Skip to main content
Submitted by admin on June 19, ၂၀၂၄

နေပြည်တော် မေ ၁၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Roscosmos State Space Corporation မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Savelyev Sergey Valentinovich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမိုးအောင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Roscosmos State Space Corporation မှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ရုရှားနှစ်နိုင်ငံအကြား အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ အာကာသနည်းပညာနှင့်သက်ဆိုင်သည့် ပညာတော်သင်များ စေလွှတ်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Roscosmos State Space Corporation ဒုတိယညွှန်ကြားရေးမှူးချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Date
Post Format
Standard (Image)
Breaking News
Off