Skip to main content

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် ဩဂုတ် ၁၂

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင် အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးသန်းဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းတို့ တက်ရောက်ကြသည်။

အောင်မြင်အောင် ဆောင်ရွက်

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် အေးချမ်းသာယာရေး၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးတို့အတွက် လိုအပ်သည့် လမ်းညွှန်မှုများပြုလုပ်နိုင်ရန်နှင့် ထိရောက်စွာ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ရွေးကောက်ပွဲ ကျင်းပပြီးစီးချိန်တွင် လွှတ်တော် ခေါ်ယူ၍ ထွက်ပေါ်လာသည့် အစိုးရအနေဖြင့် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နိုင်အောင် ဆောင်ရွက်ပေးရေးပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ဆောင်ရွက်ပေးသွားရမည် ဖြစ်ပြီး မဲစာရင်းများ မှန်ကန်မှုရှိစေရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများတွင် ပါဝင်သည့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူခြင်းကိုလည်း အတိုင်းအတာတစ်ခုအထိ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲ ကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်းဆောင်ရွက်သကဲ့သို့ မဲဆန္ဒနယ်များအလိုက် အချက်အလက်များ ကောက်ယူခြင်းနှင့် နယ်မြေများအလိုက် လုံခြုံရေးဆိုင်ရာ အချက်အလက်များရယူခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း။

ဥပဒေနှင့်ညီညွတ်ရန်အရေးကြီး

ရွေးကောက်ပွဲကျင်းပပြုလုပ်ခြင်းသည် လွှတ်တော်အသီးသီးကို ခေါ်ယူဖွဲ့စည်းနိုင်ရန် ဖြစ်ကြောင်း၊ လွှတ်တော်မှနေ၍ သမ္မတ၊ ဒုတိယသမ္မတ၊ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများ၊ သမ္မတမှ တာဝန်ပေးအပ်သည့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများတွင် တာဝန်ပေးအပ်ပြီး အစိုးရအဖွဲ့ တာဝန်ပေးအပ်နိုင်အောင် ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် ရွေးကောက်ပွဲ အထမြောက်ရန်နှင့် ဥပဒေနှင့်ညီညွတ်ရန် အရေးကြီးကြောင်း။

ရွေးကောက်ပွဲဥပဒေတွင် ဆန္ဒမဲပေးသူ မည်သည့်ရာခိုင်နှုန်းရှိမှ ရွေးကောက်ပွဲ အောင်မြင်မည်ဟု သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိကြောင်း၊ အခြားနိုင်ငံများတွင်လည်း ထိုသို့ သတ်မှတ်ထားခြင်းမရှိဟု လေ့လာသိရှိရကြောင်း၊ ၅၀ ရာခိုင်နှုန်းနှင့်အထက် ဆန္ဒမဲပေးနိုင်မည် ဆိုပါက လူထုအများစု၏ ဆန္ဒပါဝင်သည်ဟု သတ်မှတ်နိုင်မည်ဖြစ်ကြောင်း၊ သိက္ခာရှိသည့် ရွေးကောက်ပွဲ၊ အောင်မြင်သည့် ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ၌ ရွေးကောက်ပွဲကျင်းပရာတွင် ၅၀ ရာခိုင်နှုန်းအောက် မဲပေးခဲ့သည့်နိုင်ငံများလည်း ရှိသကဲ့သို့ အများစုမှာ ၅၀ ရာခိုင်နှုန်းအထက် ဆန္ဒမဲပေးကြသည်ကို လေ့လာတွေ့ရှိရကြောင်း။

လွှတ်တော်အစည်းအဝေးအထမြောက်ရန်အတွက် လိုအပ်သည့်ကိုယ်စားလှယ်များ ရရှိရေး နှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၈၅) တွင် ပထမဆုံးလွှတ်တော်အစည်းအဝေး ကျင်းပရာ၌ လွှတ်တော်တက်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ်ဦးရေ၏ ထက်ဝက်ကျော် တက်ရောက်ပါက အစည်းအဝေး အထမြောက်မည်ဟု ဖော်ပြပါရှိကြောင်း၊ အထမမြောက်ပါက ဒုတိယအကြိမ်အစည်းအဝေး၌ လွှတ်တော်တက်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ်များအနက် အနည်းဆုံး သုံးပုံတစ်ပုံ တက်ရောက်ပါက ဒုတိယအကြိမ်အစည်းအဝေး အထမြောက်သည်ဟု ဖော်ပြပါရှိကြောင်း၊ ထို့ကြောင့် လွှတ်တော်အစည်းအဝေးကျင်းပချိန်တွင် အနည်းဆုံး လွှတ်တော် ကိုယ်စားလှယ် ၅၀ ရာခိုင်နှုန်းတက်ရောက်နိုင်ရေး မိမိတို့အနေဖြင့် ရွေးကောက်ပွဲ ဆောင်ရွက် နိုင်သည့် မြို့နယ်များအားလုံး၌ ရွေးကောက်ပွဲကျင်းပနိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ မဲပေးခွင့်ရှိသူပြည်သူများအားလုံး ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်သကဲ့သို့ သဘာဝ ဘေးအန္တရာယ်ကြောင့် ရွှေ့ပြောင်းနေထိုင်နေရသည့် မဲဆန္ဒရှင်များလည်း ကြိုတင်မဲများဖြင့် ဆန္ဒမဲများပေးအပ်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့်နေရာတွင် ရောက်ရှိနေသည့် ဆန္ဒမဲပေးခွင့်ရှိသူများအားလုံး မဲပေးခွင့်များ မဆုံးရှုံးအောင် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း။

စိစစ်ကြပ်မတ်သွားရန်လို

ရွေးကောက်ပွဲကျင်းပချိန်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများကိုလည်း မဲစည်းရုံးခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပါတီရုံး ဖွင့်ခွင့်များ ရရှိရေး၊ ပါတီဝင်ခွင့်ရှိသူများ ပါတီဝင်ခွင့်ရရှိရေး ဆောင်ရွက်ပေးရန်လိုသကဲ့သို့ ပါတီ ၂ ပါတီ၊ ၃ ပါတီထပ်၍ ပါတီဝင်များ ဖောင်းပွမှုမရှိစေရေးအတွက်လည်း သက်ဆိုင်ရာ အဖွဲ့အစည်း များက စိစစ်ကြပ်မတ်သွားရန်လိုကြောင်း။

လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ချက်များနှင့်ပတ်သက်၍လည်း စနစ်တကျ စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးခြင်းများ ဆောင်ရွက်ချိန်တွင် ၎င်းတို့၏ လုံခြုံရေးအတွက် မိမိတို့အနေဖြင့် စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့်အချိန်ကာလအတွင်း သက်ဆိုင်ရာ မြို့နယ်များအလိုက် ဆန္ဒမဲပေးနိုင်ရေး လုံခြုံရေးအရ အာမခံချက်ရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း။

ရွေးကောက်ပွဲဖြစ်မြောက်မှုမရှိစေရေး ပြည်တွင်း၊ ပြည်ပမှ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လာမည့်သူများ၊ အဖွဲ့အစည်းများလည်း ရှိနိုင်မည်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲအောင်မြင်မှု မရှိစေရေး နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်လာနိုင်ကြောင်း၊ အလားတူ ပြည်ပနိုင်ငံများအနေဖြင့်လည်း မိမိတို့နိုင်ငံ၌ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့်အပေါ် ထောက်ခံအားပေးသည့်၊ အပြုသဘောဆောင်သည့် နိုင်ငံများရှိသကဲ့သို့ ရွေးကောက်ပွဲအပေါ် စောဒကတက်သည့် နိုင်ငံများလည်း ရှိနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ကျင်းပမည့်ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး၊ မသမာမှုကင်းရှင်းသည့် ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ မဲမသမာမှု မရှိစေရေးအတွက်လည်း မြန်မာအီလက်ထရောနစ် မဲပေးစက် များကို ငွေကြေးအကုန်အကျခံ၍ ဆောင်ရွက်ထားခြင်းဖြစ်ပြီး မည်ကဲ့သို့သော မသမာမှုမျိုးမျှ ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း၊ ရွေးကောက်ပွဲတွင်ပါဝင်မည့် နိုင်ငံရေးပါတီဝင်များ၊ ကိုယ်စား လှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးသည့်ကာလမှ မဲပေးသည့်ကာလအထိ လုံခြုံစွာဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်ရေး လိုအပ်သည့် ကာကွယ်ပေးမှုများကိုလည်း ဆောင်ရွက်ပေးသွားရမည် ဖြစ်ကြောင်း။

သုတေသနပြုလုပ်အဖြေရှာ

နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုတို့အား ဒလန်ဟုစွပ်စွဲ၍ သတ်ဖြတ်နေမှုများနှင့် ပတ်သက်၍လည်း ရွေးကောက်ပွဲကာလတွင် ပိုမိုဖြစ်ပေါ်လာနိုင်သဖြင့် ထိရောက်သည့် ဟန့်တား ကာကွယ်မှုများ ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ လုပ်ဆောင်ကျူးလွန်သူများ ကိုလည်း ဝိုင်းဝန်းပူးပေါင်းဖော်ထုတ်ရမည်ဖြစ်ပြီး တရားစီရင်ရေးကဏ္ဍအနေဖြင့်လည်း အမြန်ဆုံး တရားစီရင်နိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ သာမန်အမှုအခင်းမျိုးမဟုတ်ဘဲ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူလူထုများ၏ လုံခြုံရေးကို ထိခိုက်စေမည့် ကျူးလွန်မှုဖြစ်သဖြင့် ထိရောက်သည့် တရား စီရင်မှုများဖြင့် အမြန်ဆုံးတရားစီရင်နိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း။

ကျောင်းများ ဖွင့်လှစ်သင်ကြားပေးနိုင်မှုနှင့်ပတ်သက်၍ လက်ရှိအချိန်အထိ စာရင်းများအရ တစ်နိုင်ငံလုံးတွင် လက်ရှိကျောင်းတက်ရောက်နေသူ ဦးရေ ၇ သန်းကျော်ခန့်ရှိသည်ဟုသိရှိရကြောင်း၊ ယခင်နှစ်က ဖွင့်လှစ်သင်ကြားခဲ့သည့် စာသင်ကျောင်းများအနက် ယခုနှစ်တွင် မဖွင့်လှစ်နိုင်သည့် ကျောင်းများရှိသကဲ့သို့ ယခင်နှစ်တွင် ဖွင့်လှစ်နိုင်မှုမရှိခဲ့သည့် ကျောင်းများအနေဖြင့် ယခုနှစ်တွင် ဖွင့်လှစ်နိုင်သည်များလည်းရှိကြောင်း၊ မိမိတို့အနေဖြင့် လက်ရှိဖွင့်လှစ်သင်ကြားနေသည့် ကျောင်း များအား သဘာဝဘေးအန္တရာယ်ကြောင့် မဖြစ်မနေပိတ်ရသည်မှအပ ကျောင်းပိတ်ရခြင်းများ မရှိစေရေး အလေးထား အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့”ဟူသည့်အတိုင်း ပညာရေးသည် နိုင်ငံအတွက် အလွန်အရေးကြီးကြောင်း၊ ပညာရေးနှင့် ပတ်သက်၍ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ၂၀၂၅-၂၀၂၆ ခုနှစ် စာရင်းဇယားများကို ကြည့်ရှုခဲ့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးအနေဖြင့် ကျောင်းတက်ရောက်သူဦးရေမပြည့်မီခြင်း၊ တန်းစဉ်ကူးပြောင်းမှုအားနည်းခြင်းများကို တွေ့မြင်ရကြောင်း၊ သို့ဖြစ်၍ သက်ဆိုင်ရာဝန်ကြီးဌာန အနေဖြင့် ပညာရေးအားနည်းလာမှုအပေါ် သုတေသနပြုလုပ်အဖြေရှာသွားရန် လိုအပ်မည် ဖြစ်ကြောင်း၊ မိမိတို့ကော်မရှင်အနေဖြင့်လည်း ပညာရေးအားကောင်းလာစေရန် အထူးအလေးပေး ဆောင်ရွက်သွားရန် လိုအပ်မည်ဟု ပြောကြားလိုကြောင်း။

တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်ရမည်

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့်ပတ်သက်၍ လတ်တလောကာလအတွင်း နယ်စပ် ဒေသများတွင် တရားမဝင်ကုန်သွယ်မှုများ ဖမ်းဆီးရမိမှုများရှိကြောင်း၊ တရားမဝင် ကုန်သွယ်မှု များကို တိုက်ဖျက်တားဆီးခြင်းဖြင့် တရားဥပဒေစိုးမိုးရေးကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်သကဲ့သို့ လက်နက်ကိုင်အကြမ်းဖက်မှုများကိုလည်း လျော့ကျလာစေနိုင်မည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသများရှိ လက်နက်ကိုင်အကြမ်းဖက်သမားများအနေဖြင့် တရားမဝင်ကုန်သွယ်မှုများမှ ကောက်ခံရရှိနေသည့် ဆက်ကြေးများဖြင့် ၎င်းတို့အင်အားကို ပိုမိုတည်ဆောက်လာမည်ဖြစ်ပြီး နိုင်ငံတော်တည်ငြိမ်ရေး နှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်လာစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တရားမဝင်ကုန်သွယ်မှုများကို ထိထိရောက်ရောက်တိုက်ဖျက်ခြင်းဖြင့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှု ဆောင်ရွက်နေမှု များကို ဖော်ထုတ်တားဆီးရန် တာဝန်ရှိသူများအနေဖြင့်လည်း စနစ်တကျ ကြပ်မတ်ဆောင်ရွက် သွားရန် လိုအပ်မည်ဖြစ်ပြီး နိုင်ငံတော်အပေါ် သစ္စာရှိစွာဖြင့် တာဝန်ကိုကျေပွန်အောင် ထမ်းဆောင် ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုပါကလည်း တရားမဝင် ကုန်သွယ်မှုလမ်းကြောင်းများကြောင့် နိုင်ငံတော်၏ စီးပွားရေးပျက်ခဲ့ရသည်ကို တွေ့မြင်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်ရှိ အဖိုးတန်သယံဇာတများကို မှောင်ခိုလမ်းကြောင်းများမှ ခိုးထုတ်ပြီး တရားမဝင်ကုန်စည်များကို ခိုးသွင်းခြင်းများ ဆောင်ရွက်ခဲ့ကြသဖြင့် စီးပွားရေးအားကောင်းလာမှု မရှိခြင်းဖြစ်ကြောင်း၊ “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့”ဟူသည့် ဆောင်ပုဒ်နှင့်အညီ ကုန်ထုတ်လုပ်မှုရှိမှသာလျှင် နိုင်ငံ့စီးပွားရေးသည်လည်း အစဉ်အားကောင်းနေနိုင်မည်ဖြစ်သဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြ

ထို့နောက် ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ်က တိုင်းဒေသကြီးနှင့်ပြည်နယ် အလိုက် မြို့နယ်များ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား အပိုင်းလိုက်ကျင်းပနိုင်မည့် အခြေအနေသုံးသပ်ချက်၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ ဖြန့်ခွဲအသုံးပြုနိုင်မှု၊ လုံခြုံရေးပိုင်းဆိုင်ရာ ဆောင်ရွက်ရမည့် အခြေအနေများနှင့်ပတ်သက်၍လည်းကောင်း၊ ကော်မရှင် အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နှစ်အလိုက် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ နှိုင်းယှဉ်ချက်များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်မှု နှိမ်နင်းရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှု၊ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးတိုးမြှင့် ဆောင်ရွက် သွားမည့်အစီအမံများကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) က တိုင်းစစ်ဌာနချုပ်များနှင့် နယ်မြေအလိုက် စစ်ဆင်ရေးနှင့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိမှု၊ မြို့နယ်များအလိုက် ရွေးကောက်ပွဲများ ပိုမိုတိုးချဲ့ကျင်းပနိုင်ရေး နယ်မြေစိုးမိုးရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်ပမဲဆန္ဒရှင် များအတွက် ကြိုတင်မဲပေးနိုင်ရေး ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ရွေးကောက်ပွဲဆိုင်ရာ လေ့လာဆန်းစစ်ချက်များအရ ကုလသမဂ္ဂအဖွဲ့ဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၃ နိုင်ငံတွင် ကြိုတင်မဲပေးခွင့် ပြဋ္ဌာန်းချက်မရှိသည့်နိုင်ငံ ၁၂၃ နိုင်ငံရှိပြီး နိုင်ငံပေါင်း ၇၀ တွင် ကြိုတင်မဲပေးခြင်းစနစ် လက်ခံ ကျင့်သုံးလျက်ရှိမှု၊ ထိုနိုင်ငံ ၇၀ အနက် ၅၄ နိုင်ငံတွင် ပြည်တွင်းနှင့် ပြည်ပ ကြိုတင်မဲ နှစ်မျိုးလုံး ခွင့်ပြုပြီး ၁၆ နိုင်ငံတွင် ပြည်တွင်းကြိုတင်မဲသာ ခွင့်ပြုထားမှု၊ ထိုသို့ကြိုတင်မဲပေးခွင့်ပြုရာတွင်လည်း နိုင်ငံ ၁၅ နိုင်ငံကသာ မဲဆန္ဒရှင်များအားလုံးကို လွတ်လပ်စွာ ကြိုတင်မဲပေးခွင့်ပြုထားပြီး ကျန်နိုင်ငံ ၅၅ နိုင်ငံတွင် ကြိုတင်မဲပေးခွင့်ရှိသူ မဲဆန္ဒရှင်အမျိုးအစားများကို သီးခြားသတ်မှတ်ထားမှုများနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြသည်။

ယင်းနောက် ကော်မရှင်ဒုတိယဥက္ကဋ္ဌက တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆန့်ကျင်ဘက်အဖွဲ့အစည်းများ၊ EAO များ၏ လှုပ်ရှားမှုများ၊ တပ်မတော်အနေဖြင့် စစ်ဆင်ရေးနှင့် လုံခြုံရေးဆိုင်ရာများတွင် တိုးတက်မှုများရရှိအောင် ဆောင်ရွက်နိုင်မှုများ၊ မူးယစ်ဆေးဝါးနှင့် တရားမဝင်မှောင်ခိုလုပ်ငန်းများ၊ တရားမဝင်လုပ်ငန်းများ နှိမ်နင်းရေး ဆောင်ရွက်မှုများကို တပ်မတော်နှင့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့၊ ပြည်သူ့စစ်အဖွဲ့များပူးပေါင်း၍ ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

အထွေထွေဆွေးနွေး

ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အစိုးရအဖွဲ့ဝန်ကြီးဌာနများ၏ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများ၊ ပညာရည်မြှင့်တင်ရေးဆောင်ရွက်သွားမည့်အခြေအနေများ၊ ကော်မရှင်အဖွဲ့ဝင်၊ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များ ပို့ဆောင်နေမှု အခြေအနေများ၊ ရွေးကောက်ပွဲနည်းဥပဒေနှင့်လုပ်ထုံးလုပ်နည်းများ ဆောင်ရွက်နေမှု အခြေအနေ များနှင့်ပတ်သက်၍လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ အသုံးပြုမှုနှင့် ပတ်သက်၍ ပြည်သူများသိရှိနားလည်စေရေး မီဒီယာများမှ အသိပညာပေးလျက်ရှိမှု၊ ဆန္ဒမဲပေးခွင့် ရှိသည့် ပြည်သူများအားလုံး ဆန္ဒမဲပေးကြစေရေး၊ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပ ဆောင်ရွက်နိုင်မှသာ ပြည်သူများ လိုလားတောင့်တလျက်ရှိသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပေါ်တွင် ခိုင်မာစွာဖြင့် ဆက်လက်လျှောက်လှမ်းနိုင်မည့်အခြေအနေများအား အများပြည်သူ သိရှိအောင် ဆောင်ရွက်သွားရန်လိုအပ်မှု အခြေအနေများနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်း တင်ပြကြသည်။

ဖြည့်စွက်မှာကြား

တင်ပြမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက ရွေးကောက်ပွဲကျင်းပနိုင်မည့် မြို့နယ်များ ပိုမိုတိုးတက်ရရှိရေး ဆောင်ရွက်ရမည့် စစ်ဆင်ရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ရွေးကောက်ပွဲအား အပိုင်းလိုက်ကျင်းပပြုလုပ်သွားမည့် အခြေအနေများနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များ အသုံးပြုနိုင်ရေး စီစဉ် ဆောင်ရွက်ထားမှု၊ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံရေးပါတီများ၏ လူပုဂ္ဂိုလ်လုံခြုံရေး၊ ပါတီရုံးများလုံခြုံရေး၊ ရပ်ကွက်အလိုက်လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ရန်ကိစ္စရပ်များ၊ အရည်အချင်း ရှိသည့် ရဲတပ်ဖွဲ့ဝင်များဖြစ်စေရေး ဆောင်ရွက်သွားရန်ကိစ္စရပ်များ၊ တပ်မတော်အနေဖြင့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး မီဒီယာများမှ စည်းရုံးလှုံ့ဆော်ခြင်းနှင့် ပညာပေးမှုများ ဆောင်ရွက်သွားရမည့်အခြေအနေများ၊ ဒီမိုကရေစီစနစ်ကို လိုလားသူများအနေဖြင့် ရွေးကောက်ပွဲ ဖြစ်မြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး အားပေးထောက်ခံမှုများကို မြှင့်တင်ဆောင်ရွက် ပေးသွားရမည့်အခြေအနေများနှင့်စပ်လျဉ်း၍ ဖြည့်စွက်မှာကြားသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အဓိကဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားသူများနှင့် အဖွဲ့အစည်းများအနေဖြင့် ရွေးကောက်ပွဲအောင်မြင်မှု မရှိစေရေး အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်လာနိုင်မည်ဖြစ်သကဲ့သို့ ထိုးနှက်မှုများကိုလည်း လုပ်ဆောင်လာနိုင်ကြောင်း၊ မူးယစ်ဆေးဝါး၊ အွန်လိုင်းလောင်းကစားမှုစသည်တို့ဖြင့် တစ်ဖက်လှည့် ထိုးနှက်မှုများ လုပ်ဆောင်လာနိုင်ပြီး နိုင်ငံ၏လုံခြုံရေး၊ ဒေသတွင်းလုံခြုံရေးကို ထိခိုက်စေနိုင်သည့် အသွင်ဖြင့် ပုံဖော်လုပ်ဆောင်လာနိုင်ကြောင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို မိမိတို့အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိသကဲ့သို့ ယခုထက်ပိုမို၍ ထိထိရောက်ရောက် တိုက်ဖျက်ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း။

အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့်ပတ်သက်၍လည်း ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်း နိုင်ရန်လိုကြောင်း၊ ပိုက်စိပ်တိုက်သတင်းရယူဖော်ထုတ်၍ တရားဥပဒေနှင့်အညီ နှိမ်နင်းသွားရမည် ဖြစ်ကြောင်း၊ လုံခြုံရေးပိုင်းဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မြေပြင်အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူ များ၊ ပြည်သူများနှင့် အတူတကွပူးပေါင်း၍ ထိထိရောက်ရောက် ဖော်ထုတ်အရေးယူသွားရမည် ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ အွန်လိုင်းငွေကြေးလိမ်လည်မှုတိုက်ဖျက်ရေး၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးတို့နှင့်ပတ်သက်၍ မိမိတို့အနေဖြင့် အလေးထားကိုင်တွယ်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း။

မိမိတို့ကော်မရှင်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် အေးချမ်းသာယာရေး၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည့် လမ်းညွှန်မှုများပြုနိုင်ရန်၊ ထိရောက်စွာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ကော်မရှင်အဖွဲ့ဝင်များအားလုံးအနေဖြင့် လုပ်ငန်းရပ်များအားလုံး အောင်မြင်စေရေးနှင့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အားလုံးမှ အစဉ်တစိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။