှုဆန်းသစ်မှု၊ ဂေဟဗေဒ၊ ဒစ်ဂျစ်တယ်နည်းပညာ၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် သိပ္ပံပညာရေးဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ စက်တင်ဘာ ၂၇ ရက်မှ ၂၈ ရက်အထိ လူငယ်အစီအစဉ်များကို ဦးစားပေး ကျင်းပသွားမည်ဖြစ်ပြီး ရုရှား Knowledge အသင်းမှ ဦးဆောင်သည့် သိပ္ပံနှင့် ပညာပြန့်ပွားရေး ရန်ပုံငွေပြိုင်ပွဲ "Knowledge First” ကို ပြုလုပ်မည်ဖြစ်ကာ နိုင်ငံတကာဆွေးနွေးပွဲ ပလက်ဖောင်းအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။