Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပန်းတောင်းမြို့ရှိ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများဆွေးနွေး

နေပြည်တော် ဇန်နဝါရီ ၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအား ယနေ့နံနက်ပိုင်းတွင်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပန်းတောင်းမြို့ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ MSME လုပ်ငန်းရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသဆိုင်ရာအချက်အလက်များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိမှု၊ ဒေသအတွင်း အသား၊ ငါး၊ နို့နှင့် ဥ ဖူလုံမှုအခြေအနေများ၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိမှု၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိမှု၊ ဒေသတွင်းပညာရည်မြှင့်တင်ရေးနှင့်၊ ကျန်းမာရေးကဏ္ဍမြှင့်တင်ရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် မြို့မိမြို့ဖများက ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့သည် လမ်းဆုံလမ်းခွနေရာတွင် တည်ရှိနေပြီး တိုင်းလေးတိုင်းဆုံရာ အချက်အချာကျသည့်နေရာတစ်ခုဖြစ်သဖြင့် လမ်းဆုံနေရာအား အထိမ်းအမှတ်နေရာတစ်ခုကို ခမ်းနားထည်ဝါစွာဖြင့် တည်ဆောက်ပေးစေလိုမှု၊ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပန်းတောင်းမြို့နယ်သို့ ပထမဦးဆုံး လာရောက်ခဲ့သည့် နိုင်ငံတော်အကြီးအကဲတစ်ဦးဖြစ်သဖြင့် ဒေသခံများအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူလျက်ရှိမှု၊ နိုင်ငံတော်အကြီးအကဲ၏ ဦးဆောင်မှု၊ ပြည်သူလူထု၏ လိုက်ပါဆောင်ရွက်မှုတို့ဖြင့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး ပန်းတောင်းမြို့နယ်မှ ဒေသခံများအနေဖြင့်လည်း ရွေးကောက်ပွဲ အောင်မြင်မှုရှိစေရေး တညီတညွတ်တည်း ပါဝင်ဆောင်ရွက်လျက်ရှိမှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးကိုကိုလွင်၊ ဒေါက်တာ ချာလီသန်း၊ ဦးမင်းနောင်တို့က ပန်းတောင်းမြို့နယ်အနေဖြင့် စက်မှုလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်သည့် အခြေခံကောင်းများကို ပိုင်ဆိုင်ထားရှိမှု၊ စိုက်ပျိုးရေးကိုအခြေခံသည့် စက်မှုလုပ်ငန်း Agro-Base Industry များကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည့် ရေခံမြေခံကောင်းများကို ပိုင်ဆိုင်ထားရှိသော်လည်း ထိုက်သင့်သည့် ဖွံ့ဖြိုးတိုးတက်မှုများရရှိနိုင်ရန် လိုအပ်ချက်များရှိနေမှု၊ ဝန်ဆောင်မှုလုပ်ငန်း များကို အောင်မြင်စွာဆောင်ရွက်နိုင်ရေး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်မှု၊ ဒေသတွင်းရှိ စက်မှုလုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် လုပ်ငန်းများကို အားပေးဆောင်ရွက်ခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုဖော်ဆောင်နိုင်မှု၊ နိုင်ငံတော်တွင် စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် MSME လုပ်ငန်းများကို နိုင်ငံအဝန်း အားပေးဆောင်ရွက်လျက်ရှိမှုနှင့် လိုအပ်သည့် ရင်းနှီးမတည်ငွေများ၊ နည်းပညာများ၊ သွင်းအားစုများကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိမှု၊ MSME လုပ်ငန်းများ ဒေသအလိုက်ဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် ဒေသတစ်ခုချင်းစီအလိုက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖော်ဆောင်ပေးနိုင်သကဲ့သို့ ဒေသနှင့် နိုင်ငံတော်၏ စီးပွားရေးသည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် စဉ်ဆက်မပြတ် အားပေးဆောင်ရွက်လျက်ရှိမှု၊ ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖွံ့ဖြိုးတိုးတက်စေရေး၊ သီးထပ်စိုက်ပျိုးမှုများ အောင်မြင်မှုရှိစေရေးတို့အတွက် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိမှု၊ ဆိုလာစနစ်သုံးမြစ်ရေတင်စီမံကိန်းများ ဆောင်ရွက်ပေးခြင်း၊ ဆိုလာစနစ်သုံး မြေအောက်ရေထုတ်ယူသုံးစွဲနိုင်ရေး ဆောင်ရွက်ပေးခြင်းတို့ဖြင့် စိုက်ပျိုးရေ လုံလောက်စွာရရှိအောင် ဆောင်ရွက်ပေးလျက်ရှိမှု၊ နိုင်ငံတော်မှ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်အောင် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသဖြင့် ဒေသအနီးဝန်းကျင်ရှိ စိုက်ပျိုးမွေးမြူရေးသိပ္ပံကျောင်းများတွင်လည်း အတတ်ပညာများ တက်ရောက်သင်ကြား၍ လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်သွားကြစေလိုမှုတို့နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားကြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲအနေဖြင့် ပန်းတောင်းမြို့နယ်သို့ ပထမဆုံးလာရောက်သည်ဟု သိရှိရသည့်အတွက် မိမိအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ ပန်းတောင်းမြို့သည် သမိုင်းကြောင်းအစဉ်အလာရှိသည့် နေရာတစ်ခုဖြစ်ပြီး ပထဝီနိုင်ငံရေးအရ ထူးခြားသည့်ဒေသတစ်ခုဖြစ်ကြောင်း၊ ဒေသတွင်းစိုက်ပျိုးရေးနှင့်ပတ်သက်၍ ဆန်ဖူလုံမှုသည် ၂၀၀ ရာခိုင်နှုန်းကျော်၊ ပဲဖူလုံမှုသည် ၃၀၀ ရာခိုင်နှုန်းကျော်ရှိသည်ဟု သိရှိရကြောင်း၊ အရည်အသွေးပြည့်မီသည့် ဆန်များ ထုတ်လုပ်နိုင်ရေးအတွက် ပေါ်ဆန်းမွှေးစပါးကို စိုက်ပျိုးထုတ်လုပ်နိုင်ရန်လိုကြောင်း၊ အထွက်နှုန်း ကောင်းမွန်စေရေးအတွက် သွင်းအားစုများကို စနစ်တကျ ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် ပန်းတောင်းဒေသအတွင် ပေါ်ဆန်းမွှေးစပါးကို အထွက်နှုန်း ကောင်းမွန်စွာဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စီးပွားရေးအရ တွက်ခြေကိုက်နိုင်သည့် တန်ဖိုးမြင့် ပေါ်ဆန်းမွှေးစပါး စိုက်ပျိုးထုတ်လုပ်ခြင်းကို ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားကြစေလိုကြောင်း။

ဆီထွက်သီးနှံစိုက်ပျိုးခြင်းနှင့်ပတ်သက်၍ မိမိတို့နိုင်ငံအနေဖြင့် စားသုံးဆီများကို ပြည်ပမှ များစွာ တင်သွင်းနေရပြီး နိုင်ငံခြားငွေများ များစွာ သုံးစွဲနေရကြောင်း၊ သို့သော် မိမိတို့နိုင်ငံမှထွက်ရှိသည့် မြေပဲနှင့် အခြားဆီထွက်သီးနှံများကို ပြည်ပသို့တင်ပို့နေသော်လည်း ကုန်ကြမ်းအဖြစ်သာ တင်ပို့ခြင်းဖြစ်သဖြင့် ထိုက်သင့်သလောက်ဝင်ငွေမရရှိကြောင်း၊ ထို့ကြောင့် ပြည်တွင်းစားသုံးဆီထုတ်လုပ်မှုကို အထောက်အကူပြုစေမည့် ဆီထွက်သီးနှံများဖြစ်ကြသည့် နေကြာ၊ ပဲပုပ်တို့အား ပိုမိုတိုးမြှင့်စိုက်ပျိုးသွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသဖြင့် ဒေသမှထွက်ရှိသည့် ပဲနှင့် ဆန်များကို အသုံးပြု၍ ကြာဆံများကို ထုတ်ကုန်တစ်ခုအဖြစ် ထုတ်လုပ်နိုင်ကြောင်း၊ အလားတူ ပန်းတောင်းမြို့နယ်အတွင်း ဝါ အား စမ်းသပ်စိုက်ပျိုးနေသည်ကို သိရှိရကြောင်း၊ စိုက်ပျိုးဖြစ်ထွန်းမှုအပေါ်မူတည်ပြီး ဝါကိုအခြေခံသည့် ဝါဂွမ်း၊ ချည်မျှင်နှင့် အထည်ထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်သကဲ့သို့ ဝါစေ့ဆီကိုလည်း ထုတ်လုပ်နိုင်ကြောင်း၊ ထို့ကြောင့် ဒေသတွင်းဝါစိုက်ပျိုးခြင်းကို မြှင့်တင်ဆောင်ရွက်ကြစေလိုကြောင်း။

မွေးမြူရေးနှင့်ပတ်သက်၍ ပန်းတောင်းဒေသတွင် စားရေးကို အထောက်အကူပြုစေရေးအတွက် အသားစားကြက်၊ ဥစားကြက်၊ ဝက်နှင့် နို့စားနွား မွေးမြူရေးလုပ်ငန်းများကို ပိုမိုတိုးချဲ့မွေးမြူသွားရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိသည့် ထွက်ကုန်ပစ္စည်းများဖြင့် တိရစ္ဆာန်အစာများကို ထုတ်လုပ်၍ မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာ အထက်တန်းကျောင်းများအား ဒေသအလိုက် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ဒေသတွင်းမွေးမြူရေးလုပ်ငန်းများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ခြင်းဖြင့် ဒေသတွင်းသို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားများ၏စားရေးကိုလည်း အထောက်အကူပြုနိုင်သကဲ့သို့ ပိုလျှံသည့် အသား၊ ငါးနှင့် ဥများကို အခြားဒေသများသို့လည်း တင်ပို့ရောင်းချနိုင်ကြောင်း၊

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသတွင်း ပညာတတ်အရင်းအမြစ်များ လိုအပ်သဖြင့် နိုင်ငံတော်အနေဖြင့် ပညာရည်မြင့်မားရေးအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့ဒေသအလိုက် ပညာရည်မြင့်မားရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအားလုံး အနည်းဆုံးအဆင့် အခြေခံပညာအဆင့် KG+9 အထိ သင်ကြားအောင်မြင်နိုင်စေရေးနှင့် တန်းစဉ်ကူးပြောင်းမှုများမြင့်မားစေရေး ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ အတန်းပညာမြင့်မားမှသာ အဆင့်မြင့်ပညာများကို သင်ယူနိုင်မည်ဖြစ်ပြီး အသိပညာ၊ အတတ်ပညာ မြင့်မားလာမည်ဖြစ်ကြောင်း၊ ပညာတတ်များပေါများကြွယ်ဝမှသာ ဒေသတွင်းလူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ပန်းတောင်းမြို့သည် စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန် အခြေခံကောင်းများရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ပန်းတောင်းမြို့နယ်အတွင်း ပညာတတ်လူသားအရင်းအမြစ်များ ပိုမိုတိုးတက်လာပြီး ဒေသဖွံ့ဖြိုးအောင် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း။

နိုင်ငံတော်အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအခြေခံပညာအထက်တန်းကျောင်းများကို ခရိုင်အလိုက် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ဖွင့်လှစ်ရန်ကျန်ရှိသည့် ခရိုင်များတွင်လည်း ထပ်မံဖွင့်လှစ်နိုင်ရေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့်နိုင်ငံတစ်ခုဖြစ်သဖြင့် လာမည့်ပညာသင်နှစ်တွင် အခြေခံပညာအလယ်တန်းကျောင်းအဆင့်၌ စိုက်ပျိုးမွေးမြူရေးဆိုင်ရာအခြေခံပညာများကို ထည့်သွင်းသင်ကြားပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဆိုသည့်အတိုင်း သင်ကြားရေးဆိုင်ရာ ဆရာ၊ ဆရာမများအနေဖြင့် စာပေပညာရပ်များအပြင် ကျောင်းသား၊ ကျောင်းသူများ စည်းကမ်းတကျဖြင့် နေထိုင်သွားလာပြောဆိုလုပ်ကိုင်တတ်စေရေး သင်ကြားလေ့ကျင့်ပေးကြရန်လိုကြောင်း၊ စည်းကမ်းလိုက်နာမှုရှိသည့် လူငယ်၊ လူရွယ်များကို မွေးထုတ်ပေးနိုင်ခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့်တည်ငြိမ်အေးချမ်းမှုကို များစွာအထောက်အကူပြုစေနိုင်မည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးအသုံးပြုမှုများသည် လူငယ်များ၏ဘဝကို များစွာထိခိုက်စေသဖြင့် ပန်းတောင်းဒေသအတွင်း မူးယစ်ဆေးဝါးများသုံးစွဲမှုမရှိစေရေးအတွက် တာဝန်ရှိသူများအနေဖြင့် စနစ်တကျ ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်သွားကြစေလိုကြောင်း။

မိမိတို့အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပွားခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ မဲမသမာမှုများအား ဖြေရှင်းပေးရန်အတွက် ထိုအချိန်က တာဝန်ရှိသူများအား အကြိမ်ကြိမ်အကြောင်းကြားခဲ့သော်လည်း ဖြေရှင်းပေးမှုမရှိဘဲ နိုင်ငံတော်၏အာဏာကို မဲမသမာမှုရလဒ်များဖြင့် အနိုင်ရရှိလာသည့် ကိုယ်စားလှယ်များဖြင့် လွှတ်တော်ခေါ်ယူ၍ အဓမ္မနည်းဖြင့်ရယူရန် ဆောင်ရွက်လာသည့်အတွက် တပ်မတော်အနေဖြင့် နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာပြီး တာဝန်ယူဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း။

နိုင်ငံတော်အားစတင်တာဝန်ယူချိန်တွင် ဦးတည်ချက်များချမှတ်ဆောင်ရွက်ခဲ့ပြီး ယခုအခါ မိမိတို့အစိုးရ၏အန္တိမရည်မှန်းချက်ဖြစ်သည့် ရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရှိနေသည့် အပိုင်း(၂)နှင့် အပိုင်း(၃)ကိုလည်းဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်အား ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအပိုင်း(၁)တွင် ဆန္ဒမဲပေးမှုများပြားပြီး ပြည်သူများအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ပါဝင်လျှောက်လှမ်းလိုသည့်ဆန္ဒများရှိသည်ကိုသိရှိရသဖြင့် အောင်မြင်သည့်ရွေးကောက်ပွဲဖြစ်ကြောင်း၊ ထို့ကြောင့် ပန်းတောင်းဒေသတွင်လည်း ရွေးကောက်ပွဲကျင်းပချိန်တွင် ဆန္ဒမဲပေးချိန်၌ ရာခိုင်နှုန်းများပြားစွာပိုမိုပေးအပ်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ ဆန္ဒမဲပေးရာတွင်လည်း နိုင်ငံတော်နှင့်ဒေသအကျိုးကို ဆောင်ရွက်ပေးနိုင်သည့်သူ၊ အမျိုးဘာသာသာသနာအကျိုးကို သယ်ပိုးထမ်းရွက်နိုင်မည့်သူ၊ နိုင်ငံတည်ရှိနေသရွေ့ တည်တံ့ခိုင်မြဲစွာတည်ရှိနေမည့် တပ်မတော်နှင့်လက်တွဲဆောင်ရွက်နိုင်မည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်၍ ဆန္ဒမဲပေးနိုင်ရန်လိုကြောင်း၊ အလားတူ ဥပဒေပြုရေးလုပ်ငန်းများကိုဆောင်ရွက်မည့်သူများဖြစ်သဖြင့် ဥပဒေကို သိရှိနားလည်ကြသူများလည်းဖြစ်ရန်လိုကြောင်း၊ အထူးသဖြင့် ပညာတတ်ကိုယ်စားလှယ်လောင်းများကို ရွေးချယ်နိုင်ရန်လိုကြောင်း၊ သို့မှသာ ပန်းတောင်းမြို့နယ်အတွက် ကိုယ်စားလှယ်ကောင်းများရရှိမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ပန်းတောင်းမြို့နယ်အတွင်းကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် ခင်းကျင်းပြသထားသည့် ပန်းတောင်းမြို့နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများမှထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများအား စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။