Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရးကောင်စီအတွင်းရေးမှူး Mr. Sergey Kuzhugetovich Shoigu နှင့်တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ မတ် - ၄

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး Mr. Sergey Kuzhugetovich Shoigu အား ၎င်း၏ အစည်းအဝေးခန်းမ၌ သွားရောက်တွေ့ဆုံဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ နိုင်ငံတော်စီမံအုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန ၁ ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီး မိုးအောင်၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း တို့တက်ရောက်ခဲ့သည်။

ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နှင့်ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့ဝင်များသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူးရုံးသို့ ရောက်ရှိကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး Mr. Sergey Kuzhugetovich Shoigu က ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်သည်။

ယင်းနောက် အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေးတိုးတက် ကောင်းမွန်လျက်ရှိမှု အခြေအနေများ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်မှုများပိုမိုမြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မော်စကို၌ ကျင်းပမည့် နှစ် ၈၀ ပြည့် ဖက်စစ်တော်လှန်ရေးနေ့ အခမ်းအနား၌ မြန်မာကိုယ်စားလှယ်များ တက်ရောက်ရေးနှင့် လုံခြုံရေးဖိုရမ်များ၌ မြန်မာကိုယ်စားလှယ်များဖိတ်ခေါ်ခြင်းဆိုင်ရာ ကိစ္စရပ်များအား ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

ထိုနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီ အတွင်းရေးမှူး Mr. Sergey Kuzhugetovich Shoigu အား ပြည်ထောင်စု စည်သူသင်္ဂဟဘွဲ့၊ စည်သူဘွဲ့ကို ချီးမြှင့်အပ်နှင်းခဲ့သည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူးတို့သည် အမှတ်တရ လက်ဆောင် ပစ္စည်းများအပြန်အလှန် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။