Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မ‌တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) နယ်မြေအတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးဆိုင်ရာဆောင်ရွက်ထားရှိမှုများအားစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) နယ်မြေအတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများကို စစ်ဆေးသည်။

ဦးစွာ  ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကျော်ခိုင်က နယ်မြေဒေသလုံခြုံရေးအတွက် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ လွိုင်ကော်မြို့နှင့် လွိုင်ကော်လေဆိပ်လုံခြုံရေး၊ လမ်း၊ တံတားများလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် တပ်နယ်များအလိုက် နယ်မြေတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ KNPP အဖွဲ့ ၊ KNDF အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက် သမားများက နယ်မြေတည်ငြိမ်မှုပျက်ပြားစေရန် လုပ်ဆောင်လျက်ရှိမှု၊ နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်စဉ် PDF အမည်ခံ အကြမ်းဖက်သမားများ ဖမ်းဆီးရမိမှုနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၂၀၂၁ ခုနှစ်မှစတင်၍ လွိုင်ကော်ဒေသအတွင်း တိုက်ပွဲများ ဖြစ်ပေါ်ခဲ့ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် လွိုင်ကော်ဒေသတို့တွင် တိုက်ပွဲများတစ်ချိန်တည်း ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ တပ်မတော်မှ အရာရှိ၊ စစ်သည်များနှင့်မိသားစုဝင်များအနေဖြင့် ကြံ့ကြံ့ခံ၍ ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်၏အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် တို့တာဝန်အရေးသုံးပါးကို ကာကွယ်နေခြင်းဖြစ်ကြောင်း၊ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လွိုင်ကော်မြို့နှင့်ဆက်စပ်နေရာများတွင် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ပြီး ကယားပြည်နယ်အား ပုံမှန်အခြေအနေသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူမှုများ အောင်မြင်အောင်ဆောင်ရွက်နိုင်ရေးအတွက် လုံခြုံရေးပိုင်းဆိုင်ရာများတွင် ဝိုင်းဝန်းဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားနယ်မြေဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာများနှင့်ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။