သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရနှင့် အလှူရှင်တို့က ရာဂီမုန်တိုင်းတိုက်ခက်မှုကြောင့် ရေဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဂရုဏာအလှူတော်ငွေများ ပေးအပ်လှူဒါန်း
နေပြည်တော် စက်တင်ဘာ ၂၄
နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယ ဥက္ကဋ္ဌ ဂဏာဓိပတိ သောဠသမ ရွှေကျင်သာသနာပိုင်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ နှင့် အလှူရှင်တို့က ရာဂီတိုင်ဖွန်းမုန်တိုင်းတိုက်ခက်မှုကြောင့် ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် ဂရုဏာအလှူတော်ငွေများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ အမှူးပြုသော ဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကော်မတီ ဒုတိယဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ အမှူးပြုသော သံဃာတော်များနှင့် ဧည့်ပရိသတ်များက အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားရှိခိုး၍ ဖွင့်လှစ်ကြသည်။
ထို့နောက် ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသောရေဘေးကြောင့် သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့မှု အခြေအနေများ၊ ရှာဖွေကယ်ဆယ် ထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေများကို မှတ်တမ်းတင်ထားသည့် “သဘာဝဘေးအန္တရာယ်ကို ညီညွတ်မှုဖြင့် ရင်ဆိုင်ကျော်လွှားကြမည်” Video Clip နှင့် သာသာနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရေဘေးဒဏ်ခံခဲ့ရသည့် ဘုန်းတော်ကျောင်းများနှင့် သီလရှင်ကျောင်းများကို လှူဖွယ်ပစ္စည်းများ ထောက်ပံ့လှူဒါန်းမှု မှတ်တမ်းများကို ပြသသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက သီတဂူဆရာတော်ကြီးထံမှ ငါးပါး သီလခံယူဆောက်တည်ကြကာ သီတဂူဆရာတော်ကြီး အမှူးပြုသော ဆရာတော်ကြီးများက ဒုက္ခပ္ပတ္တာစ နိဒ္ဒုက္ခာ-ဂါထာနှင့် သဗ္ဗီတိယော ဝိဝဇ္ဇန္တု-ဂါထာတော်တို့ဖြင့် မေတ္တာပြုတော်မူကြသည်။
ဆက်လက်၍ သီတဂူဆရာတော်ကြီးက အလှူတော်ငွေပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ သံဝေဂကထာနှင့် ဩဝါဒကထာမြွက်ကြား ချီးမြှင့်တော်မူသည်။
ထို့နောက် အလှူငွေများပေးအပ်လှူဒါန်းရာ သီတဂူဆရာတော်ကြီး လှူဒါန်းသည့် အမေရိကန် ဒေါ်လာ ၁၀၀၀၀ ကို ဆရာတော်ဘုရားကိုယ်စား ကပ္ပိယကာရကမှ ပေးအပ်လှူဒါန်းရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က လက်ခံရယူပြီး အနုမောဒနာဂုဏ်ပြု မှတ်တမ်းလွှာကို ပြန်လည်ဆက်ကပ်သည်။
ယင်းနောက် ကွန်းခိုရာကုမ္ပဏီမိသားစုက အလှူတော်ငွေကျပ် သိန်း ၁၀၀၀ ကို ပေးအပ်လှူဒါန်းရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က လက်ခံရယူပြီး အနုမောဒနာဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ သီတဂူဆရာတော်ကြီးနှင့် သံဃာတော်များထံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဦးဆောင်သော ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အလှူငွေများ ပေးအပ်လှူဒါန်းမှုအပေါ် ကျေးဇူတင်ဝမ်းမြောက်စကား လျှောက်ထားရာတွင် ရာဂီတိုင်ဖွန်းမုန်တိုင်းနှင့် ဆက်စပ်ရေဘေးဖြစ်ပွားမှုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုရှိ မြို့နယ် ၅၄ မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ အဆောက်အအုံများနှင့် စာသင်ကျောင်းများတွင် ရေဝင်နစ်မြုပ်ခဲ့ပါကြောင်း၊ ထို့ပြင် လူဦးရေ ၁ သိန်း ၄ သောင်းကျော် ရေဘေးဒုက္ခရောက်ခဲ့ပြီး ယနေ့နံနက်ပိုင်းအထိ စာရင်းများ အရ ၄၁၉ ဦး သေဆုံးခဲ့ရပါကြောင်း၊ ဘာသာရေးနှင့်ပတ်သက်ပြီး ၂၅၃ ကျောင်းနှင့် လမ်းတံတား ၉၂၆ ခု ရေမျောပျက်စီးခဲ့သည့်အပြင် လျှပ်စစ်မီးတိုင်များ၊ ဆက်သွယ်ရေး တာဝါတိုင်များလည်း များစွာပျက်စီးခဲ့ပါကြောင်း၊ အလားတူ တိရစ္ဆာန် ၁ သိန်းကျော် သေဆုံးခဲ့ပြီး စပါးစိုက်ဧက ၇ သိန်း ၅ သောင်းကျော် ပျက်စီးဆုံးရှုံးခဲ့ပါကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ငွေကျပ် ဘီလီယံ ၃၀ သတ်မှတ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့ပြင် စက်တင်ဘာ ၂၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့သော အလှူငွေပေးအပ်ပွဲတွင် စေတနာရှင် အလှူရှင်များက ငွေကျပ် ၃၂ ဒသမ ၂ ဘီလီယံကျော်ကို ပေးအပ်လှူဒါန်းခဲ့ကြသဖြင့် လက်ခံရရှိခဲ့ကြောင်း၊ ထိုသို့လှူဒါန်းမှုသည် နိုင်ငံတော်အတွင်းတွင်ရှိကြသည့် စေတနာရှင်၊ အလှူရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ သဒ္ဒါတရားထက်သန်မှုကို တွေ့မြင်ရပါကြောင်း၊ အဆိုပါအလှူငွေများကိုလည်း သဘာဝဘေးဒဏ်များ ဖြစ်ပေါ်ခဲ့သည့်နေရာများ၌ အမြန်ဆုံး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရေဘေးသင့်ဒေသများ၌ ပိတ်ထားခဲ့ရသည့် စာသင်ကျောင်းများ အောက်တိုဘာလအတွင်း အမြန်ဆုံး ဖြစ်နိုင်သည့် နေရာမှန်သမျှ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ လိုအပ်သည်များကို စီမံဆောင်ရွက်လျက်ရှိပြီး ထိခိုက်ပျက်စီးခဲ့သည့် ပညာရေးအဆောက်အဦများကိုလည်း အမြန်ဆုံးပြန်လည်ပြင်ဆင်တည်ဆောက်ပေးနိုင်ရေး အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိကြောင်း။
ယခင်နှစ်က ဖြစ်ပေါ်ခဲ့သည့် မိုခါမုန်တိုင်းတိုတ်ခက်ပြီးချိန်တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအချို့၌ ရေလွှမ်းမိုးမှုများ ရှိခဲ့မှုအပေါ် နိုင်ငံတော်အကြီးအကဲ လမ်းညွှန်ချက်နှင့်အညီ ရေဝင်ရေထွက် ကောင်းမွန်စေရေး၊ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် စိမ်းလန်းစိုပြေရေးတို့အတွက် ရှေးဟောင်းရေကန်များ ပြန်လည်တူးဖော်ပေးခြင်း၊ ရေထုတ်စနစ်များ ဖော်ဆောင်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သောကြောင့် ယခုမိုးသည်းထန်စွာရွာသွန်းချိန်တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ထိခိုက်ပျက်စီးမှုနည်းခဲ့ခြင်းဖြစ်ကြောင်း၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန်ပေါင်း ၁၀၆ ကန် အနက် ရေကန် ၉၁ ကန်တို့ကို ပြန်လည်တူးဖော်ထိန်းသိမ်းခဲ့ရာ တူးဖော်ပြီး ၂၈ ကန် ဆောင်ရွက်ဆဲ ၉ ကန် ဆက်လက်တူးဖော်ထိန်းသိမ်းဆောင်ရွက်ဆဲ ရေကန် ၄၇ ကန် ဖြစ်ပြီး ရေကန်များကို ရဟန်းရှင်လူပြည်သူများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း။
ယခုကဲ့သို့ ရေကန်များ တူးဖော်ထိန်းသိမ်းခြင်း၊ ရေလမ်းကြောင်း ၃ ကြောင်း ဖော်ထုတ်တူးဖော်ခြင်းတို့ကြောင့် ရာဂီမုန်တိုင်းနှင့် ဆက်စပ်ရေဘေးဖြစ်ပွားမှုအန္တရာယ်မှ ကင်းလွတ်ခဲ့ပြီး ပုဂံရှေးဟောင်းဘုရားနှင့် သာသနိကအဆောက်အဦ (၁၁)ခု၌ ထိခိုက်ပျက်စီးမှု အနည်းငယ်သာ ပျက်စီးခဲ့ပါကြောင်း။
ရေကြီးရေလျှံဖြစ်ပွားခဲ့သည့် ဒေသများရှိ ရေဘေးသင့်ပြည်သူများကို သီတဂူဆရာတော်ကြီးအနေဖြင့် အမေရိကန်ဒေါ်လာ ၁၀၀၀၀ အား လည်းကောင်း၊ ကွန်းခိုရာကုမ္ပဏီမိသားစုက ငွေကျပ်သိန်း ၁၀၀၀ လှူဒါန်းသည့်အတွက်လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်း၊ ရေဘေးသင့်ပြည်သူများနှင့် ရဟန်းရှင်လူပြည်သူအပေါင်းတို့ကလည်း ဝမ်းမြောက်နုမော သာဓုခေါ်မည်သာ ဖြစ်ပါကြောင်း၊ ဆရာတော်ကြီးများ သက်တော်ရာကျော် ရှည်တော်မူပြီး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာစွာဖြင့် သာသနာပြုလုပ်ငန်းများ ဆထက်ထမ်းပိုးဆောင်ရွက်တော်မူနိုင်ပါစေကြောင်းနှင့် အလှူရှင်မိသားစုများလည်း ကျန်းမာချမ်းသာပါစေကြောင်းဖြင့် လျှောက်ထားတင်ပြသည်။
ယင်းနောက် သီတဂူဆရာတော်ကြီးထံမှ ရေစက်ချတရားနာယူကြရာ ဆရာတော်ဘုရားကြီးနှင့် ကွန်းခိုရာကုမ္ပဏီမိသားစုမှ လှူဒါန်းသည့် အလှူတော်ငွေများအပါအဝင် စက်တင်ဘာ ၂၁ ရက်တွင် လှူဒါန်းခဲ့ကြသည့် အလှူရှင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီး၌ လှူဒါန်းခဲ့ကြသည့် အလှူရှင်များ အပါအဝင် နိုင်ငံရပ်ခြားမှ အလှူရှင်များအတွက် ရည်ရွယ်လျက် ဂရုဏာအလှူတော်ကုသိုလ်အဖြစ်လည်းကောင်း၊ ရာဂိတိုင်ဖွန်းမုန်တိုင်းကာလအတွင်း သဘာဝဘေးအန္တရာယ်ကြောင့် မိုးရွာသွန်းမှု များပြားလျက် ရေကြီးရေလျှံတောင်ပြိုခြင်း ဒုက္ခဒဏ်ခံစားခဲ့ရပြီး အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသွားခဲ့ရသူများအပေါင်းတို့အား ကျွတ်လွတ်ပါစေခြင်းအကျိုးငှာ ဖိတ်ခေါ်လျက်လည်းကောင်း မေတ္တာပို့သခြင်း၊ သာဓုခေါ်ဆိုနိုင်စေခြင်းငှာ ရေစက်ချအမျှပေးဝေခြင်းများစသည့် ဂရုဏာအလှူတော် ကုသိုလ်ကောင်းမှုဆောင်ရွက်ပြီးနောက် ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကြကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
- Log in to post comments