ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်၏ ၂၀၂၆ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား
၂၀၂၅ ခုနှစ် ကုန်ဆုံးလို့ ၂၀၂၆ ခုနှစ်ကို ကူးပြောင်းရောက်ရှိလာတဲ့ နှစ်သစ်ကူးအခါသမယမှာ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ မိဘပြည်သူ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါစေလို့ ဦးစွာဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
ကျော်ဖြတ်ခဲ့တဲ့ ၂၀၂၅ ခုနှစ်ဟာ ကျွန်တော်တို့နိုင်ငံအတွက် အင်မတန်အရေးကြီးတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာစဉ်က ပါရှိခဲ့တဲ့ ကိစ္စရပ်အားလုံးကို ကျွန်တော်တို့အနေနဲ့ အောင်မြင်စွာ ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ပါတယ်။ နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းနိုင်ဖို့အတွက် အထွေထွေရွေးကောက်ပွဲတစ်ရပ်မဖြစ်မနေ ကျင်းပပေးဖို့လိုပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာထားခြင်းမှ ရုပ်သိမ်းပေးနိုင်ဖို့နဲ့ ပေးအပ်ထားသော နိုင်ငံ့တာဝန်တွေကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသို့ ပြန်လည်အပ်နှံခဲ့ပါတယ်။ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရဲ့ ဦးဆောင်မှုနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပါ သတ်မှတ်ချက်တွေအတိုင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ် အမြန်ဆုံးကျင်းပပေးဖို့ စီစဉ်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတမှုအပြည့်ရှိတဲ့ ရွေးကောက်ပွဲဖြစ်စေဖို့အတွက် ပြည်တွင်းပြည်ပက ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေကိုလည်း ဖိတ်ခေါ်ခဲ့ပါတယ်။ မဲမသမာမှုတွေ မဖြစ်ပေါ်စေဖို့အတွက် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)တွေကို အသုံးပြု ဆောင်ရွက်နေပါတယ်။
ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်တာဝန်အရပ်ရပ်ကို စတင်ထမ်းဆောင်စဉ်ကတည်းက နိုင်ငံတော်ရှေ့ဆက်လျှောက်လှမ်းရမယ့် လမ်းကြောင်းကို မျှော်မှန်းပြီး ဦးတည်ချက်တွေကို ခိုင်ခိုင်မာမာ ချမှတ်ကာ အကောင်အထည်ဖော်လျှောက်လှမ်းခဲ့ပါတယ်။ ဒီဦးတည်ချက်တွေ အောင်မြင်ဖို့ ပြည်သူတွေရဲ့ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြမှုနဲ့အတူ အခုဆိုရင် ကျွန်တော်တို့ ပြည်သူအားလုံး လိုလားတောင့်တ လျှောက်လှမ်းလိုတဲ့ ပါတီစုံဒီမိုကရေစီပန်းတိုင်ကို လှမ်းမြင်နေရပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့က မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်ခဲ့တာဟာ သက်ဆိုင်ရာမြို့နယ်တွေမှာရှိတဲ့ ပါတီစုံဒီမိုကရေစီကိုချစ်မြတ်နိုးတဲ့ မဲဆန္ဒရှင်ပြည်သူလူထုရဲ့ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်မှုကြောင့် ဖြစ်ပါတယ်။ တက်ကြွစွာ လာရောက်မဲပေးကြတဲ့ မဲဆန္ဒရှင် ပြည်သူပြည်သားအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပနေတာဖြစ်တဲ့အတွက် ကျန်ရှိတဲ့ မြို့နယ်တွေက မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ မြန်မာနိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးကို အပြည့်အဝ အသုံးချပြီး ကျင်းပနေတဲ့ ရွေးကောက်ပွဲမှာ ပါဝင်မဲပေးကြဖို့လည်း လိုအပ်ပါတယ်။
၂၀၂၅ ခုနှစ်အတွင်းမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့ ပြောင်းလဲမှုများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ မိတ်ဆွေနိုင်ငံတွေနဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို တိုးမြှင့်တည်ဆောက်နိုင်ခဲ့သလို၊ ပြည်တွင်းထုတ်ကုန်တွေကို ပြည်ပဈေးကွက်ရရှိစေဖို့နဲ့ ပြည်တွင်းမှာ အဓိကလိုအပ်နေတဲ့ နေရာတွေမှာ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြင့်လာစေဖို့အတွက် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ရဲ့ ၁၀ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားအပါအဝင် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုတွေကိုလည်း ဆောင်ရွက်နိုင်ခဲ့ပြီး ထာဝရငြိမ်းချမ်းရေးအတွက် အရေးပါတဲ့ အခြေခံအုတ်မြစ်တွေကို ချမှတ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အစိုးရကာလအတွင်း တွေ့ဆုံဆွေးနွေးမှုတွေကနေရရှိလာတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်းအကောင်အထည်ဖော်မယ်ဆိုတဲ့အချက်တွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)မှာ ပြင်ဆင်နိုင်ရေးအတွက် အချက် ၄၃ ချက်တို့ကို သဘောတူညီခဲ့ကြပြီးဖြစ်လို့ ဖြစ်ပေါ်လာမယ့် လွှတ်တော်မှာဆွေးနွေးပြီး ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်တာဝန်ယူစဉ်ကာလတစ်လျှောက်လုံး နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။ ရွေးကောက်ပွဲပြီးတဲ့ကာလမှာ ထွက်ပေါ်လာမယ့်အစိုးရကို နိုင်ငံ့တာဝန်တွေ လွှဲပြောင်းပေးအပ်ပြီး ဒုတိယစာမျက်နှာကို အကောင်းဆုံးဖြစ်အောင် ထမ်းဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမှာပဲ ဖြစ်ပါတယ်။
ယခု ကူးပြောင်းရောက်ရှိတဲ့ ၂၀၂၆ ခုနှစ်ဟာ ကျွန်တော်တို့နိုင်ငံအတွက် မင်္ဂလာရှိတဲ့ နှစ်သစ်၊ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကို ပြန်လည်တည်ဆောက်နိုင်မယ့်နှစ်လို့ ယုံကြည်ပါတယ်။ ပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေတဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ့် နှစ်တစ်နှစ်ဖြစ်ပြီး တိုင်းရင်းသားပြည်သူအားလုံးရဲ့ လူမှုစီးပွားဘဝတွေ ဖွံ့ဖြိုးတိုးတက်လာမယ့်နှစ်လို့လည်း ယုံကြည်ပါတယ်။ ဒါ့ကြောင့် ၂၀၂၆ ခုနှစ်မှာ ကျွန်တော်တို့တစ်တွေဟာ နှစ်ဟောင်းက အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး နိုင်ငံနဲ့လူမျိုးကိုချစ်တဲ့စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်တွေကိုအခြေခံကာ အချင်းချင်းစည်းလုံးညီညွတ်မှု၊ နားလည်ယုံကြည်မှုတွေနဲ့ အောင်မြင်အောင် ကျော်လွှားသွားကြရပါမယ်။ ၂ဝ၂၆ ခုနှစ်ဟာ မိဘပြည်သူ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးရဲ့ အောင်ပွဲဖြစ်တဲ့ ဒီမိုကရေစီပန်းတိုင်ကို အရောက်လှမ်းပြီး နိုင်ငံအတွက် သမိုင်းကောင်းအမွေကို လက်ဆင့်ကမ်းပေးကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။
ယခုလို မင်္ဂလာရှိတဲ့ နှစ်သစ်ကူးအချိန်အခါသမယကစပြီး မြန်မာနိုင်ငံသူ နိုင်ငံသား၊ မိဘပြည်သူတိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် မေတ္တာစေတနာထားပြီး ပြည်ထောင်စုကြီးရဲ့ ကောင်းကျိုးစီးပွားကို ဖော်နိုင်ကြပါစေ၊ မှန်ကန်တဲ့ အတွေးသစ်၊ အမြင်သစ်၊ ယုံကြည်ချက် ခံယူချက်အသစ်တွေနဲ့ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနဲ့ ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ကြပါစေ၊ ပျော်ရွှင်ချမ်းမြေ့စွာနဲ့ အေးချမ်းသာယာတဲ့ ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်ခင်ဗျား။
အားလုံးကို ကျေးဇူးတင်ပါတယ်။
- Log in to post comments