Skip to main content

ရန်ကုန်တက္ကသိုလ် အထူးဘွဲ့နှင်းသဘင်ညစာစားပွဲကျင်းပ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ချီးမြှင့်

နေပြည်တော် ဖေဖော်ဝါရီ ၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ Honorary Doctor of Public Administration (D.P.A. honoris causa)ဘွဲ့အပ်နှင်းခြင်း ရန်ကုန်တက္ကသိုလ် အထူးဘွဲ့နှင်းသဘင် အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်၊ အထူးဖိတ်ကြားထားသည့် နိုင်ငံတကာ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဂုဏ်ထူးဆောင်ပါမောက္ခ ဆရာကြီး ဆရာမကြီးများ၊ ပါမောက္ခများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများသည် ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။

ညစာသုံးဆောင်နေစဉ်အတွင်း ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)တို့မှ ကျောင်းသား ကျောင်းသူများနှင့် နိုင်ငံကျော်တေးသံရှင်များက တေးသရုပ်ဖော်များ၊ တေးသီချင်းများ၊ အကအလှများဖြင့် သီဆိုတီးမှုတ်ကပြ ဖျော်ဖြေတင်ဆက်ကြသည်။

ညစာ သုံးဆောင်အပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Russian Presidential Academy of National Economy and Public Administration, St. Petersburg မှ Director/Principal ဖြစ်သူ Prof. Andrey Dragomirovich KHLUTKOV နှင့် Altai State Pedagogical University ၏ First Vice-Rector ဖြစ်သူ Prof. Kaigorodov Evgeny Vikorovich တို့က ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီးတို့က သီဆိုဖျော်ဖြေခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။