ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး H. E. Mr. Sergey SHOIGU ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
နေပြည်တော် ဖေဖော်ဝါရီ ၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး H. E. Mr. Sergey SHOIGU ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး H. E. Mr. Iskander Azizov နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံဆွေးနွေးစဉ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အဆွေတော် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူးနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များအားလုံးကို လှိုက်လှဲနွေးထွေးစွာကြိုဆိုပါကြောင်း၊ မိမိတို့အနေဖြင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစ၍ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်း(၃)ပိုင်းခွဲ၍ ကျင်းပပြုလုပ်ခဲ့ပြီး အောင်မြင်စွာကျင်းပနိုင်ခဲ့ပါကြောင်း၊ ယနေ့တွင် ရွေးကောက်ခံရသူ ကိုယ်စားလှယ်များ၏အမည်စာရင်းအား နောက်ဆုံးထုတ်ပြန်သွားမည်ဖြစ်ပြီး မတ်လတတိယပတ်အတွင်း လွှတ်တော်အစည်းအဝေးခေါ်ယူသွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြီးစီးသည့်အချိန်၌ အဆွေတော်၏ ခရီးစဉ်ရောက်ရှိလာမှုမှာလည်း ထူးခြားလေးနက်မှုရှိပါကြောင်း၊ အဆွေတော်၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း ဦးစွာနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူးက ဆွေးနွေးပြောကြားရာတွင် မိမိနှင့်ကိုယ်စားလှယ်အဖွဲ့ဝင်များအားလုံးကို နွေးထွေးစွာကြိုဆိုမှုနှင့် တွေ့ဆုံခွင့်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H. E. Vladimir Vladimirovich Putin က အဆွေတော်တို့နိုင်ငံတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့မှုအတွက် ပေးပို့လိုက်သည့် ဂုဏ်ပြုသဝဏ်လွှာအား လက်ရောက်ပေးအပ်လိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အခက်အခဲများကြားမှ ယခုကဲ့သို့ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့မှုအပေါ်တွင် မိမိတို့ရုရှားနိုင်ငံအနေဖြင့် အသိအမှတ်ပြုအပ်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအကြား ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှုများအား ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ချိန်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံအပါအဝင် နိုင်ငံတကာမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ လာရောက်ခဲ့ပြီး ပြည်သူများက တက်ကြွစွာဆန္ဒမဲပေးခဲ့ကြသည်ကိုမြင်တွေ့ခဲ့ရမှုနှင့် လွတ်လပ်ပြီးတရားမျှတမှုရှိသည့် ရွေးကောက်ပွဲတစ်ရပ်အဖြစ် ကျင်းပနိုင်သည်ကို သိရှိခဲ့ရသည့် အခြေအနေများ၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားတွင် မြန်မာတပ်မတော်က ပါဝင်ချီတက်ခဲ့မှုအပေါ် ရုရှားနိုင်ငံက အမြဲအမှတ်ရနေမည်ဖြစ်ပြီး ဖက်ဆစ်တော်လှန်ရေးနှင့်ပတ်သက်၍ တူညီသောသမိုင်းကြောင်းများရှိခဲ့သည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား Cyber security Information security တို့အပါအဝင် လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းငွေကြေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ချမှတ်၍ တိုက်ဖျက်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် နှစ်နိုင်ငံပူးပေါင်းတိုက်ဖျက်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများ၊ စီးပွားရေးနှင့်ကုန်သွယ်ရေးကဏ္ဍ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဏ္ဍ၊ အာကာသနည်းပညာဖွံ့ဖြိုးရေးကဏ္ဍ၊ ပညာရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။
- Log in to post comments