Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန(ရန်ကုန်) (Myanmar Art Center-Yangon) အဆောက်အအုံတည်ဆောက်ခြင်းလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၁၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန(ရန်ကုန်) (Myanmar Art Center-Yangon) အဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန(ရန်ကုန်)အဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းခွင်ယာယီရှင်းလင်းဆောင်၌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဒီမိုကရေစီပထမအစိုးရသက်တမ်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လမ်းညွှန်မှာကြားချက်နှင့်အညီ ဂီတ၊ သဘင်များ ဖျော်ဖြေတင်ဆက်နိုင်မည့် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် အနုပညာဗဟိုဌာနများကို နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာနများအဖြစ် တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု နောက်ခံသမိုင်းကြောင်းအခြေအနေများ၊ ဒီမိုကရေစီဒုတိယအစိုးရသက်တမ်း ကာလတွင် အဆိုပါနိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန တည်ဆောက်ရေးလုပ်ငန်းများ အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းဆက်လက်အကောင်အထည်ဖော်ရန် ရပ်တန့်ခဲ့ရမှု အခြေအနေများ၊ အဆိုပါရပ်တန့်ခဲ့ရသည့် တည်ဆောက်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် အဆောက်အဦဒီဇိုင်းများအား မြန်မာ့ယဉ်ကျေးမှုကို ဖော်ညွှန်းပြသနိုင်သည့် ဒီဇိုင်းများဖြင့် ပုံဖော်တည်ဆောက်သွားမည့်အခြေအနေများနှင့် လုပ်ငန်းဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန(ရန်ကုန်)အား မူလရည်မှန်းချက်များနှင့်အညီဖြစ်စေရေး ဆက်လက်အကောင်အထည်ဖော် တည်ဆောက်သွားရန်လိုကြောင်း၊ ထိုသို့ တည်ဆောက်ရာတွင်လည်း နိုင်ငံတကာအဆင့်မီသည့် ဆက်တင်များ၊ Lighting စနစ်များ၊ အသံစနစ်များကို စနစ်တကျ တွက်ချက်ထည့်သွင်းတည်ဆောက်သွားရန်လိုကြောင်း၊ ယခုအနုပညာဗဟိုဌာနအတွင်း အော်ပရာပြဇာတ်များ တင်ဆက်ပြသနိုင်သည့်အဆင့်ဖြစ်အောင် တည်ဆောက်သွားရန်လိုကြောင်း၊ ယခုအနုပညာဗဟိုဌာနအား ဆက်လက်အကောင်အထည်ဖော် တည်ဆောက်ခြင်းသည် မြန်မာ့ရုပ်ရှင်၊ သဘင်၊ ဂီတ စသည့်အနုပညာရပ်များ ဆက်လက်ထိန်းသိမ်းပြီး ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ရည်ရွယ်၍ နိုင်ငံတော်မှ အလေးထား ဆောင်ရွက်နေခြင်းဖြစ်ကြောင်းဖြင့် မှာကြားသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန(ရန်ကုန်) တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

အဆိုပါ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာနများ တည်ဆောက်ခြင်းစီမံကိန်းများအနေဖြင့် ဒီမိုကရေစီဒုတိယအစိုးရ သက်တမ်းကာလတွင် လုပ်ငန်းဆက်လက်အကောင်အထည်ဖော်မှု ရပ်တန့်ခဲ့ရသဖြင့် အနုပညာရှင်များ၏ မြန်မာ့ရုပ်ရှင်၊ သဘင်၊ ဂီတ စသည့် အနုပညာရပ်များ ဖော်ထုတ်ခွင့် ၁၀ နှစ်ခန့် နောက်ကျခဲ့ရကြောင်း၊ ယခုအခါ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာနများ တည်ဆောက်ခြင်းစီမံကိန်းများကို အမြန်ဆုံး ဆက်လက်အကောင်အထည်ဖော်၍ မြန်မာ့ ရုပ်ရှင်၊ သဘင်၊ ဂီတ စသည့်အနုပညာရပ်များ ဆက်လက်ထိန်းသိမ်းပြီး ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။