Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၅၈) နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ပြည်သူများထံ ပေးပို့သည့်သဝဏ်လွှာ

(၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၈ ရက်)

လေးစားအပ်ပါသော မြန်မာပြည်သူပြည်သားများနှင့် အာဆီယံ ပြည်သူများ ခင်ဗျား

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)၏ (၅၈)နှစ်မြောက် နှစ်ပတ်လည် နေ့ထူး နေ့မြတ် အခါသမယတွင် မြန်မာပြည်သူများနှင့် အာဆီယံပြည်သူများအားလုံး ကျန်းမာ ချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။

၁၉၆၇ ခုနှစ်တွင် စတင်ဖွဲ့စည်းပေါ်ပေါက်ခဲ့သည့် အာဆီယံ အသင်းကြီးသည် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်တစ်ပြေးညီ သာယာဝပြောရေးကို မြှင့်တင်ရန်အတွက် အသင်းကြီး၏ ရည်မှန်းချက်များကို တည်ကြည်ခိုင်မြဲစွာ ဖော်ဆောင် လျက်ရှိပါသည်။ မိမိတို့အဖွဲ့ဝင်နိုင်ငံများ၏ အတူတကွကြိုးပမ်းမှု၊ အမြော်အမြင်နှင့် မျှော်မှန်းချက်တို့ဖြင့် အာဆီယံအဖွဲ့ကြီးသည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးကို မြှင့်တင်လျက် ဒေသတွင်းခိုင်မာသည့် အသိုက်အဝန်းတစ်ခုအဖြစ် ပေါ်ထွန်းလာခဲ့ ပါသည်။ အသင်းကြီးလျှောက်လှမ်းခဲ့သည့် ခရီးလမ်း၏ အရေးပါသော အစိတ်အပိုင်းတစ်ခု အဖြစ် မြန်မာနိုင်ငံသည် ဂုဏ်ယူစွာဖြင့် ပါဝင် ဆောင်ရွက်လျက်ရှိပါသည်။ ငြိမ်းချမ်း သာယာဝပြောသော အရှေ့တောင် အာရှအတွက် မိမိတို့၏ မျှော်မှန်းချက်များ ရောက်ရှိရန် အာဆီယံ ပဋိညာဉ်စာတမ်း၏ အရေးပါသော အခန်းကဏ္ဍကို အသိအမှတ်ပြုလျက် ပဋိညာဉ် စာတမ်းပါ ပြဋ္ဌာန်းချက်များကို မမှိတ်မသုန် လိုက်နာ စောင့်ထိန်းလျက်ရှိပါသည်။

အာဆီယံအဖွဲ့ကြီးကို ၁၉၆၇ ခုနှစ်တွင် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ဘရူနိုင်းနိုင်ငံက ၁၉၈၄ ခုနှစ်တွင်လည်းကောင်း၊ ဗီယက်နမ်နိုင်ငံက ၁၉၉၅ ခုနှစ် တွင်လည်းကောင်း၊ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့က ၁၉၉၇ ခုနှစ် တွင်လည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံက ၁၉၉၉ ခုနှစ်တွင် လည်းကောင်း အသီးသီး ဝင်ရောက်ခဲ့ကြပါသည်။ မိမိတို့အဖွဲ့ဝင်နိုင်ငံများ ပေါင်းစည်းလျှောက်လှမ်းခဲ့ရာ ခရီးလမ်း၊ မိမိတို့၏ အားမာန်များ စုစည်းလျက် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှု-ယဉ်ကျေးမှုကဏ္ဍများတွင် အတူတကွ ပူးပေါင်းဆောင်ရွက်ကြရာမှ ရရှိခဲ့ကြသည့် အောင်မြင်မှုများကို ပြန်ပြောင်းသတိရ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

အာဆီယံပေါ်ပေါက်ခဲ့သည်မှာ (၅၈)နှစ် နှစ်ပတ်လည် အခါသမယသို့ ရောက်ရှိပြီဖြစ်ရာ အောင်မြင်မှုရရှိခဲ့သော ဒေသတွင်း အဖွဲ့အစည်းတစ်ရပ်အဖြစ် မားမားမတ်မတ် ရပ်တည် နိုင်ခဲ့ပြီ ဖြစ်ပါသည်။ ဒေသတွင်းနိုင်ငံရေးနှင့် လုံခြုံရေးမဏ္ဍိုင်၊ စီးပွားရေးမဏ္ဍိုင်နှင့် လူမှု-ယဉ်ကျေးမှုမဏ္ဍိုင် (၃)ရပ်အပေါ် အခြေတည်သည့် အာဆီယံ အသိုက်အဝန်း ၂၀၁၅ ကို တည်ထောင်နိုင်ခြင်း အပါအဝင် အထင်ကရ အောင်မြင်မှုများ ဆွတ်ခူးနိုင်ခဲ့ပါသည်။ အာဆီယံသည် အာဆီယံဒေသဆိုင်ရာဖိုရမ် (ARF)၊ အရှေ့အာရှ ထိပ်သီးအစည်းအဝေး (EAS)၊ အာဆီယံကာကွယ်ရေးဝန်ကြီးများအပေါင်း အစည်းအဝေး (ADMM-Plus)စသည့် ဒေသတွင်း အဓိကကျသော ဖိုရမ်များကို ဦးဆောင်လျက် စေ့စပ်ဆွေးနွေးမှု၊ လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုနှင့် ဒေသတွင်းပေါင်းစည်းမှုတို့ကို တိုးမြှင့်ဖော်ဆောင်နိုင်ခဲ့ပါသည်။ အာဆီယံ အသိုက်အဝန်း မျှော်မှန်းချက် ၂၀၂၅ ကို အကောင်အထည် ဖော်မှုများသည်လည်း ကောင်းမွန်စွာ တိုးတက်လျက်ရှိကြောင်း နှစ်ထောင်းအားရဖွယ် တွေ့ရှိရပါသည်။

“အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၄၅” ပန်းတိုင်များ အောင်မြင်စွာ လျှောက်လှမ်း နိုင်ရန်အတွက် ယခု ၂၀၂၅ ခုနှစ်သည် အာဆီယံအတွက် အောင်မြင်မှုများကို ပြန်လည် သုံးသပ်ကာ ဦးစားပေးမှုကဏ္ဍများကို ချိန်ညှိလျက် ဘက်စုံနည်းဗျူဟာများကို ချမှတ်ရမည့် အဓိကကျသော နှစ်တစ်နှစ်ဖြစ်ပါသည်။ အဆိုပါ “အာဆီယံ ၂၀၄၅ မျှော်မှန်းချက်” ကို အခြေပြုလျက် အာဆီယံအနေဖြင့် စည်းလုံးညီညွတ်ပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရှိကာ စီးပွားရေးအရ အားကောင်း၍ ဒေသတွင်းငြိမ်းချမ်းမှုရှိရေးကို ထပ်လောင်းအတည်ပြု ဖော်ဆောင်သွားကြရပါမည်။ လာမည့် ၂၀၄၅ ခုနှစ်တွင် အာဆီယံသည် ကမ္ဘာ့နိုင်ငံများက လေးစားထိုက်သော တိုးတက်အောင်မြင်သည့် အသိုက်အဝန်းကြီးဖြစ်ရန် ရည်မှန်းဆောင်ရွက်သွားရမည် ဖြစ်ပါသည်။

အသင်းကြီးအနေဖြင့် လျင်မြန်စွာပြောင်းလဲလျက်ရှိသည့် ပထဝီနိုင်ငံရေးနှင့် ကမ္ဘာ့စီးပွားရေး ဖြစ်စဉ်များအကြား ကြံ့ကြံ့ခံနိုင်ပြီး အချိတ်အဆက်ရှိစွာ တုံ့ပြန်မှုမြန်ဆန်စွာဖြင့် ယှဉ်ပြိုင် နိုင်စွမ်းရှိသော အဖွဲ့အစည်းအဖြစ် ရပ်တည်ရမည်ဖြစ်ပါသည်။ ဤအခြေအနေများကြောင့် ယခု ၂၀၂၅ ခုနှစ် အာဆီယံဥက္ကဋ္ဌ၏ “အားလုံးပါဝင်နိုင်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲမှု ဟူသည့် ဆောင်ပုဒ်သည် ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် မိမိတို့၏ ကတိကဝတ်များကို ထင်ဟပ်လျက်ရှိပါသည်။ ဒေသတွင်း လုံခြုံရေး အခင်းအကျင်းကို ဦးဆောင်တည်ဆောက်ရာတွင် အာဆီယံ၏ အရေးပါသော အခန်းကဏ္ဍကို ခိုင်မာစေရန်၊ အာဆီယံ၏ ဗဟိုအချက်အချာကျမှုနှင့် စည်းလုံးညီညွတ်မှုကို မြှင့်တင်နိုင်ရန် မိမိတို့အားလုံး အတူတကွ ကြိုးပမ်းအားထုတ်သွားကြရမည် ဖြစ်ပါသည်။

အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေး၊ အခြားနိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်ခြင်း မပြုရေး၊ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရေး၊ အုပ်ချုပ်ရေးစနစ် ကောင်းမွန်ရေး၊ နိုင်ငံစုံ ပူးပေါင်း ဆောင်ရွက်ရေးတို့ကို ပြဋ္ဌာန်းထားသော အာဆီယံပဋိညာဉ် စာတမ်းတွင် မိမိတို့အဖွဲ့ဝင်နိုင်ငံများ၏ စည်းလုံးညီညွတ်မှုသည် အဓိကဖြစ်ပြီး အာဆီယံ၏ မီးရှူးတန်ဆောင်ဖြစ်ပါသည်။ ပထဝီ နိုင်ငံရေး အရွေ့အပြောင်းများ၊ စီးပွားရေးတုံ့ဆိုင်းမှုများ၊ ရာသီဥတု ဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်လာသည့် အကျပ်အတည်းများ စသည့် ဒေသတွင်းနှင့် နိုင်ငံတကာ စိန်ခေါ်မှုများ ရှုပ်ထွေးစွာ ဖြစ်ပေါ်လျက် ရှိချိန်တွင် အဖွဲ့ဝင်နိုင်ငံများက စုပေါင်းကာ ရှေ့သို့ချီတက်ရန် လုပ်ငန်းစဉ်များ ရေးဆွဲဖော်ဆောင်ခြင်းအားဖြင့် အာဆီယံ အသင်းကြီးသည် ကြံ့ကြံ့ခံကာ လိုက်လျောညီထွေ လှုပ်ရှားဆောင်ရွက်လျက်ရှိပါသည်။

ယနေ့အခါသမယတွင် ပဋိညာဉ်စာတမ်း၏ အခြေခံမူများနှင့် အာဆီယံ၏ ဆွေးနွေးဖက် နိုင်ငံများနှင့် ဆက်ဆံရာတွင် အဓိကကျသော ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ပါ ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာ စောင့်ထိန်းကြရမည်ဖြစ်ကြောင်း ထပ်လောင်းဖော်ပြအပ်ပါသည်။ အာဆီယံပဋိညာဉ်စာတမ်း၏ မူများနှင့် ရည်ရွယ်ချက်များ အရ အာဆီယံစည်းလုံးညီညွတ်မှုနှင့် အာဆီယံ ဗဟိုအချက်အချာကျမှုတို့ကို ဖော်ဆောင်ရန် အတွက် မိမိတို့မြန်မာနိုင်ငံသည်လည်း သန္နိဋ္ဌာန်ပြု၍ မြဲမြံစွာရပ်တည်လျက် ရှိပါသည်။ မိမိတို့ အဖွဲ့ဝင်နိုင်ငံများအကြား မတူကွဲပြားသည့် နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် စီးပွားရေး အနေအထားများ မည်သို့ပင် ရှိစေကာမူ မိမိတို့အဖွဲ့ဝင်နိုင်ငံများက တစ်နိုင်ငံ၏ အချုပ်အခြာ အာဏာ တည်တံ့မှုကို အခြားနိုင်ငံက လေးစားလျက် အတူတကွ စည်းလုံး ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်မှုအပေါ်တွင် အာဆီယံ၏ စွမ်းအားသည် တည်ရှိလျက်ရှိပါသည်။

အာဆီယံပဋိညာဉ်စာတမ်းတွင် ပြဋ္ဌာန်းထားသော အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရေးမူဖြင့် မိမိတို့သည် ပြင်ပမှ ပတ်သက်မှုမပါရှိဘဲ မိမိတို့၏ တူညီဆန္ဒဖြင့် ဆုံးဖြတ် လုပ်ကိုင်သည့် ဂုဏ်သိက္ခာသမာဓိကို ထိန်းသိမ်းကာ ဒေသတွင်းစိန်ခေါ်မှုများကို ကိုင်တွယ် ဖြေရှင်းကြရမည်ဖြစ်ပါသည်။

လေးစားအပ်ပါသော မြန်မာပြည်သူပြည်သားများနှင့် အာဆီယံ ပြည်သူများခင်ဗျား

ယခုကဲ့သို့ (၅၈)နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခါသမယတွင် မတူ ကွဲပြားသော်လည်း စည်းလုံး ညီညွတ်မှုရှိစွာဖြင့် စုစည်းပြီး ကြံ့ကြံ့ခံလျက် သာယာဝပြောမှုကို မျှဝေကြသည့် အာဆီယံ၏ စံနှုန်းများကို ထိန်းသိမ်းကြရန် မိမိတို့၏ သန္နိဋ္ဌာန်ကို ထပ်လောင်း အတည်ပြုကြပါရန်နှင့် အတိတ်ကာလ အောင်မြင်မှုများကို ဂုဏ်ယူ ကျေနပ်ရုံသာမက ငြိမ်းချမ်းရေး ထိန်းသိမ်းလျက် သာယာဝပြောရေး ဖော်ဆောင်ကာ ဒေသတွင်း ကြွယ်ဝသော ယဉ်ကျေးမှုများကိုလည်း စုပေါင်းထိန်းသိမ်း ပျိုးထောင်သွားကြပါရန် တိုက်တွန်းအပ်ပါသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပြည်သူများအားလုံး အောင်မြင်မှုများ ဆက်လက် ဆွတ်ခူး နိုင်ကြပြီး ငြိမ်းချမ်းသာယာဝပြောမှုများကို နောင်လာမည့်နှစ်များတွင်လည်း ရရှိခံစားနိုင်ကြ ပါစေကြောင်း၊ အာဆီယံပြည်သူများ၏ စိတ်နှလုံးတွင်း၌ တစ်စုတစ်စည်းတည်း ဖြစ်သည် ဟူသည့် အာဆီယံစိတ်ဓာတ်များ ကိန်းဝပ်ရှင်သန်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

 

         ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ

    သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်

         ဥက္ကဋ္ဌ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်