Skip to main content

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပူတာအိုတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံ အမှာစကားပြောကြား

နေပြည်တော် ဒီဇင်ဘာ ၁၇

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့ မွန်းလွဲပိုင်းတွင် ပူတာအိုမြို့ရှိ တပ်နယ်ခန်းမ၌ ပူတာအိုတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံ၍ အမှာစကားပြောကြားသည်။

တွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပူတာအိုတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် မိမိတို့တပ်မတော်သားများသည် သစ္စာ (၄)ချက်ကို နေ့စဉ်ရွတ်ဆိုနေကြသူများဖြစ်သည့်အတွက် သစ္စာ(၄)ချက်အပေါ်တွင် သစ္စာစောင့်သိ၊ သစ္စာရှိရန်လိုကြောင်း၊ မိမိနိုင်ငံအပေါ်၊ မိမိနိုင်ငံသားများအပေါ်၊ မိမိတပ်မတော်သားများအပေါ်တွင် သစ္စာစောင့်သိသွားကြရန်လိုကြောင်း၊ တပ်မတော်၏အဓိကတာဝန်သည် နိုင်ငံတော်ကိုကာကွယ်ပေးရန်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ လေထု၊ မြေထု၊ ရေထုများကို တစ်လက်မမျှကျူးကျော်မှုမရှိစေရေး ကာကွယ်ပေးရန်မှာ မိမိတို့တာဝန်ဖြစ်ကြောင်း။

ထိုသို့ ကာကွယ်နိုင်ရန်အတွက် တပ်မတော်အနေဖြင့် အင်အားတောင့်တင်းပြီး စွမ်းရည်သုံးရပ်ပြည့်စုံနေရန်လိုကြောင်း၊ တစ်ဦးချင်း၏ တိုက်ပွဲဝင်စိတ်ဓာတ်ကို တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်ဓာတ်တို့ဖြင့် သင်ယူထားသောစစ်ပညာများကို ကြံရည်ဖန်ရည်ဖြင့် အသုံးချနိုင်ရန်လိုအပ်ပြီး စစ်မြေပြင်တွင် တစ်ဦးချင်း၏ တိုက်ပွဲစွမ်းရည်ကို ဟန်ချက်ညီပေါင်းစပ်၍ အဖွဲ့ အစည်း၏ တိုက်ပွဲစွမ်းရည်ကို မြင့်တင်နိုင်ရန်လိုအပ်ကြောင်း။

ထိုသို့ဆောင်ရွက်နိုင်ရန် လေ့ကျင့်သင်ကြားထားသည့် စစ်ပညာများကို ကျွမ်းကျင်အောင် လေ့ကျင့်နေရန်နှင့် ပြောင်းလဲတိုးတက်နေသည့် စစ်နည်းဗျူဟာများကိုလည်း အမြဲမပြတ်လေ့လာနေရန်လိုအပ်ကြောင်း၊ ကျန်းမာကြံ့ခိုင်မှ တိုက်ပွဲဝင်နိုင်မည်ဖြစ်သဖြင့် နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုများကိုလည်း အမြဲမပြတ် လုပ်ဆောင်သွားကြရန်လိုကြောင်း၊ လေ့ကျင့်သင်ကြားထားရှိသည့် စစ်အတတ်ပညာများ၊ စစ်နည်းဗျူဟာများကိုလည်း “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် ဆောင်ပုဒ်အတိုင်း လိုက်နာဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထိုသို့ အကြိမ်ကြိမ်အဖန်ဖန် လေ့ကျင့်မှသာ ကျွမ်းကျင်မှုရှိ၍ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိလာမည်ဖြစ်ပြီး တိုက်ပွဲဝင်သည့်အခါ ရဲစွမ်းသတ္တိများဖြင့် ရဲသုံးရဲဖြင့် အောင်ပွဲခံနိုင်မည်ဖြစ်ကြောင်း၊ လေ့ကျင့်ရာတွင်လည်း အဖွဲ့လိုက်ပါလေ့ကျင့်နိုင်ရေး တစ်ဦးချင်းသာမက တာဝန်ရှိသူများက စီမံဆောင်ရွက်ရန်လိုအပ်ပြီး အမြဲတမ်းလေ့ကျင့်ရမည်၊ အမြဲတမ်းစစ်ရေးသတိရှိရမည်၊ အမြဲတမ်းတိုက်ပွဲဝင်အသင့်ဖြစ်ရမည်ဆိုသည့် မြဲ(၃)မြဲနှင့်အညီဆောင်ရွက်ရန် လိုအပ်ကြောင်း။

အုပ်ချုပ်ရေးပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ တပ်ရင်း/တပ်ဖွဲ့တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၏ စားဝတ်နေရေး၊ သွားလာရေးနှင့် ပညာရေး၊ ကျန်းမာရေးစသည့်ကဏ္ဍများကို တာဝန်ရှိသူများအနေဖြင့် ပံ့ပိုးဆောင်ရွက်ပေးနိုင်ရန်၊ ညီညွတ်မျှတစွာအုပ်ချုပ်ကွပ်ကဲကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသွားကြရန်နှင့် ရသင့်ရထိုက်သည်များ မှန်မှန်ကန်ကန်နှင့် ပြည့်ပြည့်ဝဝရရှိအောင် ကြပ်မတ်ကွပ်ကဲခြင်းဖြင့် သက်သာချောင်ချိရေးကို ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ သို့မှသာ အထက်နှင့်အောက် အပြန်အလှန်လေးစားယုံကြည်မှုရှိပြီး စိတ်အေးချမ်းသာစွာဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အမြဲလမ်းညွှန်မှာကြားချက်ဖြစ်သည့် သင့်လေးသင့်ကို လိုက်နာဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ကျေပွန်စွာထမ်းရွက်နိုင်ရန်အတွက် တပ်တွင်း၊ တပ်ပြင် စည်းလုံးညီညွတ်ရေး၊ ပြည့်ဝခိုင်မာနေရန် အထူးလိုအပ်ကြောင်း။

မကြာမီ ကျင်းပပြုလုပ်မည့် လွတ်လပ်ပြီးတရားမျှတသောပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို တပ်မတော်က ဦးစီးကျင်းပသွားမည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင်ကျင်းပခဲ့သည့်ရွေးကောက်ပွဲကဲ့သို့ မဲမသမာမှုများမဖြစ်ပေါ်စေရေး အထူးဂရုပြုဆောင်ရွက်သွားရမည်ဖြစ်သည့်အတွက် မဲမသမာမှုများပြုလုပ်၍မရနိုင်သည့် ဒစ်ဂျစ်တယ်ဖြင့် မဲပေးသည့်စနစ် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များကို အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ယင်းစနစ်ကို နိုင်ငံတကာ၌လည်း ရွေးကောက်ပွဲများတွင် အသုံးပြုနေသည်ကို တွေ့ရှိရကြောင်း၊ ပြည်သူများ စိတ်အေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် နယ်မြေတည်ငြိမ်အေးချမ်းရေးသည် အရေးကြီးသည့်အတွက် လုံခြုံရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဌာနေပြည်သူ့စစ်အဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ၊ စေတနာ့ဝန်ထမ်း၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများက အတူတကွပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း။

မဲပေးရာတွင်လည်း မဲပေးမည့်ကိုယ်စားလှယ်သည် တပ်မတော်နှင့်စိတ်တူကိုယ်တူလက်တွဲဆောင်ရွက်နိုင်သည့်သူ၊ ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းလိုက်နာမည့်သူ၊ မိမိဒေသကောင်းကျိုးဆောင်ရွက်နိုင်သူ၊ အကျင့်စာရိတ္တကောင်းမွန်သူ၊ ကျန်းမာကြံ့ခိုင်ပြီး အဖွဲ့အစည်းကို ဦးဆောင်ဦးရွက်ပြုလုပ်နိုင်သူများကို ရွေးချယ်၍ ဆန္ဒမဲများပေးနိုင်ရန် လိုကြောင်း။

ပညာရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံ၏ လက်ရှိလူဦးရေသည် ၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ ၅၁ သန်းကျော်ရှိပြီး လူဦးရေ ၅၁ သန်းတွင် ကျောင်းနေအရွယ်များကို ကြည့်မည်ဆိုပါက ကလေးငယ် ၁၀ ဦးလျှင် ၉ ဦး သည် ကျောင်းတက်လျက်ရှိကာ ၉၀ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ကျောင်းနေအရွယ် အသက် ၁ဝ နှစ်မှ ၁၄ နှစ်တွင် ၉၄ ဒသမ ၈ ရာခိုင်နှုန်း တွေ့ရှိရကြောင်း၊ ကျောင်းနေအရွယ် အသက် ၁၅ နှစ်မှ ၁၉ နှစ် အခြေခံပညာအဆင့်တွင် ၄၅ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး အသက်၂၀ နှစ်မှ ၂၄ နှစ် တက္ကသိုလ်အဆင့်တွင် ၁၅ ရာခိုင်နှုန်းသာရှိသည်ကိုတွေ့ရှိရပြီး အသက် ၂၅ နှစ်အထက်တွင် မရှိသလောက်နည်းပါးကြောင်း၊ တန်းစဉ်ကူးပြောင်းမှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် များစွာအားနည်းမှုရှိနေသည့်အတွက် မိမိတို့တပ်နယ်အတွင်း မိသားစုဝင်များ၏သားသမီးများ တန်းစဉ်ကူးပြောင်းမှုတွင် အားလုံးပါဝင်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရန်နှင့် ၂၀၂၆ ခုနှစ် မတ်လတွင် ကျင်းပတော့မည့် Grade-12 စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် တပ်နယ်မှ ကျောင်းသား ကျောင်းသူများ ထူးချွန်စွာအောင်မြင်စေရေး တာဝန်ရှိသူများနှင့်မိဘများအနေဖြင့် လိုအပ်သည်များကို ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်မိသားစုများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအတွက် စားသောက်ဖွယ်ရာများ၊ ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တွေ့ဆုံပွဲသို့ တက်ရောက်လာသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။