Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁(MICC-1)၊ ရန်အောင်မြင်ဆည်နှင့် ရွှေကြာပင်ရပ်ကွက် မြို့နယ်အားကစားကွင်းရှိ ရွေ့လျားယာယီဆေးရုံတို့အား သွားရောက်ကြည့်ရှုစစ်ဆေး

၂၀၂၅ ခုနှစ် ဧပြီလ ၉ ရက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် အနည်းငယ်ထိခိုက်ပျက်စီးခဲ့သည့် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1)၊ ရန်အောင်မြင်ဆည်တို့အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်း၌ ယာယီဖွင့်လှစ်ကုသပေးလျက်ရှိသည့် ယာယီဆေးရုံရှိလူနာများအား ယနေ့မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှုအားပေးစကားပြောကြားသည်။            

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် တာဝန်ရှိသူများလိုက်ပါပြီး ငလျင်ဒဏ်ကြောင့် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ပင်မအဆောက်အအုံအဝင် မျက်နှာကြက်ထိခိုက်ပျက်စီးမှုများ၊ ကျောက်စိမ်းခန်းမ၊ ပတ္တမြားခန်းမ၊ မြခန်းမတို့ မျက်နှာကြက်ပျက်စီးမှုများနှင့် အစည်းအဝေးခန်းမများ၊ နံရံများ အနည်းငယ်ကွဲအက်နေမှုနှင့် ပျက်စီးမှုအချို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

လိုအပ်သည်များမှာကြား

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်ဆည်သို့ ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ကုန်းချောတမံအက်ကွဲကြောင်းများအား ယာယီပြုပြင်ထားရှိမှု၊ အက်ကွဲကြောင်းများအတွင်း သဲနှင့်မြေသားဖြည့်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများနှင့် မြေသားစစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများက ရန်အောင်မြင်ဆည်ဆိုင်ရာ အချက်အလက်များနှင့် ဆည်တမံကြံ့ခိုင်မှုနှင့် ငလျင်ဒဏ်ကြောင့် အက်ကွဲကြောင်းများဖြစ်ပေါ်ခဲ့မှုတို့အား ရှင်းလင်းတင်ပြမှုအပေါ် နိုင်ငံတော်ဝန်ကြီးချုပ်က ထိခိုက်မှုရှိခဲ့သည့် ကုန်းချောတမံအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းကို မိုးရာသီမတိုင်မီ ပြီးစီးအောင် ဆောင်ရွက်သွားရန်၊ ရေဝေရေလဲသစ်တောများအား စိမ်းစိုသည်အထိ ဆောင်ရွက်သွားရန်၊ စိုက်ပျိုးထားသည့် သစ်ပင်များအား ရှင်သန်အောင် ပြုပြင်ထိန်းသိမ်းသွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။