Skip to main content

ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ Honorary Doctor of Public Administration (D.P.A. honoris causa) အပ်နှင်းခြင်းအခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် အမှတ်တရမိန့်ခွန်း

နေပြည်တော် ဖေဖော်ဝါရီ ၅

ယနေ့ကျင်းပပြုလုပ်တဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ အပ်နှင်းခြင်းအခမ်းအနားကို တက်ရောက်လာကြတဲ့ ရန်ကုန်တက္ကသိုလ်မှ သဟာယအဖွဲ့ဝင်များ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ ပါမောက္ခချုပ်များ၊ အထူးဖိတ်ကြားထားတဲ့ နိုင်ငံတကာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဂုဏ်ထူးဆောင်ပါမောက္ခဆရာကြီး၊ ဆရာမကြီးများ၊ ပါမောက္ခများ၊ ဖိတ်ကြားထားတဲ့ဧည့်သည်တော်များအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။

ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်အလာနဲ့အညီ ဒီဘွဲ့နှင်းသဘင်ခန်းမကြီးမှာ မိမိအား ဂုဏ်ထူးဆောင်ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ အပ်နှင်းတဲ့အတွက် ဝမ်းသာဂုဏ်ယူမဆုံးဖြစ်ရပါတယ်။ မိမိအတွက်သာမက၊ နိုင်ငံတော်ရဲ့အနာဂတ်ပညာရေးကဏ္ဍမြှင့်တင်မှုမှာ အလွန်ပဲအရေးပါတဲ့မှတ်တိုင်တစ်ခုအဖြစ် လေးနက်စွာခံယူမိပါတယ်။ ဒါ့အပြင် မိမိအနေနဲ့ဂုဏ်ထူးဆောင်ပါရဂူဘွဲ့နဲ့အတူ အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးမှာ ပိုမိုတာဝန်ရှိလာတယ်လို့ ခံယူမိပါတယ်။ အနာဂတ်ခရီးလမ်းအတွက် ခွန်အားတစ်ခုလည်း ဖြစ်ပါတယ်။

၁၉၂၁ ခုနှစ် ကနေ ၂၀၂၀ ပြည့်နှစ်အထိ ဒီဘွဲ့နှင်းသဘင်ခန်းမထဲမှာ ရဟန်းတော်များ၊ နိုင်ငံရပ်ခြားမှခေါင်းဆောင်များ၊ လူပုဂ္ဂိုလ်များအပါအဝင် စုစုပေါင်း ၇၂ ဦးအား ဂုဏ်ထူးဆောင်ဘွဲ့ အမျိုးမျိုးချီးမြှင့်ခဲ့ပြီး ချီးမြှင့်ခဲ့တဲ့ဘွဲ့တွေဟာ ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့၊ ဂုဏ်ထူးဆောင်ဥပဒေပါရဂူဘွဲ့တွေ ဖြစ်တယ်ဆိုတာသိရပါတယ်။ ရဟန်းသံဃာများဖြစ်တဲ့ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီလာနန္ဒာဘိဝံသ၊ ဘဒ္ဒန္တမာရာဘိဝံသနှင့် ဘဒ္ဒန္တဉာဏိဿရတို့အား ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ကို ချီးမြှင့်ခဲ့ပြီး နိုင်ငံတကာခေါင်းဆောင်များဖြစ်တဲ့ ယူဂိုဆလားဗီးယားသမ္မတ မာရှယ်တီးတိုးနဲ့ ဗီယက်နမ်သမ္မတ ဟိုချီမင်းတို့အား ဂုဏ်ထူးဆောင်ဥပဒေပါရဂူဘွဲ့တွေ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

ယခု ၂၀၂၆ ခုနှစ်မှာ ၁၀၆ နှစ်ပြည့်မြောက်ပြီဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်ကြီးက ကျွန်တော့်ကိုပထမဆုံးသော ဂုဏ်ထူးဆောင်ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ အပ်နှင်းခြင်းခံရတဲ့အတွက် အထူးပင်ဂုဏ်ယူဝမ်းမြောက်ရပါတယ်။ မိမိအနေနဲ့ ဒီတက္ကသိုလ်ကြီးမှာ ၁၉၇၂-၇၃ ခုနှစ်ကာလက ဥပဒေပညာဘာသာအဓိကသင်ယူခဲ့တာကို အမှတ်ရနေပါတယ်။

၁၉၇၂ ခုနှစ်၊ ပထမနှစ်သင်တန်းတက်စဉ်က ရာမညဆောင်မှာဖြစ်ပြီး ဒုတိယနှစ်မှာတော့ ဝိဇ္ဇာ(ဌာန)ဘက်မှာ တက်ရပြီး ၁၉၇၄ ခုနှစ်၊ ဇန်နဝါရီလမှ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းကို ပြောင်းရွှေ့တက်ခဲ့တာဖြစ်ပါတယ်။ စိမ်းလန်းစိုပြည်သာယာ လှပတဲ့ကံ့ကော်ပင်များ၊ စေတနာအပြည့်ခွန်အားစိုက်ထုတ်ပြီးသင်ကြားပေးတဲ့ ဆရာ၊ ဆရာမများ၊ ကျောင်းတက်ဖော်များနဲ့ တက္ကသိုလ် စာကြည့်တိုက်ကြီးကိုလည်း သတိတရ ရှိပါတယ်။ အလားတူပဲ အမှတ်(၁)တက္ကသိုလ်လေ့ကျင့်ရေးအရံတပ် (No.1 U.T.C) မှာ သင်တန်းသားတပ်ဖွဲ့ဝင်အနေနဲ့ ၁၉၇၂-၇၃ ကာလများအတွင်း တပ်မတော်သားဘဝအစပျိုးခဲ့ရတာလည်း သတိရမိပါတယ်။

၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁ ရက်မှာ စတင်တည်ထောင်ခဲ့တဲ့ ရာပြည့်ကျော်လာတဲ့ ရန်ကုန်တက္ကသိုလ်ကြီးဟာ နိုင်ငံတော်ရဲ့ သမိုင်းအစဉ်အလာကောင်းတဲ့၊ အဖိုးမဖြတ်နိုင်တဲ့ ပညာရေးအမွေအနှစ်တစ်ခုဖြစ်ပါတယ်။ သမိုင်းတစ်လျှောက်မှာ ရန်ကုန်တက္ကသိုလ်ဟာ အရှေ့တောင်အာရှရဲ့ အဆင့်မြင့်ဆုံးနဲ့ ဂုဏ်အရှိဆုံးတက္ကသိုလ်တစ်ခုအဖြစ် ထင်ရှားကျော်ကြားခဲ့တာ ဖြစ်ပါတယ်။ ပညာရပ်ဆိုင်ရာသာမကဘဲ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းရဲ့ သန္ဓေတည်ရာနဲ့ မျိုးချစ်စိတ်ဓာတ်တွေ ရှင်သန်ထက်မြက်ရာနေရာတစ်ခုလည်းဖြစ်ခဲ့သလို နိုင်ငံ့ခေါင်းဆောင်များစွာကိုမွေးထုတ်ပေးခဲ့တဲ့ တက္ကသိုလ်ကြီးလည်းဖြစ်ပါတယ်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတစ်လျှောက် ထင်ရှားခဲ့တဲ့ ခေါင်းဆောင်ကြီးများနှင့် ပညာရှင်ကြီးတွေဟာ ရန်ကုန်တက္ကသိုလ်ကြီးက မွေးထုတ်ပေးလိုက်တဲ့ ပညာရတနာတွေပဲ ဖြစ်ပါတယ်။

ထို့အတူ နိုင်ငံတော်ရဲ့အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးကဏ္ဍအသီးသီးမှ အသိပညာ၊ အတတ်ပညာရှင်တွေကလည်း မိခင်တက္ကသိုလ်ရဲ့ လေ့ကျင့်သင်ကြားပေးမှုတွေနဲ့အတူ နိုင်ငံတော်ရဲ့တာဝန်တွေကို ကျရာကဏ္ဍကနေ ကျေပွန်စွာထမ်းဆောင်နေကြတာဖြစ်ပါတယ်။

တက်ရောက်လာကြသော ဧည့်သည်တော်များခင်ဗျာ

နိုင်ငံတော်တည်ဆောက်ရေးကဏ္ဍမှာ ခိုင်မာတဲ့အခြေခံအဆောက်အအုံတွေ တည်ဆောက်ခြင်းဟာ အရေးကြီးသလို၊ ပိုမိုခိုင်မာတဲ့ “အသိပညာ အဆောက်အအုံ” တွေကို တည်ဆောက်ရေးက ပိုမိုအရေးကြီးတယ်လို့ ခံယူတာဖြစ်လို့ မိမိတာဝန်ယူတဲ့ကာလမှာ ပညာရေးကို အထူးအလေးထားလျက် မျိုးဆက်သစ်လူ့စွမ်းအားအရင်းအမြစ်ကောင်းတွေ မွေးထုတ်နိုင်ဖို့ ထိရောက်တဲ့ သင်ကြားသင်ယူမှုရရှိစေရေး လိုအပ်တဲ့ဆရာအင်အားကို မွေးထုတ်ပေးနိုင်ဖို့ မူဝါဒတွေလမ်းညွှန်ခဲ့ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံတော်ရဲ့တာဝန်ကို စတင်တာဝန်ယူခဲ့ရတဲ့အချိန်ဟာ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါဘေးနဲ့အတူ ပြည်တွင်းမှာလည်း နိုင်ငံရေးအရ မတည်ငြိမ်မှုတွေ၊ နှောင့်ယှက်ဖျက်ဆီးမှုတွေ ပြင်းထန်နေတဲ့ ကာလဖြစ်ပါတယ်။ ဒီလို ခက်ခဲတဲ့ စိန်ခေါ်မှုတွေကြားကနေ မိမိတို့အနေနဲ့ နိုင်ငံတော်တည်ဆောက်ရေးမှာ ပညာရေးဟာ မဆိုင်းမတွလုပ်ဆောင်ရမယ့်လုပ်ငန်းလို့ ခိုင်ခိုင်မာမာခံယူပြီး ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပညာသင်ယူခွင့်အခွင့်အလမ်းတွေ မဆုံးရှုံးစေဖို့ အခြေခံပညာကျောင်းတွေကစလို့ တက္ကသိုလ်၊ ကောလိပ်တွေအထိ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်အောင် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

အချို့အဖျက်အမှောင့် လုပ်ဆောင်သူတွေဟာ မျိုးဆက်သစ်လူငယ်တွေရဲ့ အနာဂတ်ကိုဖျက်ဆီးဖို့ ပညာရေးကဏ္ဍကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြတာ အားလုံးအသိပဲဖြစ်ပါတယ်။ ကျောင်းတွေကို ပိတ်ခိုင်းတာ၊ ဆရာ၊ ဆရာမတွေကို DCS ပြုလုပ်ဖို့ ဖိအားပေးတာနဲ့ကျောင်းသားတွေကို ခြိမ်းခြောက်တာတွေရှိခဲ့ပေမယ့် နိုင်ငံတော်အစိုးရအနေနဲ့ ပညာရေးယန္တရားရပ်တန့်မသွားစေဖို့ လုံခြုံရေးနဲ့စီမံခန့်ခွဲမှုတွေကို အထူးဦးစားပေးဆောင်ရွက်ခဲ့ပါတယ်။ ပညာသင်ကြားရေးဟာ နိုင်ငံရေးရဲ့ ဓားစာခံ ဘယ်တော့မှမဖြစ်စေရဘူးဆိုတဲ့ ခိုင်မာတဲ့ရပ်တည်ချက်နဲ့ မိမိတို့လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ သစ္စာရှိပညာရေးဝန်ထမ်းအသီးသီးကလည်း မိမိတို့ရဲ့တပည့်များပညာအဆက်မပြတ်စေဖို့ စွန့်လွှတ်စွန့်စားစွာနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့လို့သာ လက်ရှိအခြေအနေကို ရောက်ရှိလာခြင်းဖြစ်ပါတယ်။ ဒီအတွက်လည်း ကျေးဇူးတင်ဝမ်းမြောက်ဂုဏ်ယူရပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်မှုအနိမ့်အမြင့်ဟာ အဲဒီနိုင်ငံမှာရှိတဲ့ နိုင်ငံသားတွေရဲ့ ပညာအရည်အသွေးပေါ်မှာပဲ တိုက်ရိုက်မူတည်နေတာ ဖြစ်ပါတယ်။ ပညာရေးဟာ မိမိတို့ တိုင်းရင်းသားပြည်သူတွေရဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းကိုမြှင့်တင်ပေးပြီး၊ မတူကွဲပြားမှုတွေကြားကနေ စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ပေးနိုင်တဲ့ တစ်ခုတည်းသော စွမ်းအားစုလည်း ဖြစ်ပါတယ်။

စစ်မှန်ပြီးစည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီး ပေါ်ထွန်းလာဖို့ဆိုတာ နိုင်ငံတစ်ဝန်းမှာ အသိပညာ၊ အတတ်ပညာနဲ့ပြည့်စုံတဲ့ နိုင်ငံသားတွေရှိဖို့က အဓိကလိုအပ်ချက်ပဲဖြစ်ပါတယ်။ ပညာရေးကို အားပေးမြှင့်တင်တာဟာ နိုင်ငံတော်ရဲ့အနာဂတ်အတွက် “အမြတ်စွန်းဆုံးသော ရင်းနှီးမြှုပ်နှံမှု” ဖြစ်ပါတယ်။ ယနေ့အပ်နှင်းတဲ့ ဂုဏ်ထူးဆောင်ဘွဲ့ကို အသိအမှတ်ပြုခြင်းအားဖြင့် နောင်လာမယ့် အနာဂတ်ကာလတွေမှာလည်း မြန်မာ့ပညာရေးကဏ္ဍ ပိုမိုမြင့်မားတိုးတက်စေဖို့နဲ့ ပညာတတ်တွေ ပေါကြွယ်ဝတဲ့ နိုင်ငံတော်ကြီးဖြစ်လာစေဖို့ ကျွန်တော့်အနေနဲ့ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ကမ္ဘာ့မြေပေါ်မှာ သယံဇာတအလွန်ရှားပါးပေမယ့် ပညာရေးကို အရင်းတည်ပြီး ကမ္ဘာ့ထိပ်တန်းစီးပွားရေးအင်အားကြီးနိုင်ငံတွေ ဖြစ်လာခဲ့တဲ့ သာဓကတွေကို အလေးအနက် သတိပြုကြရမှာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ပြာပုံဘဝကနေ ပြန်လည်ရုန်းထခဲ့ရတဲ့ ဂျပန်နိုင်ငံနဲ့ ပြည်တွင်းစစ်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရတဲ့ တောင်ကိုရီးယားနိုင်ငံတို့ရဲ့ တိုးတက်ပြောင်းလဲမှုဖြစ်စဉ်တွေကို ကြည့်မယ်ဆိုရင် သဘာဝသယံဇာတထက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိုသာ အမျိုးသားရေးမဟာဗျူဟာအဖြစ် အလေးထားချမှတ်ခဲ့ကြတာကို တွေ့ရပါမယ်။ ဒါဟာနိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်ဖွံ့ဖြိုးမှုဆိုတာ မြေပေါ်မြေအောက်သယံဇာတတွေထက် နိုင်ငံသားတွေရဲ့ အသိပညာ၊ အတတ်ပညာ အရည်အသွေးပေါ်မှာပဲ တိုက်ရိုက်အချိုးကျ တည်မှီနေတယ်ဆိုတာကို အထင်အရှား သက်သေပြနေတာပဲဖြစ်ပါတယ်။

နိုင်ငံတော်က ပညာရေးကဏ္ဍအတွက် ဘဏ္ဍာငွေတိုးမြှင့်ချထားပေးတာ၊ ကျောင်းတွေအဆင့်မြှင့်တာနဲ့ ဆရာ၊ ဆရာမတွေရဲ့ အရည်အသွေးကိုမြှင့်တင်ပေးနေတာတွေဟာ နောင်လာမယ့်ဆယ်စုနှစ်တွေမှာရရှိလာမယ့် နိုင်ငံ့အင်အားအတွက် အခြေခံအုတ်မြစ်ချပေးနေခြင်းပဲဖြစ်ပါတယ်။ မိမိတို့အားလုံးဟာ ပညာရေးကိုအခြေခံပြီး နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတဲ့နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်မှာ ဝင့်ထည်စွာရပ်တည်နိုင်အောင် မဆုတ်မနစ်တဲ့ဇွဲ၊ လုံ့လတွေနဲ့ ဆက်လက်ကြိုးပမ်းသွားကြရမှာဖြစ်ပါတယ်။

မိမိတို့အနေနဲ့ တိုင်းရင်းသားဒေသတွေမှာ ပညာရေးကွာဟမှုမရှိစေဖို့ ဝေးလံခေါင်ဖျားတဲ့ဒေသတွေအထိ ကျောင်းတွေပြန်ဖွင့်တာနဲ့ ဆရာ၊ ဆရာမတွေ ဖြည့်ဆည်းပေးတာကို ဦးစားပေး လုပ်ဆောင်ခဲ့ပါတယ်။ ဒါဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ဖို့အတွက် ပညာရေးနဲ့ရင်းနှီးမြှုပ်နှံခြင်းပဲဖြစ်ပါတယ်။ ဝေးလံခေါင်ဖျားတဲ့ဒေသအချို့နဲ့ လုံခြုံရေးအရ ထိရှလွယ်တဲ့နေရာတွေမှာ ကလေးငယ်များ ပညာသင်ကြားခွင့်အနှောင့်အယှက် ဖြစ်နေရတာကို မိမိတို့ အထူးဂရုပြုလျက်ရှိပါတယ်။ ၂၀၂၁ ခုနှစ်မှာစတင်ကြုံတွေ့ခဲ့ရတဲ့ ကြီးမားတဲ့ ဆရာ၊ ဆရာမလျော့နည်းမှု အခက်အခဲများကြားက နိုင်ငံတော်အနေနဲ့ “ကျောင်းသားရှိလျှင် ဆရာရှိရမည်၊ ကျောင်းရှိလျှင် ဆရာရှိရမည်” ဆိုတဲ့မူဝါဒကို ခိုင်ခိုင်မာမာကိုင်စွဲပြီး လုံခြုံရေးနဲ့သင်ကြားရေးယန္တရားများကို အစွမ်းကုန်ဖြည့်ဆည်းပေးလျက်ရှိပါတယ်။ ဆရာ၊ ဆရာမလိုအပ်ချက်ရှိတဲ့ ဒေသတွေမှာလည်း ဒေသခံလူငယ်တွေကိုဆရာအတတ်ပညာသင်တန်းများပေးပြီး ပြန်လည်ခန့်အပ်ခြင်းဖြင့် ပညာရည်ကွာဟမှုကို လျှော့ချနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။

မိမိတို့အနေနဲ့ အနာဂတ်မှာလျှောက်လှမ်းမယ့် ပညာရေးရည်မှန်းချက်ကတော့ “အရည်အသွေးရှိသော ပညာရေးမှသည် နိုင်ငံတော်၏အင်အားသို့” ဆိုတဲ့ ဦးတည်ချက်နဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အရှိန်အဟုန်မြှင့်လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။ ယနေ့ကမ္ဘာ့ဖွံ့ဖြိုးပြီး နိုင်ငံအများစုကို လေ့လာကြည့်ရင် ဒေသအလိုက် အရင်းအမြစ်တွေအပေါ် အခြေခံတဲ့ သက်မွေးပညာရပ်တွေကို အားပေးတာဟာ အလုပ်လက်မဲ့နှုန်းကိုလျှော့ချပေးနိုင်ရုံသာမကဘဲ၊ ဒေသတွင်းကုန်ထုတ်လုပ်မှုနဲ့ စီးပွားရေးကိုပါ ဟန်ချက်ညီညီမြှင့်တင်ပေးနိုင်ခဲ့တာတွေ့ရမှာဖြစ်ပါတယ်။ စိုက်ပျိုးရေးနဲ့ မွေးမြူရေးအခြေခံတဲ့ နိုင်ငံဖြစ်တဲ့ မိမိတို့နိုင်ငံအနေနဲ့လည်း အဲဒီလိုအောင်မြင်တဲ့ စံနမူနာတွေကိုလေ့လာပြီး နိုင်ငံတော်ကချမှတ်ထားတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ စက်မှုနည်းပညာဆိုင်ရာမူဝါဒဟာ ဒေသအလိုက် ကုန်ထုတ်လုပ်မှုအားကောင်းစေပြီး ပြည်တွင်းစီးပွားရေးကို အခြေခံကစတင်ပြီး မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။

အကျိုးဆက်အနေနဲ့ လူငယ်တွေအလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိလာမှာဖြစ်တယ်။ စက်မှု၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဆိုင်ရာ သိပ္ပံကျောင်းများကို တိုးချဲ့ဖွင့်လှစ်ပေးခြင်းဟာ အခြေခံပညာပြီးဆုံးပြီးတဲ့အခါ တက္ကသိုလ်ဆက်မတက်နိုင်သူတွေအတွက် ဘဝရပ်တည်နိုင်မယ့် အတတ်ပညာတစ်ခုပိုင်ဆိုင်စေဖို့နဲ့ နိုင်ငံတော်ရဲ့ကုန်ထုတ်လုပ်မှုကဏ္ဍအတွက် ကျွမ်းကျင်လုပ်သားတွေ ဖြည့်ဆည်းပေးဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

ဧည့်သည်တော်များခင်ဗျာ

သိပ္ပံနဲ့နည်းပညာကဏ္ဍကို နိုင်ငံတော်ရဲ့အနာဂတ်အင်အားအဖြစ် ရှုမြင်ပြီး နည်းပညာနဲ့ကွန်ပျူတာတက္ကသိုလ်တွေရဲ့ အရည်အသွေးကို အရှိန်အဟုန်မြှင့်တင်ပေးခဲ့ပါတယ်။ အထူးသဖြင့် နေပြည်တော်မှာ ကမ္ဘာ့အဆင့်မီ Naypyitaw State Academy နှင့် Naypyitaw Polytechnic University တို့ကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုစီမှာလည်း Polytechnic University တွေကို တည်ထောင်ခဲ့တာဟာ နိုင်ငံတော်အတွက်လိုအပ်နေတဲ့ အဆင့်မြင့်အင်ဂျင်နီယာတွေနဲ့ သုတေသနပညာရှင်တွေ မွေးထုတ်ပေးဖို့ ကြီးမားတဲ့ ခြေလှမ်းတစ်ရပ်ပဲဖြစ်ပါတယ်။

ဒါ့အပြင် ပညာရေးအရည်အသွေးမြင့်မားစေဖို့ ဆရာ၊ ဆရာမတွေရဲ့ အရည်အချင်းဟာ အဓိကကျတဲ့အတွက် ပညာရေးတက္ကသိုလ်နဲ့ ပညာရေးဒီဂရီကောလိပ်တွေကို အဆင့်မြှင့်တင်ပေးလျက်ရှိပါတယ်။ ဆရာ၊ ဆရာမတွေအနေနဲ့ ခေတ်မီနည်းစနစ်တွေကို တတ်မြောက်ရုံသာမက နိုင်ငံချစ်စိတ်နဲ့ ကိုယ်ကျင့်တရားကောင်းမွန်တဲ့ မျိုးဆက်သစ်တွေကို ပျိုးထောင်ပေးနိုင်ဖို့ နိုင်ငံတော်မှာတာဝန်ရှိတဲ့အတွက် လိုအပ်တဲ့မူဝါဒပိုင်းနဲ့ လူမှုစီးပွားဆိုင်ရာပံ့ပိုးမှုတွေကို အစဉ်တစိုက် ဖြည့်ဆည်းပေးသွားမှာ ဖြစ်ပါတယ်။

ပညာရေးကဏ္ဍမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ပညာရှင်တွေ၊ ဆရာ၊ ဆရာမတွေနဲ့ စီမံခန့်ခွဲသူတွေအားလုံးကို တိုက်တွန်းလိုတာတစ်ခုကတော့ ပညာရေးဆိုတာဟာ စာသင်ခန်းထဲတွင်သာရှိတာမဟုတ်ဘဲ နိုင်ငံတော်၏အနာဂတ်ကံကြမ္မာကို ဆောက်တည်ပေးနေတဲ့ အခြေခံအုတ်မြစ်ဖြစ်တယ်ဆိုတာကို အမြဲ နှလုံးသွင်းထားကြဖို့ဖြစ်ပါတယ်။ မိမိတို့ချမှတ်ထားတဲ့ မူဝါဒများနဲ့ ရှေ့လုပ်ငန်းစဉ်တွေဟာ စာရွက်ပေါ်မှာသာရှိမနေဘဲ မြေပြင်မှာ လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် သင်ကြားရေးစနစ်တွေကို ခေတ်နဲ့အညီပြောင်းလဲရာမှာ ဆရာ၊ ဆရာမများရဲ့ ဦးဆောင်မှုကဏ္ဍဟာ အလွန်အရေးကြီးပါတယ်။ တက္ကသိုလ်တွေဟာ နိုင်ငံတော်အတွက် ဆန်းသစ်တီထွင်မှုတွေကို ဖန်တီးပေးရာနေရာတွေ ဖြစ်လာရမှာဖြစ်ပါတယ်။ ဒါကြောင့် တက္ကသိုလ်တွေရဲ့ပညာရေးမူဝါဒမှာ သုတေသနအခြေပြုတက္ကသိုလ်များဖြစ်လာစေရေးကို အလေးထားဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တက္ကသိုလ်များနဲ့ကောလိပ်များအနေနဲ့ မိမိတို့ရဲ့ဘာသာရပ်ဆိုင်ရာ သုတေသနများကို နိုင်ငံတော်ရဲ့ ပကတိလိုအပ်ချက်များနှင့်ချိတ်ဆက်ရန် တိုက်တွန်းလိုပါတယ်။

ဆရာ၊ ဆရာမတွေအနေနဲ့လည်း တပည့်တွေကို အသိပညာ၊ အတတ်ပညာသင်ကြားပေးရုံသာမက မျိုးချစ်စိတ်နဲ့ စည်းကမ်းကောင်းမွန်တဲ့စိတ်ဓာတ်များ ကိန်းအောင်းလာစေဖို့ စံနမူနာပြ လုပ်ဆောင်ပျိုးထောင်ပေးကြရမှာဖြစ်ပါတယ်။ ဆရာ၊ တပည့် တက်ညီလက်ညီကြိုးပမ်းဆောင်ရွက်ကြမယ်ဆိုရင် ဗလငါးတန်နဲ့ပြည့်စုံတဲ့လူငယ်တွေ ပေါ်ထွန်းလာမှာဖြစ်ပြီး လူသားအရင်းအမြစ်ကောင်းများအဖြစ် နိုင်ငံတော်ကိုအကျိုးပြုနိုင်မှာဖြစ်ပါတယ်။

မိမိတို့ဆောင်ရွက်ခဲ့တဲ့ ဒီပြုပြင်ပြောင်းလဲမှုတွေဟာ နောင်လာမယ့် နှစ်ပေါင်းများစွာတိုင်အောင် နိုင်ငံတော်ရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ကောင်းတွေဖြစ်လာမှာပါ။ မိမိကိုအပ်နှင်းတဲ့ ဂုဏ်ထူးဆောင်ဘွဲ့နဲ့အညီ နိုင်ငံတော်အနေနဲ့ ပညာရေးကိုခေတ်မီဖွံ့ဖြိုးတိုးတက်စေဖို့ အမျိုးသားရေးဦးတည်ချက်အဖြစ် ဆက်လက်ပြီး အရှိန်အဟုန်မပျက် အားပေးကူညီသွားမယ်လို့ပြောကြားလိုပါတယ်။

ကျွန်တော့်အနေနဲ့ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ ကျောင်းသားဟောင်းတစ်ယောက်ဖြစ်တယ်လို့ အမြဲခံယူပြီး တက္ကသိုလ်ကြီးရဲ့ အတိတ်ဂုဏ်ရည်ကို ပြန်လည်ဖော်ဆောင်ပြီး ကမ္ဘာ့အဆင့်မီ တက္ကသိုလ်တစ်ခုဖြစ်လာစေဖို့ ဘက်ပေါင်းစုံကနေ အဆင့်မြှင့်တင်မှုတွေဆက်လက်ပံ့ပိုး ကူညီပေးသွားမှာဖြစ်ပါတယ်။ တက္ကသိုလ်ကြီးရဲ့ သမိုင်းဝင်အဆောက်အအုံတွေကိုထိန်းသိမ်းရုံတင်မကဘဲ သင်ကြားရေးနဲ့သုတေသနကဏ္ဍတွေမှာလည်း နိုင်ငံတကာစံနှုန်းတွေနဲ့အညီဖြစ်စေဖို့ ကြိုးပမ်းနေတာဟာ နောင်လာမယ့်မျိုးဆက်သစ်တွေအတွက် ဂုဏ်ယူဖွယ်ရာ ပညာရေးပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးလိုခြင်းပဲဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ကြီးဟာ နောင်နှစ်ပေါင်းများစွာတိုင်အောင် နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်တဲ့ လူသားအရင်းအမြစ်တွေကို ဆက်လက်မွေးထုတ်ပေးနေမယ့် အသိပညာရဲ့ အလင်းတိုင်ကြီး အဖြစ် ဆက်လက်တည်ရှိနေရမှာဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ယနေ့ မိမိအားအပ်နှင်းလိုက်တဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ဟာ မိမိတစ်ဦးတည်းအတွက်မဟုတ်ဘဲ နိုင်ငံတော်ရဲ့ ပညာရေးကဏ္ဍမြှင့်တင်ဖို့အတွက် အားသွန်ခွန်စိုက်ကြိုးပမ်းနေကြတဲ့ ဆရာ၊ ဆရာမတွေနဲ့ ပညာရေးဝန်ထမ်းအားလုံးအတွက်လို့ ထင်မြင်မိပါတယ်။ ဤဂုဏ်ထူးဆောင်ဘွဲ့ကို ကိုယ်ပိုင်အောင်မြင်မှုတစ်ခုအဖြစ် မခံယူဘဲ နိုင်ငံအတွက် ပိုမိုတာဝန်ယူရမယ့် အခန်းကဏ္ဍအသစ်တစ်ရပ်အဖြစ်ခံယူပါတယ်။ နိုင်ငံတော်နဲ့ပြည်သူ့အတွက် ပညာရေးတာဝန်တွေကို ယခုထက် ပိုမိုထမ်းဆောင်ဖို့ ခွန်အားသစ်တွေကို ပေးစွမ်းစေပါတယ်။ မိမိတို့အားလုံး စည်းစည်းလုံးလုံးနဲ့ပညာရေးကိုအခြေခံပြီး နိုင်ငံတော်ကို တည်ဆောက်ကြမယ်ဆိုရင် မဝေးတော့တဲ့အနာဂတ်မှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့အလယ်မှာ တင့်တယ်ဝင့်ထည်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာမှာအမှန်ပဲဖြစ်ပါတယ်။ မိမိအနေနဲ့နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့အနာဂတ်ကို ပိုမိုတောက်ပခိုင်မာပြီး ပြည်သူတွေရဲ့ မျှော်လင့်ချက်ပြည့်ဝစေဖို့ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောကြားလိုပါတယ်။ ရန်ကုန်တက္ကသိုလ်ရဲ့ အဓိပတိဖြစ်တဲ့ ပါမောက္ခချုပ်နဲ့ သဟာယလူကြီးများအားလုံးကို ဤဂုဏ်ပြုမှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။