Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရှေးဟောင်းရေလှောင်ကန်များ ပြန်လည် ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ စက်တင်ဘာ - ၁၆

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရေကြီးရေလျှံမှုများနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်မှုမရှိစေရေး ရှေးဟောင်းကန်များ ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 

မြကန်ရေလှောင်တမံ

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာသက္ကရာဇ် ၄၅၀ ခုနှစ်၊ ခရစ်နှစ် ၁၀၈၈ ခုနှစ်၊ ပုဂံခေတ် ရှေးမြန်မာမင်းများ လက်ထက်ကတည်းက ကျန်စစ်သားမင်းကြီး တည်ဆောက်ခဲ့သည့် မြကန်ရေလှောင်တမံသို့ ရောက်ရှိကြရာ ရှင်းလင်းဆောင်ခန်းမတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများက ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန်(၉၁)ကန်အနက် တူးဖော်ပြီး၊ တူးဖော်ဆဲ၊ ဆက်လက်တူးဖော်ရန်ကျန်နှင့် တူးဖော်ရန်မလိုသည့် ရေကန်များ၏ အခြေအနေများ၊ ဝန်ကြီးဌာနများမှ တာဝန်ယူဆောင်ရွက်သည့် ရေကန်များနှင့် အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် ဆောင်ရွက်သည့်ရေကန်များ၏ အခြေအနေများ၊ ရေဝင်ရေထွက်လမ်းကြောင်းများကို လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ထားရှိသောကြောင့် ရာဂီမုန်တိုင်းဖြစ်ပေါ်ခဲ့ချိန် မိုးသည်းထန်စွာ ရွာသွန်းခဲ့ချိန်၌ သတ်မှတ်လမ်းကြောင်းများအတိုင်း စီးဝင်ခဲ့မှု၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း စက်တင်ဘာ ၁၁ ရက်နှင့် ၁၂ ရက် တို့တွင် မိုးရေချိန် စုစုပေါင်း ၁၀ ဒသမ ၇၁ လက်မအထိ ရှိခဲ့သော်လည်း ရေဝင်ရေထွက်လမ်းကြောင်းများ ရှင်းလင်းခြင်းနှင့် ရေကန်များကို ကြိုတင်ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ထားရှိသောကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းမရှိဘဲ သတ်မှတ်လမ်းကြောင်းများနှင့် ရေကန်များအတွင်းသို့ စီးဝင်ခဲ့မှု၊  မိုးသည်းထန်စွာ ရွာသွန်းခဲ့ချိန်၌ သာသနာရေးဆိုင်ရာ အဆောက် အဦ ၁၂ ခုသာ မိုးရေစိမ့်ဝင်မှုကြောင့် အနည်းငယ်ထိခိုက်ပျက်စီးခဲ့ပြီး ရေဝင်ရေဝပ်မှုကြောင့် ပျက်စီးခဲ့ခြင်း မရှိသည်ကို တွေ့ရှိရသည့် အခြေအနေများ၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ် မေလအတွင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်စဉ် ပုဂံဒေသ စိမ်းလန်းစိုပြေရေးနှင့် ရေဝင်ရေထွက်ကောင်းမွန်စေရေးအတွက် လမ်းညွှန်မှာကြားချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ မြကန်ရေလှောင်တမံဆိုင်ရာ အချက်အလက်များနှင့် ခေတ်အဆက်ဆက် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ မြကန်တမံအား ဘူမိရူပဗေဒဆိုင်ရာ စူးစမ်းလေ့လာမှုများအရ ရေစိမ့်ယိုမှု အနည်းငယ်နှင့် ရေငွေ့ပျံမှုများပြားခြင်းတို့ကြောင့် ရေသိုလှောင်ထားနိုင်မှု နည်းပါးလျက်ရှိသည်ကို တွေ့ရှိရသည့်အတွက် လိုအပ်သည့်ပြုပြင်ထိန်းသိမ်းမှုများနှင့် ရေဝင်လမ်းကြောင်းများကို ရှင်းလင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မြကန်အတွင်း ရေဝင်ရောက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။   

 

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြကန်သည် သမိုင်းတွင် ထင်ရှားခဲ့သည့်ကန်ကြီး ဖြစ်သည့် အတွက် စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားရန် လိုကြောင်း၊ ရေယိုစိမ့်မှုမရှိစေရေး ထိန်းသိမ်းခြင်းလုပ်ငန်းများကိုလည်း စနစ်တကျ ဆောင်ရွက်သွားရန် လိုကြောင်း၊ ရေစီးရေလာ ကောင်းမွန်မှုရှိစေရေး၊ ရေဝင်ရေထွက် ကောင်းမွန်စေရေး အဓိကထား ဆောင်ရွက်ရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။

 

ထို့နောက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများက တုရင်တောင်စိမ်းလန်းစိုပြေရေးလုပ်ငန်းစီမံကိန်း ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ တုရင်တောင်ကြော အပါအဝင် ပုဂံဒေသ စိမ်းလန်းစိုပြေရေးအတွက် ရှေးဟောင်းနေရာများနှင့် ကင်းလွတ်သည့်နေရာများတွင် သစ်ပင်များစိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှုနှင့် သစ်ပင်များ ရှင်သန်ဖြစ်ထွန်းမှု၊  မိတ္ထီလာမြို့နယ်၊  ကျောက်ပန်းတောင်းမြို့နယ်နှင့် ညောင်ဦးမြို့နယ်တို့၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီတွင် မိတ္ထီလာ - ကျောက်ပန်းတောင်း - ညောင်ဦးကားလမ်း ဘေးဝဲယာစိမ်းလန်းစိုပြည်ရေး တစ်အုပ်တစ်မစိုက်ခင်းများ တည်ဆောက်ထားမှု အခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးအတွက် သစ်ပင်၊ သစ်တောများ စိုက်ပျိုးရာတွင် သမရိုးကျစိုက်ပျိုးသည့် နည်းစနစ်များအပြင် သစ်ပင်သစ်တောထု ရရှိစေရေးအတွက်လည်း နည်းလမ်းများရှာဖွေ၍ စိုက်ပျိုးကြရန် လိုအပ်မှုများနှင့် ပတ်သက်၍ လမ်းညွှန်မှာကြားသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြကန်ရေလှောင်တမံဧရိယာအတွင်း လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ဇေယျဝတီ(ဇယဝေရီ)ကန်

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အရှေ့ဖွားစောကျေးရွာအနီးရှိ ဇေယျဝတီ(ဇေယျဝေရီ) ကန်သို့ ရောက်ရှိကြရာ ရေဝင်ရောက်နေမှု အခြေအနေများနှင့် ရေဝင်ရောက်လာသည့်လမ်းကြောင်းတွင် နုန်းစစ်ကန်များ ဆောင်ရွက်ထားရှိမှုအခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ်  ရေဝင်ရောက်လာသည့်လမ်းကြောင်းများအား စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရေး၊ ရေကန်ကြံ့ခိုင်မှုအား စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရေးတို့နှင့် ပတ်သက်၍ လိုအပ်သည်များ မှာကြားသည်။

မင်္ဂလာကန်အမှတ်(၃)(မွန်းတိမ်းကန်)

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အနောက်ဖွားစောကျေးရွာအနီးရှိ မင်္ဂလာကန်အမှတ်(၃) (မွန်းတိမ်းကန်) အတွင်း ရေဝင်ရောက်မှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ရေဝင်ရောက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။

 

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရေလှောင်ကန်များအားလုံး၏ ရေဝင်ရောက်ရာလမ်းကြောင်းနှင့် ဆည်ရေသောက်ဧရိယာ တစ်လျှောက်လမ်းကြောင်းများအတွင်း ရေကြောင်းပိတ်ဆို့မှု မရှိစေရေး၊ ရေဝင်ရေထွက် ကောင်းမွန်စေရေး စနစ်တကျ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရေလှောင်တမံများ၊ ရေကန်များရှိ ရေထိန်းတမံဧရိယာများအတွင်း ရေထိန်းတမံထိန်း သစ်ပင်များစိုက်ပျိုးထားရန် လိုကြောင်း၊ ကန်များအနီးပတ်ဝန်းကျင်တွင် စိုက်ပျိုးသီးနှံ စိုက်ပျိုးခြင်းများ ဆောင်ရွက်မှုကြောင့် ရေကန်အတွင်းသို့ ရေဝင်ရောက်မှု လျော့နည်းနိုင်သည့်အတွက် သီးနှံစိုက်ပျိုးမှုများကို သတ်မှတ်အကွာအဝေးတွင်သာရှိစေရေး စည်းကမ်းများ၊ ဥပဒေများနှင့်အညီ တားမြစ်ဆောင်ရွက်ထားရှိရန်လိုကြောင်း၊ ယခု ရေကန်များအတွင်း ယခုကဲ့သို့ ရေများ စုဆောင်းထားရှိနိုင်သည့်အတွက် သုံးရေအတွက် အထောက်အကူပြုစေနိုင်မည်ဖြစ်သကဲ့သို့ ပုဂံဒေသ စိမ်းလန်းစိုပြေရေးအတွက်လည်း အကျိုးရှိစေနိုင်မည်ဖြစ်သဖြင့် တမံများ၊ ရေကန်များကို စနစ်တကျ ဆက်လက် ထိန်းသိမ်းဆောင်ရွက်သွားကြရန် လိုကြောင်းဖြင့် မှာကြားသည်။

 

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ရေကြီးရေလျှံမှု မဖြစ်‌ပေါ်စေရေး၊ စိမ်းလန်းစိုပြေ၍ ခရီးသွားများအား ဆွဲဆောင်နိုင်ရေးအတွက် ရှေးဟောင်းရေကန်များအား ပြန်လည်တူးဖော် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ တာဝန်ရှိသူများက စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ထာဝရကုသိုလ်ဖြစ်သည့် ရေကန်များ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် စေတနာရှင်ပြည်သူများ အနေဖြင့်လည်း တစ်တပ်တစ်အား ပါဝင်လှူဒါန်း ကုသိုလ်ယူလျက်ရှိကြောင်း သတင်းရရှိသည်။