Skip to main content

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Mongkol Visitstump အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇန်နဝါရီ ၂၆

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump အား ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရနှင့်တပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် ဖြစ်ပွားလျက်ရှိသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ၊ မူးယစ်ဆေးဝါးများနှင့် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့် ဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံကုန်သွယ်မှု၊ ကုန်စည်စီးဆင်းမှုများ ပြန်လည် ကောင်းမွန်ရေးအတွက် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ အမြန်ဆုံး ပြန်လည် ဖွင့်လှစ်နိုင်ရေးနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးတို့ကို နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့မှုအခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပြီး စုပေါင်းဓာတ်ပုံရိုက်ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် ညွှန်ကြားရေးမှူးချုပ် ဦးသက်ဝင်းတို့ တက်ရောက်ကြပြီး ထိုင်းနိုင်ငံသံအမတ်ကြီးနှင့်အတူ သံရုံးဒုတိယယာယီတာဝန်ခံနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။