Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်၊ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါဝင်ဆန္ဒမဲပေး

နေပြည်တော် ဒီဇင်ဘာ ၂၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ယနေ့နံနက် ၆ နာရီမှစတင်၍ နိုင်ငံတစ်ဝန်းလုံးတွင် ကျင်းပပြုလုပ်ရာ မဲဆန္ဒရှင်ပြည်သူများက သက်ဆိုင်ရာ မဲရုံများတွင် ဆန္ဒမဲများပေးကြသည်။

ပါဝင်ဆန္ဒမဲပေး

ထိုသို့ဆန္ဒမဲများပေးကြရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် အနော်ရထာရပ်ကွက်ရှိ မဲရုံအမှတ်(၁)၌ ပါဝင်ဆန္ဒမဲပေးကြသည်။

ပြန်လည်ဖြေကြား

နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် ဆန္ဒမဲပေးပြီးချိန်တွင် မဲရုံသို့ လာရောက်သတင်းရယူကြသည့်                  ပြည်တွင်း၊ ပြည်ပမှ သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်။

မေးမြန်းဖြေကြားမှုအပြည့်အစုံမှာ-

မေး။   ။ ရွေးကောက်ပွဲကို ဦးစီးဦးဆောင်ကျင်းပဖို့ စီစဉ်ခဲ့သူတစ်ဦးအနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ကြောင်း ဘယ်လောက်အာမခံချက်ပေးနိုင်ပါသလဲ။ ပြည်သူကို ဘာသတင်းစကားများ ပါးချင်ပါသလဲ။

ဖြေ။   လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကို ဒီနေ့မဲပေးတာ ကြည့်လိုက်ရင် သိလိမ့်မယ်။ နောက်ပြီး မဲပေးဖို့အတွက် ကြိုတင်ကဏ္ဍတွေရှိတယ်။ အကြိုကာလတွေပေါ့။ အဲဒီမှာပါတီတွေရဲ့ လုပ်ဆောင်ချက်တွေ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းရဲ့ လုပ်ဆောင်ချက်တွေ၊ ရွေးကောက်ပွဲကော်မရှင်တွေရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်လိုက်ရင်လည်း တွေ့ပါလိမ့်မယ်။ ဒီနေ့မဲပေးတဲ့အခါမှာလည်း မဲပေးပြီး ညနေကျရင်လည်း အသံထွက်လာမှာပဲလေ။ မဟုတ်ဘူးလား။ အဲဒီကျရင်ပြောလို့ရတာပေါ့။ ကျွန်တော်တို့က လွတ်လပ်ပြီးတရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ အာမခံထားတယ်။ တပ်မတော်ကလုပ်တာ နာမည်ပျက်မခံဘူး။ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အကြီးအကျယ် နာမည်ပျက်ခဲ့တယ်။ တော်တော်ဆိုးဆိုးရွားရွားကို ဖြစ်ခဲ့တယ်။ ရုပ်ပျက်ဆင်းပျက်ကို နိုင်ငံတကာမှာလည်း အရှက်တကွဲဖြစ်ခဲ့တယ်။ တချို့ကျတော့လည်း မသိကျိုးကျွန်ပြုနေတာ။ တကယ်တော့ ကျွန်တော်က တကယ်စစ်ခဲ့သူ၊ ကျွန်တော်သိပါတယ်။ တကယ်ကို ဆိုးဆိုးရွားရွားဖြစ်ခဲ့တယ်။ဘယ်လိုမှကို နားလည်ပေးလို့မရတဲ့အတွက်ကြောင့် ဒီအခြေအနေထိ ရောက်သွားတာပဲဖြစ်တယ်။ ဒါကြောင့် ပြီးတဲ့အချိန်ကျလို့ရှိရင် ကြည့်ပါလို့ ကျွန်တော်ပြောချင်တယ်။ ဒါပေမယ့် ဒီနေ့တစ်ကြိမ်၊ ပြီးရင် လာမယ့်ဇန်နဝါရီ ၁၁ ရက်မှာ တစ်ကြိမ်၊ ဇန်နဝါရီ ၂၅ ရက်မှာတစ်ကြိမ် သုံးကြိမ်ပေးမယ်။ အဲဒီမှာကြည့်ပါ။ အဲဒါပြီးမှ ပြောပါလို့ ပြောချင်ပါတယ်။

မေး။   ။ ဗိုလ်ချုပ်မှူးကြီးရဲ့ နိုင်ငံရေးရည်မှန်းချက်ကိုလည်း သိချင်ပါတယ်ခင်ဗျာ။ ရွေးကောက်ပွဲအလွန် အခင်းအကျင်းမှာ ဘယ်လို စဉ်းစားထားပါသလဲ။ သမ္မတ လုပ်မှာလားခင်ဗျ။

ဖြေ။   ကျွန်တော်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံ့ဝန်ထမ်း။ ကျွန်တော်ဘာမှ တော်ရုံတန်ရုံသွားပြီးတော့မှ လုပ်ချင်ပါတယ်။ ပြုချင်ပါတယ်လို့ သွားပြောလို့မရဘူး။ နိုင်ငံရေးပါတီခေါင်းဆောင်လည်းမဟုတ်ဘူး။ ပြီးတော့ လွှတ်တော်ခေါ်တဲ့အခါကျမှ လွှတ်တော်ကနေပြီး သမ္မတရွေးချယ်ရေးနဲ့ပတ်သက်တဲ့ Process တွေ ရှိပါတယ်။ အဲဒီကျမှ သူတို့လုပ်ပါလိမ့်မယ်။ အဲဒီကျမှသာ ကျွန်တော်တို့ ပြောဖို့သင့်မယ်လို့ ယူဆပါတယ်။

မေး။   ။ မဲပေးသင့်/ မပေးသင့် တွေဝေနေတဲ့ ပြည်သူတွေအပေါ် ဘာများပြောချင်ပါသလဲ။

ဖြေ။    ပေးသင့်တာပေါ့။ ပါတီစုံဒီမိုကရေစီစနစ် လက်ခံတယ်လို့ပြောထားရင် ဒီမိုကရေစီရဲ့ အနှစ်သာရက ရွေးကောက်ပွဲကတော့ တကယ်လုပ်ဖို့ကောင်းတယ်။ ရွေးကောက်ပွဲကတော့ ပေးသင့်တယ်။ ကြိုက်ရင်ကြိုက်မယ်။ မကြိုက်ရင်မကြိုက်ဘူး။ ကိုယ်မကြိုက်တဲ့လူကို မပေးနဲ့ပေါ့၊ ကြိုက်တဲ့လူကိုပေးပေါ့။ အဲဒီအထဲမှာ Choice ဆိုတာရှိပါတယ်။ တချို့ပါတီတွေ၊ တချို့နေရာတွေကျလည်း Choice မရှိတာပါတယ်။ နည်းတာပါတယ်။ တချို့နေရာ ကျတော့လည်း Choice များတာပါတယ်။ ကြိုက်တဲ့လူကိုပေး။ ရတာပဲ။ ဒါကပေးသင့်တဲ့ ကိစ္စပဲ။ ဒါပေမယ့် မပေးဘူးဆိုလို့ရှိရင် သူဟာဒီမိုကရေစီစနစ်ကို အပြည့်အဝ နားမလည်ဘူးလို့ ကျွန်တော်ယူဆလို့ရတာပေါ့။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် ကော်မရှင်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်တို့မှ သက်ဆိုင်ရာ မဲရုံများအလိုက် မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမဲပေးနေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

အလားတူ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် ပျဉ်းမနားမြို့နယ် ရွာကောက်ရပ်ကွက် မဲရုံအမှတ်(၂)တွင် မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမဲပေးနေမှုများအား လာရောက်ကြည့်ရှုလေ့လာကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကာဇက်စတန်နိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့မှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။