နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြစ်ကြီးနားမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေး
နေပြည်တော် ဒီဇင်ဘာ ၁၇
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်နှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား သွားရောက်ကြည့်ရှုအားပေးစကားပြောကြားသည်။
ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် နယ်မြေခံတပ်မတော်ဆေးရုံသို့ရောက်ရှိရာ ဆေးရုံတပ်မှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးတော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များကို တစ်ဦးချင်းလိုက်လံကြည့်ရှု၍ ဒဏ်ရာရရှိမှု၊ ရောဂါဖြစ်ပွားမှု အခြေအနေများ၊ ဆေးဝါးကုသပေးထားမှုအခြေအနေများနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်လာမှုအခြေအနေများကို ရင်းရင်းနှီးနှီး လိုက်လံမေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားကာ ဆေးရုံတွင်တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။
ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ရှောင်လမ်းအတွင်း မော်တော်ယာဉ်များဖြင့် လိုက်လံကြည့်ရှုစစ်ဆေးပြီး နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များကို လိုက်လံကြည့်ရှုစစ်ဆေးကာ အိမ်ထောင်သည်လိုင်းခန်းတွင် ရဲမေများနှင့်တွေ့ဆုံ၍ တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရိပ်သာဧည့်ခန်းမ၌ ပြည်နယ်/ ခရိုင်/ မြို့နယ်များမှ ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့်တွေ့ဆုံ၍ ပြည်နယ်အတွင်း ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးမှာကြားသည်။
တွေ့ဆုံစဉ် ကချင်ပြည်နယ်ပညာရေးမှူး ဦးစိုးသိုက်က ပြည်နယ်အတွင်း ယခုနှစ် Grade-12 ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ အောင်ချက်မြင့်မားရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု၊ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က ဆွေးနွေးပြောကြားရာတွင် ယခုနှစ်ဖြေဆိုကြမည့် Grade-12 စာမေးပွဲနှင့်ပတ်သက်၍ ကချင်ပြည်နယ်၏ ယမန်နှစ် Grade-12 စာမေးပွဲအောင်ချက်ရာခိုင်နှုန်းသည် ၄၇ ဒသမ ၇၆ ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံးတွင် အောင်ချက်ရာခိုင်နှုန်း အဆင့်(၁)ရရှိခဲ့ကြောင်း၊ ထို့ကြောင့် ယမန်နှစ်ရရှိခဲ့သည့်အဆင့်ထက် မလျော့ကျသွားအောင် ယခုနှစ်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအား ထူးချွန်အောင်မြင်စေရန်နှင့် အောင်ချက်ရာခိုင်နှုန်း ဆက်လက်မြင့်မားစေရေး၊ တန်းစဉ်ကူးပြောင်းမှုနှင့်ပတ်သက်၍ အတန်းအလိုက် နှစ်စဉ်အပြည့်အဝတန်းစဉ်ကူးပြောင်းနိုင်ရေး တာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် မိဘများက အတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ထို့ပြင် ဆရာ ဆရာမများအနေဖြင့်လည်း ကျောင်းသား ကျောင်းသူများကို စာပေပညာသင်ကြားပေးရာတွင် တန်းစဉ်အလိုက် စာကျေအောင်၊ စာတတ်အောင် လေ့ကျင့်သင်ကြားပေးကြရန်လိုကြောင်း မှာကြားပြီး လိုအပ်သည်များကို ပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
- Log in to post comments