နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် (ရေ) မှ တည်ဆောက်ပြီးစီးခဲ့သည့် (၁၃၅) မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီး အမည်ပေးခြင်းနှင့် ရေချပေးခြင်း မင်္ဂလာအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်
နေပြည်တော် ဒီဇင်ဘာ ၂၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တပ်မတော် (ရေ) ၏ (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် တပ်မတော် (ရေ) မှ တည်ဆောက်ပြီးစီးခဲ့သည့် (၁၃၅) မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီး အမည်ပေးခြင်းနှင့် ရေချပေးခြင်း မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ရှိ ရေတပ်သင်္ဘောကျင်းဌာနချုပ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အားပေး ချီးမြှင့်သည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ် (ရေ) များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဌာနချုပ်မှူး၊ ရေတပ်စခန်းဌာနချုပ်မှူးများ၊ ရေတပ်ကွပ်ကဲမှုစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားအစီအစဉ်အရ (၁၃၅) မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီး တည်ဆောက်ခဲ့မှုနှင့် ရေယာဉ်ဆိုင်ရာအချက်အလက်များအား ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းက ရှင်းလင်းတင်ပြသည်။
ထို့နောက် (၁၃၅) မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီးအား အမည်ပေးခြင်း မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရေယာဉ်အမည်ပေးခြင်း မင်္ဂလာကို ဖတ်ကြားချီးမြှင့်ဆောင်ရွက်ရာတွင် နိုင်ငံ၏ပြည်တွင်းရန်ကို နှိမ်နင်းခြင်း၊ ပြည်ပရန်ကို ကာကွယ်ခြင်းနှင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် စံနှုန်းစနစ်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည့် သာလွန်မင်းတရားကြီးကို ဂုဏ်ပြုသောအားဖြင့် စစ်ရေယာဉ်ကြီး “သာလွန်မင်း” ဟု အမည်ပေးအပ်သည်။
ဆက်လက်၍ (၁၃၅) မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီးရေချပေးခြင်း မင်္ဂလာအခမ်းအနားအား ရေတပ်ထုံးထမ်းစဉ်လာများအတိုင်းဆောင်ရွက်ရာ မင်္ဂလာအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရှန်ပိန်ပုလင်းခွဲ၍ ရေယာဉ်ကြီးအား ရေချပေးပြီး တပ်မတော် (ရေ) စစ်တီးဝိုင်းတပ်ဖွဲ့မှ ဂုဏ်ပြုတီးမှုတ်ကြသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ကာကွယ်ရေးဦးစီးချုပ် (ရေ) က စစ်ရေယာဉ်ပုံစံငယ်နှင့် စစ်ရေယာဉ်ကြီး ရေချရာတွင် အသုံးပြုခဲ့သည့် ရွှေပုဆိန်တို့အား ဂါရဝပြုပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်ရေယာဉ်ကြီးတည်ဆောက်ရာတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော အရာရှိ၊ စစ်သည်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ ဂုဏ်ပြုလက်ဆောင်သစ်သီးခြင်း ပေးအပ်ခဲ့ပြီး တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် (၁၃၅) မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီးကို Ship lift Platform မှ ရေချခြင်းအား ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ တပ်မတော် (ရေ) မှ တည်ဆောက်ပြီးစီးခဲ့သည့် (၁၃၅) မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီး “သာလွန်မင်း” ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် ၂၀၁၇ ခုနှစ်၊ မတ်လတွင် ရေတပ်သင်္ဘောကျင်းဌာနချုပ်၌ ဧရာခင်းမင်္ဂလာအခမ်းအနားပြုလုပ်၍ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရေယာဉ်ကြီးသည်ကြီးမားသည့်အတွက် ကိုယ်ထည်များ ခွဲခြားတည်ဆောက်ခဲ့ကာ ရေယာဉ်ကိုယ်ထည်ကြီးအဖြစ်တွဲဆက် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုစစ်ရေယာဉ်ကြီးသည် တပ်မတော် (ရေ) တွင် တည်ဆောက်ခဲ့သည့် စစ်ရေယာဉ်များအနက် အရွယ်အစားအကြီးမားဆုံးဖြစ်ပြီး ခေတ်မီစစ်ရေယာဉ်တစ်စီး၏ လိုအပ်ချက်များနှင့်အညီ ကိုယ်ထည်ပိုင်း၊ စက်ပိုင်း၊ လျှပ်စစ်ပိုင်း၊ လက်နက်နှင့် လက်နက်စနစ်ပိုင်းတို့ကို ပြည့်စုံစွာထည့်သွင်းတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရေယာဉ်အတွင်းပိုင်း အခန်းဖွဲ့စည်းမှုများနှင့် စနစ်များကိုလည်း နိုင်ငံတကာခေတ်မီ စစ်ရေယာဉ်ကြီးများနည်းတူ ကောင်းမွန်စေရေး ကြိုးပမ်းတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရေယာဉ်ဆိုင်ရာအချက်အလက်များအနေဖြင့် အလျား ၁၃၅ မီတာ၊ အနံ ၁၄ ဒသမ ၅ မီတာ၊ အမြင့် ၉ မီတာ၊ ရေစူး ၄ ဒသမ ၁ မီတာ၊ ဝန်ပြည့်အလေးချိန် ၃၅၀၀ တန်ရှိပြီး အမြန်နှုန်း ၁ နာရီလျင် ရေမိုင် ၃၀ အထိ မောင်းနှင်နိုင်မည့် စစ်ရေယာဉ်ကြီးပင်ဖြစ်ကြောင်း၊ ၁၃၅ မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီးအနေဖြင့် ၂၁ ရာစု ရေတပ်များ၏ ရည်မှန်းချက်တာဝန်များနှင့် စွမ်းရည်များကိုပိုင်ဆိုင်မည့် စစ်ရေယာဉ် ကြီးဖြစ်ပြီး မြန်မာ့ပင်လယ်ပြင်အတွင်း သမားရိုးကျနှင့်သမားရိုးကျမဟုတ်သော ခြိမ်းခြောက်မှုများကို ရှေ့တန်းကျကျ ကာကွယ်တားဆီးတိုက်ပွဲဝင်နိုင်ခြင်း၊ ကင်းလှည့်ထောက်လှမ်းခြင်း၊ အကြမ်းဖက်အဖွဲ့အစည်းများ၊ ကျူးကျော်မှုများကို တိုက်ဖျက်ခြင်းနှင့် ရေပြင်နယ်နိမိတ်ကာကွယ်ခြင်း၊ မိမိနိုင်ငံပိုင်နက်ပင်လယ်ပြင်ကို ထိန်းချုပ်ခြင်းနှင့် လူသားချင်းစာနာထောက်ထား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်စွမ်းရှိသည့် စစ်ရေယာဉ်ကြီးပင်ဖြစ်ကြောင်း၊ ယခုကဲ့သို့ စစ်ဆင်ရေးနယ်ပယ်မျိုးစုံတွင် အသုံးပြုနိုင်သော စစ်ရေယာဉ်ကြီးအား ဖြည့်တင်းတည်ဆောက်နိုင်ခဲ့သည့်အတွက် မြန်မာနိုင်ငံ၏ ရေကြောင်းအကျိုးစီးပွားများဖြစ်ထွန်းတည်ရှိရာ မြန်မာ့ပင်လယ်ပြင်ကို ပိုမိုထိရောက်စွာ ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
(၁၃၅) မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီး “သာလွန်မင်း” ကို ယနေ့ နံနက် ၉ နာရီတွင် စတင် ရေချခဲ့ပြီး ၁၀ နာရီ ၄ မိနစ်တွင် စစ်ရေယာဉ်တစ်စီးလုံး ရေထုအတွင်းသို့ အောင်မြင်စွာ ရောက်ရှိခဲ့ကြောင်းနှင့် ရေတပ်သင်္ဘောကျင်းဌာနချုပ်တံတားသို့ ၁၁ နာရီ ၂၄ မိနစ်တွင် ရောက်ရှိဆိုက်ကပ်ထားရှိကြောင်း သတင်းရရှိသည်။
- Log in to post comments