Skip to main content
Submitted by admin on June 13, ၂၀၂၄

နေပြည်တော် ဇွန် ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (UAE) သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Mr. Mutaz Abdullah Abdulijaleel Mohamed Al Faheem သည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။

ထို့နောက် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ လေကြောင်းတိုက်ရိုက်ပျံသန်းမှုများ တိုးချဲ့ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ခရီးသွားကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍနှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးကိစ္စရပ်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာရှိစေရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ၊ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နေရပ်စွန့်ခွာသူများကို မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်များနှင့်အညီ စိစစ် ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့်စပ်လျဉ်းပြီး ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (UAE) သံအမတ်ကြီးတို့သည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန်တို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Date
Breaking News
Off