နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တောင်ကြီးမြို့၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေး၊ ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံ အမှာစကားပြောကြား
နေပြည်တော်၊ စက်တင်ဘာ - ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်အတူ ယနေ့ညနေပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံ အမှာစကား ပြောကြားသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိကြရာ ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းမော်ဦးနှင့် ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုများက ကြိုဆို နှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အရေးပေါ်ကုသဆောင်တွင် တက်ရောက်ကုသမှုခံယူလျက်ရှိသည့် ဒေသခံ ပြည်သူများကို ကြည့်ရှု၍ ကျန်းမာရေးအခြေအနေများကို မေးမြန်း အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် ဆေးရုံကြီးအစည်းအဝေးခန်းမတွင် ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းမော်ဦးက ဆေးရုံ၏ သမိုင်းအကျဉ်း၊ အဆောက်အဦများ ဆောက်လုပ်ထားရှိမှုနှင့် လူနာဆောင်သစ်များ ဆောက်လုပ်ထားရှိမှု၊ ကင်ဆာရောဂါကုသရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ လအလိုက် ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ အထူးကြပ်မတ်ကုသမှုများ ဆောင်ရွက်နိုင်မှု၊ ဓာတ်မှန်လုပ်ငန်းများ ဆောင်ရွက်နိုင်မှု၊ ဓာတ်ရောင်ခြည်ကုသမှုများ ဆောင်ရွက်နိုင်မှုနှင့် ကင်ဆာကုသခြင်းလုပ်ငန်းအတွက် စက်ကိရိယာများ ထပ်မံလိုအပ်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည့် စက်ကိရိယာများကို ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း၊ စက်ပစ္စည်းများအသုံးပြု၍ ကုသမှုများ ဆောင်ရွက်ရာတွင်လည်း စနစ်တကျဖြင့် ဆောင်ရွက်ရန် လိုကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ ဆေးရုံများအနက် လိုအပ်ချက်ရှိသည့် ဆေးရုံများကို အဆင့်မြှင့်တင်မှုများနှင့်တိုးချဲ့မှုများ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း နယ်မြေအတွင်း နေထိုင်သည့် ပြည်သူများ၏ လူဦးရေကို တွက်ချက်၍ ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ဆေးရုံတိုးချဲ့တည်ဆောက်ရန်အတွက် လိုအပ်သည့် မြေနေရာများ ကိုလည်း စဉ်းစားဆောင်ရွက်ရန် လိုကြောင်း၊ ဆေးရုံများတွင် ကျန်းမာရေးဝန်ထမ်းများ၏နေအိမ်များ ထည့်သွင်း တည်ဆောက်ပေးထားရန် လိုကြောင်း၊ ဆေးရုံများအတွက် လိုအပ်သည့် ပါရဂူများကိုလည်း ခန့်အပ်တာဝန်ပေးရမည်ဖြစ်ကြောင်း ပြောကြား၍ ဆေးရုံ၏ လိုအပ်ချက်များကို မေးမြန်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ပြည်သူတိုင်း ကျန်းမာရန်လိုကြောင်း၊ ကျန်းမာမှ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှအလုပ်လုပ်နိုင်မည် ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်၍ ငယ်ရွယ်စဉ်ကတည်းကပင် အခြေခံကောင်းများရှိရန် လိုကြောင်း၊ ထို့ကြောင့် အစားအသောက်မှအစ ဂရုတစိုက် ဆောင်ရွက်ရန်လိုကြောင်း၊ ကျန်းမာရေးနှင့် ပတ်သက်၍ စနစ်တကျဖြင့် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဆေးရုံများသည် ပြည်သူများအတွက် အားကိုးဖွယ်ရာ ဖြစ်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြောဆိုဆက်ဆံမှုမှအစ ကုသစောင့်ရှောက်မှုအပိုင်းများတွင်ပါ စနစ်တကျ ရှိစေလိုကြောင်း၊ ဆေးရုံသည် ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် နေရာတစ်ခု ဖြစ်သဖြင့် သန့်ရှင်းသပ်ရပ်နေရန် လိုကြောင်း၊ အညစ်အကြေးစွန့်သည့် စနစ်များကိုလည်း အနံ့အသက်များ ကင်းရှင်းစေရေး ဆောင်ရွက်ရန်လိုကြောင်း။
ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေသူများဖြစ်သဖြင့် ဝတ်စားဆင်ယင်မှုများ ကောင်းမွန်နေရန်လိုကြောင်း၊ ဆေးရုံသို့ လာရောက်ကုသသည့် ပြည်သူများအနေဖြင့် မိမိတို့ဆေးရုံသို့ လာရောက်ချိန်တွင် အားကိုးသည့်စိတ်များ ဖြစ်ပေါ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်ကုသမှု ပေးရာတွင်လည်း ကောင်းမွန်စွာဖြင့် ဆောင်ရွက်ပေး နိုင်ရန်လိုကြောင်း၊ ဆေးရုံတက်ပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်သည့် အစာအာဟာရများ ရရှိစေရေး စီမံဆောင်ရွက်ပေးရန် လိုကြောင်း၊ ကျန်းမာရေးကဏ္ဍမြှင့်တင်ရေးနှင့် ပတ်သက်၍ နိုင်ငံတော်အနေဖြင့် တတ်နိုင်သမျှဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ၏ နေထိုင်မှု အဆင်ပြေရေးအတွက်လည်း တတ်နိုင်သလောက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်အပေါ် သစ္စာရှိစွာဖြင့် တာဝန်ထမ်းဆောင်ပြီး ပြည်သူများမှ အားကိုးရသည့် ကျန်းမာရေးဝန်ထမ်းများ ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ခင်းကျင်းပြသထားသည့် စဝ်စံထွန်းဆေးရုံကြီး အဆောက်အဦများ၊ စက်ပစ္စည်းများနှင့် ပတ်သက်သော မှတ်တမ်းစာအုပ်များအား ကြည့်ရှုပြီး တာဝန်ရှိသူများအား မှတ်တမ်းများကို စနစ်တကျဖြင့် ထိန်းသိမ်းရန်မှာကြားသည်။
အဆိုပါ စဝ်စံထွန်းဆေးရုံကြီးကို ၁၉၅၇ ခုနှစ်တွင် ဝန်ထမ်းတပ်မဟာ အမှတ်(၁) (Rehabilitation Brigade No.1)မှ တပ်ရင်းမှူး ဗိုလ်မှူးချုပ် မောင်လွင် (B.Sc Engineering)က ဦးဆောင်၍ ရုရှား-မြန်မာချစ်ကြည်ရေးအတွက် ရည်ရွယ်ကာ ဆိုဗီယက်ပြည်ထောင်စုနိုင်ငံ၏ စီးပွားရေးနှင့် ကျွမ်းကျင်သူ ပူးပေါင်း ဆောင်ရွက်မှုဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆောက်အဦအားလုံးအတွက် ငွေကျပ်သိန်း ၄၀ ကုန်ကျခဲ့ပြီး ၁၉၆၁ ခုနှစ်၊ ဇွန်လတွင် စဝ်စံထွန်းဆေးရုံကြီးအား စတင် ဖွင့်လှစ်ခဲ့ကြောင်း၊ ပထမဦးဆုံး ဆေးရုံအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူမှာ ဒေါက်တာ စဝ်နော်ခမ်း ဖြစ်ပြီး ရှမ်း ပြည်နယ်တွင် တစ်ခုတည်းသောဆေးရုံကြီး ဖြစ်ခဲ့ကြောင်း၊ စတင်ဖွင့်လှစ်ခဲ့ချိန်တွင် ခုတင်-၂၀၀ ဆံ့ဆေးရုံ ဖြစ်သော်လည်း ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ခုတင်-၅၀၀ ဆံ့ဆေးရုံကြီး အဖြစ် တိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
- Log in to post comments