နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် သာသနိက ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းထားရှိမှုများအား ကြည့်ရှုစစ်ဆေး၊ တန်ခိုးကြီး ဘုရား၊ စေတီများအား ဖူးမြော်ကြည်ညို
နေပြည်တော်၊ ဩဂုတ် - ၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေး နှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဗိုလ်ချုပ်ကြီး ညိုစောနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးမျိုးသန့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ မန္တလေးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် သာသနိက ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တန်ခိုးကြီးဘုရားစေတီများအား ဖူးမြော်ကြည်ညိုသည်။
စည်ရှည်တံတားဆောက်လုပ်ရေးဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မန္တလေးနန်းမြို့တွင်းသို့ ရောက်ရှိကြပြီး နန်းမြို့အနောက်ဘက်ရှိ မြို့ရိုး ထိန်းသိမ်းထားရှိမှုနှင့် စည်ရှည်တံတားအား ပြန်လည်တည်ဆောက်နိုင်ရေးဆောင်ရွက် လျက်ရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက စည်ရှည်တံတား၏သမိုင်းအကျဉ်းနှင့် ယခင်တံတားအဟောင်း အထောက်အထားအချက်အလက်များကို လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က စည်ရှည်တံတား ပြန်လည်တည်ဆောက်မည့် အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တံတားပြန်လည်တည်ဆောက်ရာတွင် ရှေးမူမပျက် မူလ ပုံစံအတိုင်း တည်ဆောက်သွားရန်လိုကြောင်း၊ တံတားနှင့်ဆက်စပ်လျက်ရှိသည့် လမ်းများကိုလည်း စနစ်တကျဆောင်ရွက်ရန်လိုကြောင်း၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော်ကြီး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော်ကြီးသို့ ရောက်ရှိကြပြီး ကျောင်းတော်ကြီးအတွင်းရှိ စူဠာမုနိရုပ်ရှင်တော် ဘွဲ့အမည်ခံ ရုပ်ပွားဆင်းတုတော်ကြီးအား ဖူးမြော်ကြည်ညိုကာ မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်း၊ သောက်တော်ရေချမ်း နှင့် ဆီမီးတို့ကို ကပ်လှူပူဇော်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စူဠာမုနိရုပ်ရှင်တော် ဘွဲ့အမည်ခံရုပ်ပွားတော်မြတ်ကြီး ပင့်ဆောင်ထားရှိမှု အခြေအနေများအား ကြည့်ရှု၍ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ကြည်ညိုသပ္ပါယ်စွာရှိစေရေး လိုအပ်သည်များကို ဆောင်ရွက်သွားရန်မှာကြားကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က မဟာအတုလဝေယန်(အတုမရှိ) ကျောင်းတော်ကြီး ထိန်းသိမ်းရေးအတွက် ဘက်စုံအလှူတော်ငွေများကို ပေးအပ်လှူ ဒါန်းသည်။ ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မဟာအတုလဝေယန်(အတုမရှိ) ကျောင်းတော်ကြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် စူဠာမုနိရုပ်ရှင်တော် ဘွဲ့အမည်ခံ ရုပ်ပွားတော်မြတ်ကြီး ပင့်ဆောင်ခဲ့မှုမှတ်တမ်းဓာတ်ပုံများအား ကြည့်ရှုကာ မဟာအတုလဝေယန်(အတုမရှိ) ကျောင်းတော်ကြီးအား လက်ယာရစ်လှည့်လည်၍ ကျောင်းတော်ကြီး ရေရှည်တည်တံ့ ခိုင်မြဲရေး၊ နဂိုမူလရှေးဟောင်းအမွေအနှစ်လက်ရာများအတိုင်း လက်ရာမပြတ်ထိန်း သိမ်းစောင့်ရှောက်ရေး မှတ်တမ်းများကို ပြန်လည်ကြည့်ရှုလေ့လာ၍ ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ရွှေနန်းတော်ကျောင်း(ရွှေကျောင်း)
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ရွှေနန်းတော်ကျောင်း(ရွှေကျောင်း)သို့ ရောက်ရှိကြပြီး ကျောင်းတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုသည်။ ထို့နောက် ကျောင်းတော်ကြီး အတွင်းအပြင်ရှိ မြန်မာမှုသစ်သားပန်းပုအခြေခံ ခြူးပန်း၊ ခြူးနွယ် အပြောက်အမွမ်းများ၊ ရုပ်လုံးရုပ်ကြွများ၊ ကျေးငှက်တိရစ္ဆာန်ရုပ်များ၊ နံရံကပ်ရုပ်ကြွများ၊ အတွင်းမာရဘင်အရှေ့ပိုင်း ကွန်းစင်တိုင်အခြေတွင် ထုဆစ်ပူဇော်ထားသည့် ဇာတ်ကြီးဆယ်ဘွဲ့၊ တောထွက်ခန်း၊ မဟာပဒုမဇတ်၊ ဥတေနဇာတ်တော် တို့ကို အနုစိတ် ထုဆစ်ပူဇော်ထားရှိမှုများကို ကြည့်ရှုပြီး တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်လက်ရာများဖြစ်သည့်အတွက် စနစ်တကျဖြင့် လက်ဆင့်ကမ်းထိန်းသိမ်း စောင့်ရှောက်သွားကြရမည်ဖြစ်ကြောင်း၊ ကျောင်းတော်ကြီးအတွင်းရှိ တိုင်လုံးများ သပ်ရပ်မှုနှင့် ကြံ့ခိုင်မှုရှိအောင် စဉ်ဆက်မပြတ် မွမ်းမံထိန်းသိမ်းဆောင်ရွက်သွားရန် လိုကြောင်း၊ အမွေအနှစ်လက်ရာများကို ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် မှန်ကာရံခြင်းများ၊ ကန့်သတ်ဧရိယာထားရှိခြင်းများ ဆောင်ရွက်ထားရှိရန်လိုကြောင်း၊ ရှေးဟောင်း အမွေအနှစ်လက်ရာများ ဖြစ်သည့်အတွက် အထူးဂရုပြု ထိန်းသိမ်းစောင့်ရှောက်သွားရန် လိုကြောင်း၊ ရွှေကျောင်းတော်ကြီး၏ အောက်ခြေတိုင်များ ခိုင်ခံ့နေစေရေး ထိန်းသိမ်းဆောင်ရွက်သွားရန်နှင့် သန့်ရှင်းသပ်ရပ်မှုရှိအောင် ထိန်းသိမ်းဆောင်ရွက်မည်ဆိုပါက လာရောက် လေ့လာသူများကိုလည်း ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း မှာကြားသည်။
မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရား
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ပဉ္စမသင်္ဂါယနာတင်၊ ဘဝရှင် မင်းတုန်းမင်းတရားကြီး တည်ထားကိုးကွယ်တော်မူသော မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရားသို့ ရောက်ရှိ ဖူးမြော်ကြည်ညိုကြပြီး ပန်း၊ ရေချမ်း ကပ်လှူပူဇော်သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဘုရားကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံရယူသည်။ ယင်းနောက် ဘုရားကြီးအား လက်ယာရစ်လှည့်လည် ဖူးမြော်ကြည်ညိုခဲ့ပြီး ဘုရားကြီး ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
မဟာဓမ္မိကာမရာမ ရွှေကျင်တိုက်မကြီး
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် ဇနီး၊ အဖွဲ့ဝင်များသည် မဟာဓမ္မိကာမရာမ ရွှေကျင်တိုက်မကြီးသို့ ရောက်ရှိကြပြီး ဦးစီးပဓာနနာယက ဆရာတော် အဂ္ဂမဟာပန္တိတ ဘဒ္ဒန္တ ထုတိဝရ အား ဖူးမြော် ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး မဟာဓမ္မိကာမရာမ ရွှေကျင်တိုက်မကြီး ဦးစီးပဓာနနာယက ဆရာတော်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့အား ဓမ္မဒါနအဖြစ် ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်အား ပြန်လည်ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီး နှင့်အဖွဲ့ဝင်များသည် သက်တမ်း ၁၆၂ နှစ်ကျော်သက်တမ်းရှိ ကျွန်းကျောင်း တော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အားဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်းများ ကပ်လှူ ပူဇော်သည်။
ယင်းနောက် ကျွန်းကျောင်းတော်ကြီး ပြန်လည်ပြုပြင်ထိန်းသိမ်းထားရှိမှုများနှင့် ကျွန်ကျောင်းတော်ကြီးအတွင်းရှိ ရွှေကျင် သာသနာပိုင် ဆရာတော်ကြီးများ၏ ပုံတူ ရုပ်တုတော်များကို ဖူးမြော်ကြည့်ရှုပြီး ဓာတ်ပုံပြခန်းအား ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ကျောင်းတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ထိန်းသိမ်းဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
မြနန်းစံကျော် ရွှေနန်းတော်ကြီး
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မန္တလေးနန်းမြို့တွင်းရှိ မြနန်းစံကျော် ရွှေနန်းတော်ကြီး ထိန်းသိမ်းထားရှိမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ နှင့် တာဝန်ရှိသူများက ရွှေနန်းတော်ကြီးနှင့် အဆောင်တော်များ ထိန်းသိမ်းထားရှိမှု အခြေအနေများနှင့် ၂၀၂၃ ခုနှစ် မေလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လာရောက် စစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များအား လိုက်နာဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြနန်းစံကျော်ရွှေနန်းတော်ကြီး သမိုင်းမှတ်တမ်းဓာတ်ပုံများနှင့် နန်းတွင်းအသုံးအဆောင်ပစ္စည်းများ ခင်းကျင်းပြသမှုများကို ကြည့်ရှုကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
- Log in to post comments