Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ဇနီး ဒေါ်ကြူကြူလှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီ လွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် မေ - ၈

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ရောက်ရှိနေသည့် ဇနီး ဒေါ်ကြူကြူလှ သည် ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌ Mrs. Valentina Matvienko နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီရုံး၌ တွေ့ဆုံဆွေးနွေးသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးနှင့်အဖွဲ့ဝင်များအား ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်သည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး က ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

 

ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌက ရုရှားဘက်မှတာဝန်ရှိသူများနှင့် မိတ်ဆက်ပေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးက မြန်မာဘက်မှကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် မိတ်ဆက်ပေးသည်။

 

ယင်းနောက် တွေ့ဆုံဆွေးနွေးပွဲကို ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီ လွှတ်တော်ဥက္ကဋ္ဌက မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် မန္တ‌လေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် ထပ်တူကြေကွဲ ဝမ်းနည်းမိပါကြောင်း၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံအနေဖြင့်လည်း လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် အမျိုးသမီးစောင့်ရှောက်မှုစီမံကိန်းများရှိပြီး ယူရေးရှား အမျိုးသမီးဖိုရမ် (Eurasian Women’s Forum) ကို သုံးနှစ်တစ်ခါ ပြုလုပ်လျက်ရှိကြောင်း၊ ယင်းဖိုရမ်တွင် ကလေးငယ်များနှင့် အမျိုးသမီးများ၏ စိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် လုပ်ဆောင်ပေးလျက်ရှိပြီး အမျိုးသမီးများနှင့်ပတ်သက်သည့် စီမံကိန်းများတွင် မြန်မာနိုင်ငံအနေဖြင့်လည်း ပါဝင်လာနိုင်ရန် မျှော်လင့်ပါကြောင်းဖြင့် ပြောကြားသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး က ပြန်လည်ပြောကြားရာတွင် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ငလျင်ဘေးဒဏ် ကြုံတွေ့ခဲ့အပြီးတွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံအပါအဝင် နိုင်ငံတကာမှကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ကြသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ဘက်ပေါင်းစုံမှ ကူညီထောက်ပံ့ပေးမှုများသည် မြန်မာနိုင်ငံအတွက် အထောက်အကူများစွာ ဖြစ်စေပြီး ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ပြန်လည်ပြောကြားသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌ တို့သည် နှစ်နိုင်ငံအကြား ပညာရေးကဏ္ဍနှင့် စီးပွားရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်သွားနိုင်မည့်အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံဆွေးနွေးမှုအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီ လွှတ်တော်ဥက္ကဋ္ဌ တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။