ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သော ဒေသများတွင် သေဆုံးခဲ့သော ဒေသခံပြည်သူများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများ ပေးအပ်မည်ဖြစ်
နေပြည်တော် စက်တင်ဘာ ၁၈
နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မိုးအဆက်မပြတ် ရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့မှုကြောင့် ချောင်းရေနှင့်မြစ်ရေများ အဆက်မပြတ် မြင့်တက်လာမှုနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၅၆ မြို့နယ်မှ ရပ်ကွက်၊ ကျေးရွာများတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး လမ်း၊ တံတားအချို့ ရေတိုက်စားပျက်စီးခြင်း၊ လူနေအိမ်၊ ရုံး/ဌာနအဆောက်အဦ၊ စာသင်ကျောင်း၊ အခြားအဆောက်အဦများအား ရေဝင်နစ်မြှုပ်ခြင်း၊ ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။
ထိုကဲ့သို့ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သော မြို့နယ် ၅၆ မြို့နယ်မှ ရပ်ကွက်၊ ကျေးရွာတို့တွင် ယနေ့နံနက် ၉ နာရီအထိ ကောက်ယူရရှိသော စာရင်းများအရ ပြည်သူ ၂၆၈ ဦး သေဆုံးခဲ့ပြီး ၈၈ ဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရှိရသည်။ ထိုသို့ သဘာဝဘေးဒဏ်ကြောင့် သေဆုံးခဲ့သည့်ပြည်သူများကို တစ်ဦးလျှင် နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ၅ သိန်းကျပ်နှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ၃ သိန်းကျပ်၊ စုစုပေါင်း ၈ သိန်းကျပ်ကို ကျန်ရစ်သူမိသားစုထံသို့ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များကလည်း သီးခြားထပ်ဆောင်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထုတ်ပြန်ထားသည်။
ထို့ပြင် ထိခိုက်ဒဏ်ရာ ခံစားခဲ့ရမှုအခြေအနေနှင့် အိုးအိမ်များပျက်စီးဆုံးရှုံးရမှု အခြေအနေများအပေါ်မူတည်ကာ လိုအပ်သည့် ထောက်ပံ့ကူညီမှုများကို ဆက်လက်ဆောင်ရွက်ပေးသွားရန် စီစဉ်ထားရှိကြောင်း သတင်းရရှိသည်။
- Log in to post comments