Skip to main content

ပဲခူးမြို့တွင် ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကျင်းပ

ပဲခူး ဩဂုတ် ၂၉

 

ပဲခူးမြို့ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့  မင်္ဂလာအခမ်းအနား   ကျင်းပရာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်တို့ တက်ရောက်ချီးမြှင့်ကြသည်။

 

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng phang နော်တောင်နှင့် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတို့က ကရင်ဖားစည်အား (၉) ချက်တီး၍ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။

 

နှုတ်ခွန်းဆက်စကားပြောကြား

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က အဖွင့်အမှာစကား ပြောကြားပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng phang နော်တောင်နှင့် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတို့က နှုတ်ခွန်းဆက်စကား ပြောကြားကာ ကရင်ရိုးရာချည်ဖြူဖွဲ့ခြင်း ဖြစ်ပေါ် လာပုံနှင့်ပတ်သက်၍ ကရင်တိုင်းရင်းသားဘာသာစာပေသင် ဆရာမတစ်ဦးက ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် သရက်ကုန်း၊ ညောင်အင်း၊ ပျဉ်းမငူကျေးရွာများမှ ကရင်တိုင်းရင်းသား/ တိုင်းရင်းသူများက ဖဲကြိုးကျစ်အကနှင့် ကရင်ရိုးရာအကများဖြင့် ကပြဖျော်ဖြေတင်ဆက်ကြပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးက ဦးဆောင်၍ ကရင်လူငယ်မောင်မယ်များက ကရင်အမျိုးသားအလံနှင့် လက်ချည်ဖွဲ့မည့်ပစ္စည်းများကို သတ်မှတ်နေရာများသို့ သယ်ဆောင်ခြင်း၊ ဘိုးဘွားများနေရာယူခြင်းတို့ ဆောင်ရွက်ကြသည်။

 

ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရား သူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာအကြီးအကဲများအား ချည်ဖြူဖွဲ့ပေးကြပြီး ကရင်အဘိုးအဘွားများအတွက် ထောက်ပံ့ငွေအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီအတွက် ထောက်ပံ့ငွေအား ပြည်ထောင်စုဝန်ကြီးကလည်းကောင်း၊ ကရင်ရိုးရာဒုံးယိမ်းအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

 

နေ့လယ်စာဖြင့်တည်ခင်း

 

ထို့နောက် ညောင်လေးပင်ခရိုင် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီဝင် ဦးစောလင်းအောင်က ကျေးဇူးတင်စကားပြောကြားပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကာ အခမ်းအနားတက်ရောက်လာကြသူများအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးကြကြောင်း သတင်းရရှိသည်။