ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ ပေးပို့သည့် သဝဏ်လွှာ (၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်)
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်
ချစ်ခင်လေးစားအပ်ပါသော မြန်မာနိုင်ငံအတွင်းရှိ မိဘပြည်သူများနှင့် ကရင်တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ
ယနေ့ ခရစ်နှစ် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်၊ ကရင်သက္ကရာဇ် ၂၇၆၃ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၅ ခု ပြာသိုလဆန်း ၁ ရက်နေ့သည် ကရင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ မြတ်နိုးတန်ဖိုးထားသည့် ကရင်အမျိုးသားနှစ်သစ်ကူး နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ ကရင်နှစ်သစ်ကူးအခါသမယတွင်ကရင်တိုင်းရင်းသားများအပါအဝင်မိဘပြည်သူအားလုံးကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်း စသည့် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်းဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။
ကမ္ဘာပေါ်ရှိ လူမျိုးအသီးသီးတို့သည် ရှေးပဝေသဏီကပင် မိမိတို့ဆိုင်ရာ လူမျိုးအလိုက်စုပေါင်း၍ ရေကြည်ရာမြက်နုရာဒေသများသို့ အဆင့်ဆင့်ရွှေ့ပြောင်းနေထိုင်အခြေချခဲ့ကြသည်။ ကရင်လူမျိုးတို့သည် ဘီစီ ၇၃၉ ခုနှစ်၌ မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိအခြေချနေထိုင်လာခဲ့ခြင်းကြောင့် ကရင်အမျိုးသားများ စတင်ရောက်ရှိခဲ့သည့် ဘီစီ ၇၃၉ ခုနှစ်ကို အခြေခံပြီး တွက်ချက်လာခဲ့ကြရာ ယခုနှစ်သည် ကရင်သက္ကရာဇ် ၂၇၆၃ ခုနှစ်ဖြစ်ပါသည်။
ယခုနှစ်တွင် ကျရောက်သည့် ကရင်သက္ကရာဇ် ၂၇၆၃ ခုနှစ်၊ သလေး (စကောကရင်) (၁) ရက်နေ့နှင့် ထိုင်ခေါက်ဖို (ပိုးကရင်) (၁) ရက်နေ့သည် ကရင်တိုင်းရင်းသားတို့၏ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ဖြစ်ပါသည်။ မြန်မာသက္ကရာဇ်အရဆိုပါက ၁၃၈၅ ခုနှစ် ပြာသိုလဆန်း (၁) ရက်နေ့ဖြစ်ပါသည်။ ကရင်နှစ်သစ်ကူးနေ့ကို နိုင်ငံတော်အစိုးရက မြန်မာတစ်နိုင်ငံလုံး တရားဝင်ရုံးပိတ်ရက်အဖြစ် ဂုဏ်ပြုသတ်မှတ်ပေးထားပါသည်။
ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားမိဘပြည်သူညီအစ်ကိုမောင်နှမများခင်ဗျာ
ကရင်အမျိုးသားဆိုသည်မှာ လူမျိုးတစ်ခုတည်း၏ အမျိုးဇာတိ၊ ဘာသာအယူဝါဒ၊ ယုံကြည်ကိုးကွယ်မှုတို့နှင့်မသက်ဆိုင်ဘဲ အားလုံးသော ကရင်မျိုးနွယ်များ၊ မျိုးနွယ်စုများ၊ မိသားစုဝင်အနွယ်တူ လူမျိုးများအားလုံးကိုစုပေါင်း၍ ခေါ်ဆိုခြင်းဖြစ်ပါသည်။ ကရင်မျိုးနွယ်စု (၁၁)မျိုးရှိပြီး ၎င်းတို့မှာ ကရင်လူမျိုး၊ ကရင်ဖြူလူမျိုး (ဂေဘားကရင်)၊ ပလေကီး လူမျိုး (ပလေချီး)၊ မွန်ကရင်လူမျိုး (စာဖြူ) (အရှေ့ပိုးကရင်)၊ စကောကရင်လူမျိုး၊ တလှေပွာလူမျိုး (တလှေပွား)၊ ပကူးလူမျိုး၊ ဘွဲ လူမျိုး၊ မောနေပွားလူမျိုး၊ မိုးပွလူမျိုး(မိုးပွား)၊ ပိုးကရင်လူမျိုး(ရှို) (အနောက်ပိုးကရင်) တို့ဖြစ်သည်ကို တွေ့ရှိရပါသည်။ ကရင်လူမျိုးများတွင် စကောကရင်နှင့် ပိုးကရင်ဟူ၍ အဓိကလူမျိုးစုကြီး နှစ်စုရှိပြီး ယဉ်ကျေးမှုဓလေ့စရိုက်နှင့် အသုံးပြုသောဘာသာစကားတွင် ကွဲပြားခြားနားမှုရှိသည်ကို တွေ့ရှိရပါသည်။
ကရင်တိုင်းရင်းသားများသည် မြန်မာတိုင်းရင်းသားများဖြစ်သည်နှင့်အညီ ကရင်ပြည်နယ်နှင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် နေထိုင်ခဲ့ကြပါသည်။ အထူးသဖြင့် မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် ပျံ့နှံ့နေထိုင်လျက်ရှိကြပါသည်။ သမိုင်းတစ်လျှောက် မြန်မာနိုင်ငံအနှံ့ တိုင်းရင်းသားအားလုံးနှင့် အေးအတူပူအမျှ စည်းလုံးညီညွတ်စွာ အတူယှဉ်တွဲနေထိုင် ခဲ့ကြပါသည်။ ထိုမျှသာမက မိမိတို့နိုင်ငံသူ့ကျွန်လက်အောက် ကျရောက်ခဲ့စဉ်ကလည်း နိုင်ငံလွတ်လပ်ရေးအတွက် မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်၊ နိုင်ငံချစ်စိတ်အပြည့်ဖြင့် တိုင်းရင်းသားအားလုံးနှင့်အတူ အသက်၊ သွေး၊ ချွေးစတေး၍ တိုက်ပွဲဝင်ခဲ့ကြသည်မှာ လေးစားဂုဏ်ယူဖွယ်ရာဖြစ်ပါသည်။
ကရင်ပြည်နယ်၏ အထင်ကရနေရာအမှတ်အသားသည် ဇွဲကပင်တောင်ဖြစ်သကဲ့သို့ ကရင်တိုင်းရင်းသားတို့၏ ကိုယ်စားပြုယဉ်ကျေးမှုသင်္ကေတမှာ ဖားစည်နှင့် ကျွဲချိုဖြစ်ပါသည်။ ကရင်မျိုးနွယ်စုအားလုံးတို့သည် နှစ်သစ်ကူးပွဲ၊ အိမ်သစ်တက်ပွဲ၊ ကောက်သစ်စားပွဲ၊ လိပ်ပြာခေါ်ပွဲ၊ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာပွဲတော်စသည့် ဘာသာရေးဆိုင်ရာနှင့် ရိုးရာပွဲတော်များကို သတ်မှတ်ကာလအလိုက် ပြုလုပ်ကျင်းပကြပါသည်။ ထို့ပြင် ကရင်လူမျိုးတို့၏ ကရင်ဒုံးအကသည် မြူးကြွသွက်လက်၍ လူကြိုက်များသောအကဖြစ်ပြီး ပြည်တွင်း၌သာမက ကမ္ဘာအနှံ့အထိပျံ့နှံ့ကာ နိုင်ငံတကာက စိတ်ဝင်စားနှစ်ခြိုက်မြတ်နိုးကြသည့် မိမိတို့ တိုင်းရင်းသားကိုယ်ပိုင်ယဉ်ကျေးမှုအကတစ်ခု ဖြစ်ပါသည်။
မြန်မာနိုင်ငံအတွင်းနေထိုင်ကြသည့် ကရင်တိုင်းရင်းသားများနှင့် အနယ်နယ်အရပ်ရပ်ရှိ ကရင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံးအနေဖြင့် စည်းလုံးညီညွတ်ခြင်းများနှင့်အတူ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်သွားကြရမည်ဖြစ်ပါသည်။ တိုင်းရင်းသားအားလုံးတို့သည် မိမိတို့၏ကောင်းမြတ်သော အစဉ်အလာများကို အစဉ်အမြဲထိန်းသိမ်းစောင့်ရှောက်သွားမည်ဆိုပါက ပြည်ထောင်စုကြီး စည်းလုံးညီညွတ်စွာဖြင့် အရှည်တည်တံ့ခိုင်မြဲနေမည်ဖြစ်ပါသည်။
ထို့ကြောင့် ကရင်တိုင်းရင်းသားများအနေဖြင့် မိမိတို့၏ တိုင်းရင်းသားစာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့ ထုံးတမ်း၊သမိုင်းအမွေအနှစ်များ ဘိုးဘွားဘီဘင် အစဉ်အဆက်လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့ကြသကဲ့သို့ရိုးသားမှု၊ ကြိုးစားမှု၊သစ္စာရှိမှု၊ တိကျပြတ်သားစွာဆောင်ရွက်တတ်မှု စသည့်အစဉ်အလာ ကောင်းများကိုနောင်အနာဂတ် တိုင်းရင်းသားလူငယ်မျိုးဆက်သစ်များက ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားကြရန်တိုက်တွန်းလိုပါသည်။
ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားမိဘပြည်သူညီအစ်ကိုမောင်နှမများခင်ဗျာ
မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်ရေးအတွက် ရည်မှန်းချက်များနှင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက် ( ၉ ) ရပ်တို့ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများနှင့်အတူ ဒေသအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရသော တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအစိုးရအဖွဲ့များက ရည်မှန်းချက်များအောင်မြင်ရေး အလေးထားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ အားလုံးပူးပေါင်း၍ ညီညီညွတ်ညွတ် ဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။ နိုင်ငံတော်အနေဖြင့် ပြည်သူများအတွက် တည်ငြိမ်အေးချမ်းရေးနှင့် အဘက်ဘက်မှဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့်အကျုံးဝင်သော စိုက်ပျိုး၊မွေးမြူရေးကို ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိပါသည်။ ၎င်းမှတစ်ဆင့် ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိပါသည်။
၎င်းအပြင် နိုင်ငံနှင့်ပြည်သူလူထုအတွက်အကျိုးရှိပြီး ရေရှည်အာမခံချက်ရှိသော စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်ပါက လုပ်ငန်းရှင်၊ အလုပ်သမား၊ နိုင်ငံတော်နှင့် ပြည်သူအကျိုးများစွာရရှိနိုင်သည့်အတွက် ရင်းနှီးမြှုပ်နှံမှုများကို အားပေးဆောင်ရွက်လျက်ရှိပါသည်။ မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားရေး အင်အားတောင့်တင်းခိုင်မာရန်မှာလည်း အဓိက လိုအပ်ချက်တစ်ရပ်ဖြစ်ပါသည်။ ဒေသအလိုက် စိုက်ပျိုးရေးနှင့် မွေးမြူရေးသဘာဝထွက်ကုန်များကို အခြေခံသော MSME လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရေးအတွက် အခြေခံသွင်းအားစုများ တိုက်ရိုက်တင်သွင်းနိုင်ရေးဆောင်ရွက်၍ စီးပွားရေးကို မြှင့်တင်ကြရမည်ဖြစ်ပါသည်။
ပြည်နယ်အတွင်းထွက်ရှိသည့် ကုန်ကြမ်းများကိုအခြေပြုပြီး “ဒေသတစ်ခု ထုတ်ကုန်တစ်ခု” ဖြစ်အောင် ကြိုးစားလုပ်ဆောင်သွားနိုင်ပါက တိုင်းရင်းသားတို့၏ လူမှုစီးပွားဘဝကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး တစ်ဖက်တစ်လမ်းကလည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားလိုပါသည်။
ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားမိဘပြည်သူညီအစ်ကိုမောင်နှမများခင်ဗျာ
ယခုအချိန်တွင် ကရင်ပြည်နယ် ဒေသအချို့အပါအဝင် နိုင်ငံတော်အတွင်းဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် နိုင်ငံတော်နှင့် ပြည်သူအားလုံး ဘက်ပေါင်းစုံမှ များစွာထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိပါသည်။ အမှန်တရားအပေါ်အခြေမပြုဘဲ ပြည်တွင်းပြည်ပသွေးထိုးမြှောက်ပင့်မှုများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့၏ အားပေးကူညီမှုများကြောင့် ဖြစ်ပေါ်နေသည့် ဆူပူအကြမ်းဖက်မှုများနှင့် တိုက်ပွဲများ၏ ဆိုးကျိုးနှင့် ဆင်းရဲဒုက္ခကို လက်တွေ့ခံစားနေကြရသူများမှာ တိုင်းရင်းသားပြည်သူများသာ ဖြစ်ပါသည်။ အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြရပြီး စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်ဘက်ပေါင်းစုံတွင် အခက်အခဲများစွာကို ရင်ဆိုင်နေကြရပါသည်။ အချိန်ကာလကြာမြင့်စွာ အချိန်ယူတည်ဆောက်ခဲ့ရသည့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများမှာ ပျက်စီးဆုံးရှုံးပြီး မူလအခြေအနေပြန်လည်ရရှိရန် အချိန်ကာလ၊ လူအင်အား၊ ငွေအင်အား ဘက်ပေါင်းစုံမှ ကြိုးစားတည်ဆောက်ကြရမည်ဖြစ်ပါသည်။
နိုင်ငံအတွင်းဖြစ်ပွားနေသည့် ဆူပူအကြမ်းဖက်မှုများနှင့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ပျက်စီးဆုံးရှုံးသွားသမျှသော အသက်ခန္ဓာများနှင့် အရာဝတ္ထုအားလုံးမှာ မိမိတို့နိုင်ငံ၏ အဖိုးတန်အရင်းအမြစ်များပင်ဖြစ်ပါသည်။ တည်ငြိမ်အေးချမ်းမှုမရှိသော နေရာဒေသသည် ဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောမှုကင်းဝေးလျက် ဒေသခံတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝမှာလည်း နိမ့်ကျလျက်ရှိနေမည်ဆိုသည့်အချက်ကို အားလုံးက သတိပြုအလေးအနက်ထားကြစေလိုပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဒို့တာဝန်အရေးသုံးပါးဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို အမျိုးသားရေးခံယူချက်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ အမျိုးသားရေးလုပ်ငန်းသုံးရပ်ကိုအခြေခံသော ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် နိုင်ငံတော်ကိုတည်ဆောက်ပေးထားခြင်းဖြစ်ပြီး ခိုင်ခိုင်မာမာဆောင်ရွက်ထားခြင်းဖြစ်သဖြင့် လုံးဝအထိခိုက်ခံမည်မဟုတ်ပါကြောင်း အလေးအနက်ပြောကြားလိုပါသည်။
ထို့ပြင် နိုင်ငံတော်ငြိမ်းချမ်းရေးအတွက် အစဉ်ထာဝရတံခါးဖွင့်ကြိုဆိုလျက်ရှိပြီး အခက်အခဲမှန်သမျှကို လက်နက်ကိုင်လမ်းစဉ်ဖြင့်မဖြေရှင်းဘဲ ဆွေးနွေးညှိနှိုင်း ခြင်းဖြင့် NCA ပါ သဘောတူညီချက်များနှင့်အညီ လက်တွဲဖြေရှင်းဆောင်ရွက်နိုင်ကြပါရန် တိုင်းရင်းသားအဖွဲ့အစည်းများအားလုံးကို အမြဲလက်ကမ်းဖိတ်ခေါ် ကြိုဆိုလျက်ရှိပါကြောင်း ထပ်လောင်းပြောကြားလိုပါသည်။
ယနေ့ မိမိတို့နိုင်ငံအတွက် လိုအပ်လျက်ရှိသော တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကရင်ပြည်နယ်အပါအဝင် တိုင်းရင်းသားပြည်သူအားလုံးက ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှသာလျှင် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ရပ်တည်နိုင်မည်ဖြစ်ပါသည်။ မိမိတို့နေထိုင်ရာဒေသများတွင် တိုက်ပွဲများနှင့် ဆူပူအကြမ်းဖက်မှုများ လျော့နည်းပပျောက်လာအောင် အချင်းချင်းဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ပြီး တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စုကြီး အေးချမ်းသာယာဝပြောရေးဆောင်ရွက်ကြကာ နိုင်ငံနှင့်ပြည်သူအကျိုးကို အကောင်အထည်ဖော်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်လျက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ သဝဏ်လွှာပေးပို့အပ်ပါသည်။
ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ
သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်
နိုင်ငံတော်ဝန်ကြီးချုပ်
ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
- Log in to post comments