နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၅) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်
တပ်မတော်ဆေးတက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၅) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အဆိုပါ တပ်မတော်ဆေးတက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် မင်္ဂလာဒုံတပ်နယ်မှ တာဝန်ရှိသူများ၊ ကျောင်းဆင်းဗိုလ်လောင်းများ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည့်တော်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က ဗိုလ်လောင်းတပ်ရင်းများ၏ အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲ စစ်ဆေးသည်။ ထို့နောက် ဗိုလ်လောင်းတပ်ခွဲများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် အား အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၅)မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်း ကောင်းမြင့်မြတ်ထွန်း ၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ဗိုလ်လောင်း သော်ဇင်ဦးနှင့် စာပေထူးချွန်ဆုရရှိသူ ဗိုလ်လောင်း အောင်ကိုကိုထက်တို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က သင်တန်းဆင်းမိန့်ခွန်း ပြောကြားရာတွင် တပ်မတော်ဆေးတက္ကသိုလ်ကို “တပ်မတော် (ကြည်း၊ ရေ၊ လေ)အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် ဆေးသိပ္ပံပညာရှင်အရာရှိကောင်းများ မွေးထုတ်ပေးရန်” ဟူသည့် ရည်ရွယ်ချက်ဖြင့် တပ်မတော်အရာရှိ ဆရာဝန်ဆေးမှူးများကို စဉ်ဆက်မပြတ် လေ့ကျင့်မွေးထုတ်ပေးလျက်ရှိကြောင်း၊ တပ်မတော်ဆေးတက္ကသိုလ်က မွေးထုတ်ပေးလိုက်သည့် တပ်မတော်သားဆေးသိပ္ပံပညာရှင်များသည် တပ်မတော်သားအရာရှိ၊ စစ်သည်မိသားစုဝင်များသာမက တိုင်းရင်းသားပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်ပေးနေသကဲ့သို့ နိုင်ငံတော်နှင့် တပ်မတော်အတွက် ဆေးသိပ္ပံပညာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်လည်း အားသွန်ခွန်စိုက် လုပ်ကိုင်ဆောင်ရွက်နေကြသည်ကို ဂုဏ်ယူဝမ်းမြောက်ဖွယ် တွေ့မြင်ကြရမည် ဖြစ်ကြောင်း။
တပ်မတော်အရာရှိ ဆရာဝန်ဆေးမှူးများ၏ ကျွမ်းကျင်မှုနှင့် ကျန်းမာရေးစောင့် ရှောက်ပေးမှုများသည် မိမိတို့တပ်မတော်သားများ၏ ကျန်းမာကြံ့ခိုင်ရေးအတွက် အလွန်အရေးကြီးသည့် တာဝန်တစ်ရပ်ဖြစ်ပြီး တပ်မတော်အင်အား တောင့်တင်းခိုင်မာရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သကဲ့သို့ နိုင်ငံတော်ကာကွယ်ရေးစွမ်းပကား မြင့်မားစေရေးအတွက်လည်း တစ်ဖက်တစ်လမ်းက အထောက်အကူပြုလျက်ရှိကြောင်း၊ တိုက်ပွဲဝင်စစ်သည်တိုင်း တိုက်စွမ်းရည်မြင့်မားရေးအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ရေး အထူးလိုအပ်သောကြောင့် သင်ယူတတ်မြောက်ထားသည့် ဆေးပညာရပ်များကိုအသုံးချပြီး နေရာဒေသမရွေး၊ အချိန်အခါမရွေး လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးသွားကြရမည်ဖြစ်ကြောင်း။
ယနေ့ခေတ်သည် သိပ္ပံနှင့်နည်းပညာခေတ်ဖြစ်သည်နှင့်အညီ ဆေးသိပ္ပံပညာရပ် နယ်ပယ်သည်လည်း တစ်နေ့တခြား တိုးတက်ပြောင်းလဲနေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ဆန်းသစ်ပြောင်းလဲလာသည့် ကုထုံးနှင့် ဆေးဝါးကိရိယာအသစ်များ ပေါ်ပေါက်လာသကဲ့သို့ ထူးခြားဆန်းပြားသည့် ရောဂါဘယများကလည်း ဆေးပညာနယ်ပယ်ကို စိန်ခေါ်လျက် ရှိနေကြကြောင်း၊ ယင်းတို့ကို ရင်ဆိုင်ကျော်လွှားနိုင်ရေး ဆေးသိပ္ပံဆိုင်ရာ ပညာရပ်များနှင့်ပတ်သက်၍ သုတေသနပြုခြင်းအပါအဝင် တီထွင်ဆန်းသစ်မှုများကိုလည်း စဉ်ဆက်မပြတ် လေ့လာဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လက်ရှိ မိမိတို့နိုင်ငံတွင်လည်း အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကောင်စီကို ဖွဲ့စည်းထားပြီး ဆန်းသစ်တီထွင်မှုဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိနေကြောင်း၊ ကျန်းမာရေးကဏ္ဍဆိုင်ရာတွင် နည်းပညာအသစ်များနှင့် ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှု၊ ကျန်းမာရေးနှင့် လူသားအရင်းအမြစ် ချိတ်ဆက်မှု၊ ဆေးပညာဆိုင်ရာ တက္ကသိုလ်အဆင့် ချိတ်ဆက်မှုများမှတစ်ဆင့် ကုသမှုနည်းပညာများပေါင်းစည်းခြင်းနှင့် အဆင့်မြင့်ကုသနည်းဖော်ထုတ်ခြင်း အစရှိသည်တို့ကို နည်းပညာလွှဲပြောင်းမှုစင်တာများနှင့် အသိပညာဖြန့်ဝေရေးစင်တာများမှတစ်ဆင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ကြောင့် ပြောင်းလဲတိုးတက်လာသည့် နည်းပညာရပ်များ၊ ဆေးသိပ္ပံပညာရပ်များကို မျက်ခြည်မပြတ်စေဘဲ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် ဆေးသိပ္ပံပညာရှင်များဖြစ်အောင် တပ်မတော်ဆေးတက္ကသိုလ်က သင်ကြားပေးလိုက်သည့် ဆေးပညာရပ်များမှတစ်ဆင့် အဆင့်မြင့်ဆေးပညာရပ်များကို ဆက်လက်ဆည်းပူး လေ့လာဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ဦးတည်ချက် (၉) ရပ်အနက် လူမှုရေးဦးတည်ချက် ဒုတိယအချက်ဖြစ်သည့် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး” ဟူသည့်အချက်ကို အကောင်အထည်ဖော်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့်အတူ ဆေးဝန်ထမ်းတပ်ဖွဲ့ကလည်း ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို အလေးထား မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာ ဆေးတပ်ဖွဲ့များနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် ပြည်တွင်း၌ ဆေးသိပ္ပံညီလာခံများ၊ ဆေးပညာနှီးနှောဖလှယ်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ပေးပြီး နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များနှင့် စစ်ဘက်ကျန်းမာရေးစောင့်ရှောက်မှု အတွေ့အကြုံဖလှယ်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အပြင် ပြောင်းလဲတိုးတက်လာနေသည့် ဆေးပညာဘာသာရပ်များကို မျက်ခြည်မပြတ် လေ့လာနိုင်ရေးအတွက် သုတေသနလုပ်ငန်းများကိုလည်း နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ ထို့ကြောင့် တာဝန်ကျရာ ဒေသအသီးသီးကို ရောက်ရှိသည့်အခါ၌ ဆေးဝန်ထမ်းတပ်ဖွဲ့၏ မူလတာဝန်များအပြင် နိုင်ငံတော်၏ ကျန်းမာရေးကဏ္ဍမြှင့်တင်ရေးလုပ်ငန်းစဉ်များကို အထောက်အကူပြုပေးနိုင်သည့် တပ်မတော်သားဆရာဝန်သမားကောင်းများအဖြစ် တာဝန်ထမ်းဆောင်သွားကြရန် မှာကြားလိုကြောင်း။
ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုဖြစ်ရန်အတွက် ကျန်းမာကြံ့ခိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များ လိုအပ်သည်ဖြစ်သောကြောင့် နိုင်ငံတစ်နိုင်ငံ၏ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု (Public Health Care)သည် လွန်စွာအရေးကြီးကြောင်း၊ ပြည်သူလူထု၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဟူသည့်အတိုင်း မိမိတို့တပ်မတော်အနေဖြင့်လည်း ပြည်သူလူထုအတွက် ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ပြည်သူများ၏ နေ့စဉ် လူမှုဘဝလုံခြုံရေးကိုပါ ဘက်ပေါင်းစုံက ကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များအနေဖြင့် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးတွင် ပြည်သူလူထုကို ဆေးအကာအကွယ်ပေးရေးအပါအဝင် နိုင်ငံအနှံ့အပြား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနေခြင်းသည် ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်ကို တာဝန်သိသိဖြင့် ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး ပြည်သူလူထု၏ အသက်ခန္ဓာများကို ကာကွယ် စောင့်ရှောက်ပေးနေခြင်းဖြစ်သောကြောင့် တစ်နည်းအားဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်နေခြင်းဖြစ်သည်ကို သိရှိနားလည်ထားကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တာဝန်ကျရာ နယ်မြေဒေသအသီးသီးသို့ ရောက်ရှိချိန်တွင် မိမိတို့တတ်ကျွမ်းထားသည့် ဆေးပညာများကို လက်တွေ့အသုံးချပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများကို အားတက်သရော အောင်မြင်စွာလုပ်ဆောင်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
ခေတ်မီဖွံဖြိုးတိုးတက်သည့် နိုင်ငံတော်တစ်ရပ်တည်ဆောက်ရာတွင် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးဆုံးဖြစ်သကဲ့သို့ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူလူထုသက်ရှည်ကျန်းမာရေးသည် အခြေခံအကျဆုံးဖြစ်ကြောင်း၊ ပြည်သူလူထုသက်ရှည်ကျန်းမာစေရေးအတွက် အရည်အချင်းပြည့်ဝသည့် ပါရဂူ၊ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ ပြည့်စုံလုံလောက်စွာရှိရန် အလွန်အရေးကြီးကြောင်း။
မြန်မာ့လူမှုပတ်ဝန်းကျင်တွင် ဆရာဝန်များကို သမားဂုဏ်အရ တလေးတစားနေရာပေးလေ့ရှိသကဲ့သို့ တပ်မတော်သား ဆရာဝန်အရာရှိများကိုလည်း ကိုယ်ကျိုးစွန့်အနစ်နာခံသည့် ယောက်ျားကောင်းများအဖြစ် အသိအမှတ်ပြုနေကြမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အပင်ပန်းခံကြိုးစားအားထုတ်ပြီး ရရှိလာခဲ့သည့် တပ်မတော်သားအရာရှိ ဆရာဝန်ဆေးမှူး ဟူသည့် ဂုဏ်ပုဒ်ကို မထိခိုက်မပျက်စီးစေရေး အစစအရာရာ ကိုယ်တိုင်ထိန်းသိမ်းနေထိုင်သွားကြရန်လိုအပ်ကြောင်း၊ ထို့ပြင် တပ်မတော်သားဆရာဝန်များ ဖြစ်သည်နှင့်အညီ လိုအပ်လာပါက ခြေလျင်စစ်သည်များနှင့်အတူ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် စစ်ဆင်ရေးတာဝန်များကိုပါ ထမ်းဆောင်ကြရမည်ဖြစ်သဖြင့် အမိန့်နာခံမှု ကောင်းပြီး စစ်ပညာများကို အသုံးချတတ်သည့် စစ်ခေါင်းဆောင်များဖြစ်အောင် ကြိုးစားကြရန်လိုကြောင်း။
ဆေးကုသရေးတာဝန်ထမ်းဆောင်ချိန်တွင် ဆေးပညာရပ်များကို အသုံးချပြီး လူနာများအပေါ်တွင် ကောင်းမြတ်သည့်စေတနာ၊ မွန်မြတ်သည့်စိတ်ထား၊ ပြည့်ဝသည့် အကြင်နာမေတ္တာတရားများနှင့် တာဝန်ထမ်းဆောင်ကြရမည်ဖြစ်သကဲ့သို့ စစ်ဆင်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်ချိန်တွင်လည်း သင်ကြားပေးလိုက်သည့် စစ်ပညာရပ်များကို အသုံးချပြီး “တပ်မတော်၏ အစဉ်အလာကို အသက်ပေးစောင့်ထိန်းလိုသည့်စိတ်ဓာတ်” ဖြင့် တာဝန်ထမ်းဆောင်သွားကြရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ စိတ်ဓာတ်ကောင်းများမွေးမြူပြီး လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် တပ်မတော်သား ဆရာဝန်၊ ခေါင်းဆောင်ငယ်များအဖြစ် နိုင်ငံတော်နှင့် တပ်မတော်က အားကိုးအားထား ပခုံးပြောင်းတာဝန်ယူပြုရသည့် ဆေးဝန်ထမ်းတပ်ဖွဲ့၏ အနာဂတ်တာဝန်များကိုဆောင်ရွက်နိုင်မည့် “သမားဇာနည် အောင်စစ်သည်” များဖြစ်အောင် အထူးကြိုးစားသွားကြရန် အလေးအနက်ထား မှာကြားလိုကြောင်း။
တပ်မတော် (ကြည်း၊ ရေ၊ လေ) အတွက် လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် ဆေးသိပ္ပံပညာရှင် အရာရှိကောင်းများအဖြစ် နိုင်ငံတော်၊ တပ်မတော်နှင့် တိုင်းရင်းသားပြည်သူလူထုအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်၊ ပြောင်းလဲတိုးတက်နေသည့် ဆေးသိပ္ပံပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးသုတေသနပြုပြီး ကျွမ်းကျင်သည့်ဆေးသိပ္ပံပညာရှင်များဖြစ်အောင် ကြိုးစားသွားကြရန်၊ ဆေးဝန်ထမ်းတပ်ဖွဲ့၏ ရည်မှန်းချက်ဖြစ်သော “ကျန်းမာကြံ့ခိုင်တိုက်နိုင်ရန်” ဟူသည့် ဆောင်ပုဒ်အတိုင်း နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများ ကျန်းမာကြံ့ခိုင်ပြီး ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ရေး မိမိတို့ တတ်ကျွမ်းသည့် ဆေးပညာဖြင့် စောင့်ရှောက်ကာကွယ်သွားကြရန်၊ တပ်မတော်ဆေးတက္ကသိုလ်၏ ဂုဏ်၊ ဆေးဝန်ထမ်းတပ်ဖွဲ့၏ ဂုဏ်၊ တပ်မတော်၏ ဂုဏ်ကိုမြှင့်တင်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေသည့် “သမားဇာနည် အောင်စစ်သည်” များ ဖြစ်အောင် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။
စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် တပ်မတော်ဆေးတက္ကသိုလ်ကျောင်းဌာနချုပ် ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်းများနှင့် မိဘများကိုတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ထူးချွန်ဆုများရရှိကြသည့်အတွက် မိဘများနှင့်ထပ်တူ ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ သင်တန်းကာလတစ်လျှောက်လုံး မျှော်မှန်းချက်၊ ရည်မှန်းချက်ရှိစွာဖြင့် မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် အစဉ်တစိုက် ကြိုးစားအားထုတ်ခဲ့ပြီး မိမိကိုယ်ကို ထိန်းထိန်းသိမ်းသိမ်းနှင့် နေထိုင်ခဲ့မှုအကျိုးရလာဒ်ကို ခံစားရခြင်းပင်ဖြစ်ကြောင်း၊ အခြေခံပညာအထက်တန်းပညာကို မြင့်မားသောရမှတ်များဖြင့် အောင်မြင်ခဲ့သည့် အခြေခံကောင်းများကို ယခုတက္ကသိုလ်ပညာရပ်များ ဆည်းပူးရာတွင်လည်း ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီး ကြိုးစားခဲ့သောကြောင့် ထူးချွန်စွာ အောင်မြင်ခဲ့ပြီးဖြစ်သဖြင့် ရှေ့ဆက်လက်လျှောက်လှမ်းရမည့် ဘဝခရီးတစ်လျှောက်တွင်လည်း မိမိတို့၏ ရည်မှန်းချက်များ မပျောက်ပျက်၊ မယိမ်းယိုင်စေရေးအတွက်ရှိပြီးဖြစ်သည့် အခြေခံကောင်းများကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကြိုးစားအားထုတ်မှု ရှိမှသာလျင် ဘဝရပ်တည်မှုများ မြင့်မားမည်ဖြစ်သဖြင့် မိမိတို့၏ ရည်မှန်းချက်ပန်းတိုင် မပျောက်စေရေးအတွက် စဉ်ဆက်မပြတ် ဆက်လက်ကြိုးပမ်းအားထုတ်သွားရန်နှင့် မိမိကိုယ်ကို စောင့်ထိန်းနေထိုင်သွားကြရန်လိုကြောင်း၊ ပြောင်းလဲတိုးတက်နေသည့် ခေတ်နှင့်အမီလိုက်နိုင်ရေးအတွက် စာပေဖတ်ရှုလေ့လာခြင်း၊ လက်တွေ့အသုံးချခြင်း၊ မျှဝေခြင်းများကို ဆောင်ရွက်သွားရန်လည်းလိုကြောင်း၊ မိမိတို့တာဝန်ထမ်းဆောင် ရာဒေသများအလိုက်တွင် ပြည်သူလူထုကို ဆေးပညာဖြင့်သာ အကျိုးပြုရုံမကဘဲ မိမိတို့သိရှိထားသည့် စာပေဗဟုသုတများဖြင့် နည်းကောင်းလမ်းပြပေးခြင်းဖြင့်လည်း အကျိုးပြုသွားကြရန်လိုကြောင်း။
ငယ်စဉ်ကလေးဘဝမှ တက္ကသိုလ်ရောက်သည်အထိ ကျွေးမွေးစောင့်ရှောက် သွန်သင်ပေးခဲ့သည့် ကြီးမားလှသည့် မိဘဆရာတို့၏ ဂုဏ်ကျေးဇူးကို သိတတ်နားလည် ကျေးဇူးဆပ်ရမည် ဖြစ်သကဲ့သို့ အသိပညာများနှင့် အတတ်ပညာများကို သင်ကြားပေးလိုက်သည့် တပ်မတော်ဆေးတက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ တပ်မတော်နှင့် နိုင်ငံတော်၏ ဂုဏ်ကျေးဇူးကိုလည်း စစ်သားကောင်းတစ်ဦး၊ ဆရာဝန်ကောင်းတစ်ဦး ပီသစွာနေထိုင်ကျင့်ကြံခြင်း၊ မိမိကိုယ်ကိုတန်ဖိုးထား၍ ဆက်လက်တိုးတက်အောင်နေထိုင်ခြင်း၊ သစ္စာရှိရှိဖြင့် ပေးအပ်လာသည့် တာဝန်များကိုကျေပွန်အောင် ထမ်းဆောင်ခြင်းတို့ဖြင့် ကျေးဇူးဆပ်ရမည်ဖြစ်ကြောင်း၊ ရှေ့ဆက်လျှောက်လှမ်းရမည့် ဘဝခရီးတစ်လျှောက်လုံးအောင်မြင်သူများဖြစ်စေရေး၊ ခေါင်းဆောင်ကောင်းများဖြစ်စေရေး၊ ကြီးမားသည့် တာဝန်များကို လက်ဆင့်ကမ်းတာဝန်ပေးအပ်နိုင်ရေး မိမိဘဝကိုမိမိကြိုးစား တည်ဆောက် သွားကြရန် လိုကြောင်းဖြင့် မှာကြားသည်။
- Log in to post comments