Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေး

နေပြည်တော် အောက်တိုဘာ ၁၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအား ယနေ့မွန်းလွဲပိုင်းတွင် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားသည်။

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် ပုသိမ်မြို့သို့ ရောက်ရှိကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများက ရင်းနှီးနွေးထွေးစွာ ကြိုဆို နှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် ပုသိမ်မြို့ရှိဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ရပ်မိရပ်ဖ များအား မြို့နယ်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပုသိမ်မြို့ရှိ  ဌာနဆိုင်ရာတာဝန်ရှိသူများ၊  ရပ်မိရပ်ဖများ၊  MSME  လုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးဆိုင်ရာအချက်အလက်များ၊ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများဆောင်ရွက်မှုနှင့် ဒေသဝမ်းစာဖူလုံမှုအခြေအနေများ၊ ပန်းတိုင်အထွက်နှုန်းရရှိစေရေး ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ သစ်စိမ်းမြေဩဇာများ ထည့်သွင်းဆောင်ရွက်လျက်ရှိမှု၊ မျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ အသားတင်၊ သီးထပ်၊ သီးညှပ်စိုက်ပျိုးနိုင်မှု အခြေအနေများ၊ စိုက်ပျိုးရေ လုံလောက်စွာရရှိစေရေး ဆောင်ရွက်ထားရှိမှု၊ ဆီဖူလုံမှုများတိုးတက်စေရေး ဆောင်ရွက်လျက်ရှိမှု၊  မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့်ပြည်တွင်း၊ ပြည်ပသို့ တင်ပို့ဆောင်ရွက်လျက်ရှိမှု၊ ရေထွက်ကုန်ပစ္စည်းများ ထုတ်လုပ်တင်ပို့နိုင်မှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများတိုးတက်စေရေး စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ တိုင်းဒေသကြီးအတွင်း လမ်းပန်းဆက်သွယ်မှုများ ကောင်းမွန်စေရေးဆောင်ရွက်ပေးလျက်ရှိမှု၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ ပညာရည်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ အားကစားကဏ္ဍမြင့်တင်ရေးဆောင်ရွက်ပေးနိုင်မှု၊ ခရီးသွားများဝင်ရောက်လျက်ရှိမှု အခြေအနေများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် မြို့မိမြို့ဖများနှင့် လုပ်ငန်းရှင်များက ပုသိမ်-ရန်ကုန် လမ်းပိုင်းအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှု၊ ပုသိမ်-ငွေဆောင်သွား ကားလမ်းပေါ်၌ သလပ်ခွာတံတားအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှု၊ အဆင့်မီဘက်စုံသုံးအားကစားကွင်းတည်ဆောက်ပေးစေလိုမှု၊ နိုင်ငံတော်၏ကူညီပံ့ပိုးဆောင်ရွက်ပေးမှုများကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်လာမှု၊ ပီလောပီနံများ စိုက်ပျိုးထုတ်လုပ်မှု ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ကူညီဆောင်ရွက်ပေးစေလိုမှု၊ စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ MSME ကုန်ထုတ်လုပ်ငန်းများအား နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က လမ်းပန်းဆက်သွယ်မှုများ မြန်ဆန်ချောမွေ့မှုရှိစေရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ မြစ်ကြောင်းထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ လေကြောင်းခရီးစဉ်များတိုးချဲ့ပြေးဆွဲနိုင်ရေးလျာထား ဆောင်ရွက်ပေးလျက်ရှိမှု၊ စိုက်ပျိုးရေး ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ချေးငွေများရရှိရေး နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများ၊ စိုက်ပျိုးမြေများချဲ့ရာတွင် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများ၊ စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများအတွက်လိုအပ်သည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး စိုက်ပျိုးမွေးမြူရေးအခြေခံပညာအထက်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိမှုနှင့် အခြားကဏ္ဍအလိုက် အသီးသီး ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဧရာဝတီ တိုင်းဒေသကြီး၏ လူမှုစီးပွားများဖွံ့ဖြိုးတိုးတက်ရေးအတွက် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အထွက်နှုန်းများကောင်းမွန်အောင် ဆောင်ရွက်ရန်လိုသကဲ့သို့ အရည်အသွေး ကောင်းမွန်သည့် ထုတ်ကုန်များဖြစ်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ဥပမာအားဖြင့် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးသည့် စပါးများ၏ Eating Quality များ ကောင်းမွန်ရန်လိုပြီး အရေအတွက် ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းသည် ဧရာဝတီတိုင်းဒေသကြီး၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သဖြင့် အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်သွားကြရန်လိုကြောင်း။

အဓိကအားဖြင့် လုပ်သမျှအကျိုးခံစားနိုင်ရန် အထွက်နှုန်းများ ကောင်းမွန်အောင် ဆောင်ရွက်သွားကြရန် လိုကြောင်း၊ အထွက်နှုန်းပန်းတိုင်ရည်မှန်းချက်အနေဖြင့် မိုးစပါး တင်း ၁ဝဝ၊ နွေစပါး တင်း ၁၁၀ ထားရှိကြောင်း၊ စိုက်ပျိုးဧကများ မှန်ကန်ရန်နှင့် အထွက်နှုန်းများတိုးတက်မှုရှိရန်လိုကြောင်း၊ ဒေသအားလုံးသို့ သွားရောက်နိုင်ခြင်းမရှိသော်လည်း အချို့ဒေသများတွင် ကွင်းဆင်းကောက်ယူနိုင်ကြောင်း၊ ကိန်းဂဏန်းအချက်အလက်များ မှန်ကန်မှုရှိစေရေး တာဝန်ရှိသူများက စနစ်တကျ ကောက်ယူသွားရန်လိုကြောင်း။

စိုက်ပျိုးရေးနှင့်ပတ်သက်၍ မြေကိုစနစ်တကျအသုံးချရန်လိုကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၏ လယ်စိုက်ပျိုးမြေ၏ ၁၀ ရာခိုင်နှုန်းခန့်သည် ရေနက်ကွင်းများဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါ ရေနက်ကွင်းများအား မြေပြုပြင်သည့် လယ်စပါးစိုက်ပျိုးခြင်းနှင့် ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ ရေနက်ကွင်းများကို စနစ်တကျ အသုံးချဆောင်ရွက်မည်ဆိုပါက သား၊ ငါးထုတ်လုပ်မှုကဏ္ဍတွင် ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ထိပ်ဆုံးတွင် ရှိနေမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း လေးမျိုးဖြင့်စနစ်တကျ စိုက်ပျိုးကြရန်လိုကြောင်း၊ လယ်မြေများအား ဧကကွက်များအဖြစ် ဖော်ထုတ်နိုင်မည်ဆိုပါက ပိုမိုအကျိုး ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။

စပါးစိုက်ပျိုးမှုလုပ်ငန်းများ ယခုထက်ပိုမိုတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ စပါးစိုက်ပျိုးမှုများကို ပင်ကြား၊ တန်းကြားမှန်မှန်ကန်ကန်နှင့် ကောက်ကွက်ပြည့်မီအောင် ဆောင်ရွက်သွားကြရန် လိုကြောင်း၊ တိုင်းဒေသကြီး အတွင်းရှိ လယ်မြေများအား မြေပြုပြင်၍ စိုက်ပျိုးသွားကြရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်သွားရန်လိုကြောင်း။

မွေးမြူရေးနှင့်ပတ်သက်၍ မြို့တွင်ရှိပြီးဖြစ်သည့် ဒေသတွင်း စားရေးအထောက်အကူဖြစ်စေရန် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဝယ်လိုအားနှင့် ရောင်းလိုအား ကောင်းမွန်လာမည်ဆိုပါက ထိုက်သင့်သည့်ဈေးနှုန်းဖြင့် ရရှိနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကုန်ထုတ်လုပ်ငန်းများ တိုးတက်လာမည်ဆိုပါက ပြည်ပပို့ကုန်များတိုးတက်လာပြီး နိုင်ငံခြားငွေများ ပိုမိုတိုးတက်ရရှိလာမည် ဖြစ်ကြောင်း၊ အဆိုပါနိုင်ငံခြားငွေများရရှိလာမည်ဆိုပါက နိုင်ငံ့စီးပွားရေး တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုများကို အမှန်တကယ် လုပ်ရန်လိုကြောင်း၊ အထွက်နှုန်းများ ရာနှုန်းပြည့်ထုတ်လုပ်ပြီး ပို့ကုန်ပစ္စည်းများထုတ်လုပ်၍ နိုင်ငံခြားငွေများ ရရှိအောင် ဆောင်ရွက်သွားရန်လိုကြောင်း။

ဧရာဝတီတိုင်းဒေသကြီးတွင် ပေါ်ဆန်းမွှေးသည် အမှန်တကယ် ကောင်းမွန်သည့် အမျိုးအစားဖြစ်သဖြင့် ပေါ်ဆန်းမွှေးကို တိုင်းဒေသကြီး၏ Brand တစ်ခုအဖြစ် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် စားသုံးဆီများကို ပြည်ပမှ နှစ်စဉ်တင်သွင်းနေရခြင်းကြောင့် နိုင်ငံခြားငွေများသုံးစွဲရလျက်ရှိကြောင်း၊ ဆီဖူလုံရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် အချို့နေရာများ၌ နေကြာစိုက်ပျိုးဖြစ်ထွန်းကြောင်း၊ ထို့ကြောင့် နေကြာစိုက်ပျိုးထုတ်လုပ်မှု တိုးတက်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူ ပဲပုပ်၊ နေကြာ၊ မြေပဲ၊ နှမ်း စသည့် ဆီထွက်သီးနှံများကို စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ မွေးမြူရေးနှင့် ပတ်သက်၍ တိုင်းဒေသကြီးအတွင်း တိရစ္ဆာန်အစားအစာများထွက်ရှိကြောင်း၊ ကြက်၊ ဝက်၊ ဆိတ်၊ နွားများကို ပိုမိုတိုးချဲ့မွေးမြူဆောင်ရွက်သွားမည်ဆိုပါက များစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။

ပညာရေးကဏ္ဍနှင့်ပတ်သက်ပြီး တန်းစဉ်ကူးပြောင်းမှုများ နည်းပါးနေသေးကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးအတွင်း ပညာရည်မြင့်မားစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် ပညာတတ် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် စက်မှုအခြေခံပညာအထက်တန်းကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍနှင့်ပတ်သက်၍ သင်ကြားခြင်းနှင့်သင်ယူမှုများ တိုးတက်စေရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်စေရေး မိမိအနေဖြင့်တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း။

တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အားကစားကွင်းများ အဆင့်မြှင့်တင်တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်ပေးသကဲ့သို့ အဆင့်မီရေကူးကန်များကိုလည်း တည်ဆောက်ပေးလျက်ရှိကြောင်း၊ အားကစားပြိုင်ပွဲများ ကျင်းပချိန်တွင်လည်း ပွဲကြည့်ပရိသတ်များရှိရန်လိုကြောင်း၊ အားကစားနှင့်ပတ်သက်၍ နည်းပြများ ပြည့်စုံစွာရှိရန်လိုကြောင်း၊ အားကစားတိုးတက်ရေးအတွက် ကြံ့ခိုင်ရေးနည်းပြနှင့် နည်းစနစ်နည်းပြများထားရှိရန်လိုကြောင်း၊ အားကစားကဏ္ဍတိုးတက်ရေးဆောင်ရွက်သွားကြရန် လိုကြောင်း။

ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဗိုလ်မြတ်ထွန်းတံတားမှ ပုသိမ်မြို့အထိ လမ်းအဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှု၊ သလပ်ခွာတံတား အဆင့်မြှင့်တင်ပေးစေလိုမှုများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

မြေယာနှင့်ပတ်သက်၍ မြေလွတ်မြေရိုင်းများအား အမှန်တကယ် စိုက်ပျိုးသွားမည်ဆိုပါက ခွင့်ပြုဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမြေများကိုလည်း အခြားနည်းများဖြင့် သုံးစွဲခြင်းများမရှိစေရေး တာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မြေကိုအကျိုးရှိစွာဖြင့် အသုံးချရန်လိုပြီး ပုသိမ်မြို့ အပါအဝင် ပြည်နှင့်တိုင်းမြို့ကြီးများ၌ အဆင့်မီအဆောက်အအုံများ ဆောက်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြို့ပြများဖွံ့ဖြိုးတိုးတက်ရေးအတွက် အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများက စနစ်တကျဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ ရှိပြီးဖြစ်သည့် သစ်ပင်သစ်တောများ ရှင်သန်ဖြစ်ထွန်းစေရေးအတွက်လည်း ထိန်းသိမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ဝါးများပေါများစွာ ထွက်ရှိကြောင်း၊ ဝါးများကိုအသုံးပြု၍ ပျော့ဖတ်များနှင့်စက္ကူများ ထုတ်လုပ်နိုင်သကဲ့သို့ လူသုံးကုန်ပစ္စည်းများလည်း ထုတ်လုပ်နိုင်ကြောင်း၊ ထို့ကြောင့် ဝါးအခြေခံသည့် ထုတ်ကုန်ပစ္စည်းများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုကြောင်း။

မိမိတို့အနေဖြင့် ဒီဇင်ဘာလအတွင်း လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မြို့နယ်များကို ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပချိန်တွင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို မဲမသမာမှု ပြုလုပ်၍မရနိုင်သည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များဖြင့် မဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ မဲပေးရွေးချယ်ရာတွင် ကိုယ်စားလှယ်များသည် ဒို့တာဝန်အရေးသုံးပါးကို အလေးထားစောင့်ထိန်းသူ၊ နိုင်ငံရေးအမြင်၊ လုံခြုံရေးအမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေးအမြင်များရှိသူများဖြစ်ရန်လိုပြီး အမှန်တကယ် တိုင်းပြည်နှင့် ဒေသအကျိုးအတွက် ဆောင်ရွက်နိုင်သည့်သူများ ဖြစ်ရန်လိုကြောင်း၊ ရွေးကောက်ပွဲသည် နိုင်ငံအတွက် အရေးကြီး သဖြင့် ရွေးကောက်ပွဲအောင်မြင်စေရေး အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် ခင်းကျင်းပြသထားသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) မှ ထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများအား စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ပုသိမ်မြို့ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားနှင့်ကာယပညာသိပ္ပံ(ပုသိမ်)တည်ဆောက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဧရာဝတီတိုင်းဒေသကြီး အဆင့်မြင့်ရေကူးကန်(ပုသိမ်) တည်ဆောက်ပြီးစီးမှုနှင့် ရေကူးကန်အတွင်း အခြေခံရေကူးနှင့် ဒိုင်ဗင်သင်တန်းသား သင်တန်းသူများ ရေကူးလေ့ကျင့်နေမှုအခြေအနေများကို ကြည့်ရှုအားပေးသည်။

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပုသိမ်လေဆိပ်သို့ ရောက်ရှိကြပြီး အစည်းအဝေးခန်းမတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက  ပုသိမ်လေဆိပ်အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ပုသိမ်လေယာဉ်ကွင်းအား ခရီးသွားကဏ္ဍမြှင့်တင်နိုင်ရေးအတွက် အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။