နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဉ်နှင့် သုမင်္ဂလာအဆင့်မြင့်ဈေး တည်ဆောက်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး
နေပြည်တော် ဒီဇင်ဘာ ၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဉ် ထိန်းသိမ်းဆောင်ရွက်ထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ကန်တော်ကြီးဥယျာဉ် ရှင်းလင်းဆောင်ခန်းမ၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးနှင့် ဥယျာဉ်တာဝန်ခံကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ဦးရာဇာထွေးတို့က ကန်တော်ကြီးဥယျာဉ်အတွင်းရှိ ရေကန်များအတွင်း ရေဝင်ရောက်မှု အခြေအနေများ၊ ယခုနှစ်စက်တင်ဘာလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လာရောက်စစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဥယျာဉ်အတွင်း သစ်ပင်ပန်းမန်များအား ထိန်းသိမ်းထားရှိမှုအခြေအနေများ၊ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် (၁၇)ကြိမ်မြောက် ပန်းပွဲတော်အား စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီနှင့် ကဗျာပြိုင်ပွဲများ ပြုလုပ်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် (၁၇)ကြိမ်မြောက် ပန်းပွဲတော်သို့ လာရောက်အပန်းဖြေကြမည့်သူများ များပြားနိုင်သဖြင့် လိုအပ်သည်များကို ပြည့်စုံစွာ ဆောင်ရွက်ပေးထားရန်လိုကြောင်း၊ အမျိုးသားကန်တော်ကြီးဥယျာဉ်သည် ပြင်ဦးလွင်မြို့၏ အထိမ်းအမှတ်နေရာ (Land Mark)တစ်ခု ဖြစ်သဖြင့် ရေရှည်တည်တံ့စေရေး နှင့် ခရီးသွားများ အမြဲမပြတ်လည်ပတ်နိုင်ရေး စဉ်ဆက်မပြတ် ဆောင်ရွက်နေရန်လိုကြောင်း၊ ပြင်ဦးလွင်မြို့သည် ပန်းမြို့တော်ဖြစ်သဖြင့် ပန်းပေါင်းစုံများ ရာသီမရွေးဖူးပွင့်နိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊ ဒေသပန်းမျိုးများကို ထိန်းသိမ်းခြင်းနှင့် အရောင်အဆင်း၊ အနံ့ကောင်းမွန်ပြီး အရည်အသွေးတိုးတက်အောင် သက်ဆိုင်ရာသုတေသနအဖွဲ့များက ဆောင်ရွက်သွားရန် လိုသကဲ့သို့ အခြားဒေသမှ ပန်းမျိုးကောင်း၊ မျိုးသန့်များကိုလည်း ဒေသတွင်း အောင်မြင်ဖြစ်ထွန်းစွာဖြင့် ဖူးပွင့်နိုင်ရေး စမ်းသပ်ဆောင်ရွက်သွားရန် လိုကြောင်း၊ ဥယျာဉ်နေရာများ၌သာမက မြို့အတွင်းရှိလမ်းများ၊ ရပ်ကွက်များအတွင်း၌လည်း သစ်ပင်ပန်းမန်များ စိုက်ပျိုး၍ မျက်စိပသာဒဖြစ်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း။
ပြင်ဦးလွင်ဒေသသို့ ခရီးသွားဧည့်သည်များ အများအပြား လာရောက်အပန်းဖြေကြခြင်းသည် ဒေသ၏သာယာလှပမှုနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေမှု၊ အေးချမ်းစိုပြေမှု တို့ကြောင့်ပင်ဖြစ်ပြီး “အိမ်သာ၍ဧည့်လာ” ခြင်းပင် ဖြစ်ကြောင်း၊ ဒေသတွင်းသို့ ခရီးသွားအများအပြား လာရောက်ခြင်းသည် ဒေသခံတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကိုများစွာ အထောက်အကူဖြစ်စေနိုင်သည် ဖြစ်သဖြင့် ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားရန် လိုကြောင်း၊ Green Zone Area များကို မဖြစ်မနေ အကောင်အထည်ဖော်သွားရမည်ဖြစ်ပြီး နှစ်ရှည်အရိပ်ရအပင်များကို အပင်သက်တမ်းအလိုက် စဉ်ဆက်မပြတ်သည့် စိုက်ပျိုးခြင်းနည်းဖြင့် စနစ်တကျ ဆက်လက်စိုက်ပျိုးထိန်းသိမ်းခြင်းများဖြင့်လည်း ရာသီဥတုကောင်းမွန်မှုကို ဆက်လက်ထိန်းသိမ်းကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု၍ ဥယျာဉ်အတွင်း သစ်ပင်ပန်းမန်များ စိုက်ပျိုးထိန်းသိမ်းထားရှိမှုများ၊ ဒေသပန်းမျိုးများ သုတေသနစင်တာနှင့် စမ်းသပ်စိုက်ခင်းအတွင်း သုတေသနပြု စိုက်ပျိုးစမ်းသပ်ထားရှိမှု၊ ရေကန်ပတ်လမ်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ကန်တော်ကြီးအတွင်း ထည့်သွင်းမွေးမြူထားသည့် အလှမွေးငါးများ၊ ဘဲငန်းများကို အစာကျွေးခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့၊ သုမင်္ဂလာဈေး (ညံတောဈေး) ၆ ထပ်အဆင့်မြင့် ဈေးသစ်တည်ဆောက်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လာရောက်စစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ အထပ်အလိုက် ဆိုင်ခန်းများဖွင့်လှစ်နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိမှု၊ ကလေးကစားကွင်းနေရာများ၊ ရုပ်ရှင်ရုံများ ထည့်သွင်းတည်ဆောက်နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိမှုနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ဆိုလာပြားများ တပ်ဆင်သွားမည့် အခြေအနေများ၊ မြေညီထပ်ရှိ Local Fresh Fruits & Meats Market နှင့် Banking Service Area အတွက် ဗိသုကာဒီဇိုင်းများ ပြင်ဆင်ထားရှိမှု၊ ယာဉ်ရပ်နားသည့်နေရာအတွင်း EV ကားများအတွက် Battery Charger နေရာများ ဆောင်ရွက်ထားရှိမှု၊ ရေဝင်ရေထွက်ကောင်းမွန်စေရေးအတွက် တွက်ချက်ဆောင်ရွက်ထားရှိမှု၊ ရေဆိုးစွန့်ပစ်မှုစနစ် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး အထူးပြုလုပ်ချက် Video Clip ကိုဖွင့်လှစ်ပြသသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ရေစီးရေလာနှင့် ရေဝင်ရေထွက် ကောင်းမွန်စေရေးတို့ကိုလည်း ထည့်သွင်းစဉ်းစား၍ ရေနုတ်မြောင်းများကို စနစ်တကျတွက်ချက်၍ ထည့်သွင်းတည်ဆောက်သွားရန်လိုကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများအားလုံး ပြီးစီးပါက ဈေးဆိုင်ခန်းများ စနစ်တကျ ဖြစ်စေရေးအတွက်လည်း ကြပ်မတ်ဆောင်ရွက်သွားရန်လိုပြီး စားသောက် ဆိုင်ခန်းများ ထားရှိမည့်အထပ်တွင် သန့်ရှင်းမှုရှိစေရေးကို အလေးထားဆောင်ရွက်သွားရန်နှင့် ရေ/မီး စနစ်များ စနစ်တကျရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲရာတွင် Back up စနစ်ကိုပါ ထည့်သွင်းဆောင်ရွက်ရန်လိုကြောင်း၊ အဆင့်မြင့်ဈေးဖြစ်သည်နှင့်အညီ အသီးအရွက်များ၊ အသားငါးများကိုလည်း စနစ်တကျ ထုပ်ပိုး၍ ရောင်းချသွားရန်လိုကြောင်း၊ ယခုအဆင့်မြင့်ဈေးသစ် တည်ဆောက်စေခြင်းသည် ပြင်ဦးလွင်မြို့၏ လူနေမှုထူထပ်လာမှုများ၊ ခရီးသွားလာမှု များပြားလာမှုများနှင့် ကိုက်ညီသည့် အဆင့်မီဈေးတစ်ခု ဖြစ်ပေါ်လာစေရန်နှင့် ဒေသထွက်နှင့် အခြေခံသုံးကုန်ပစ္စည်းများကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်းရရှိနိုင်စေရန် ရည်ရွယ်ဆောင်ရွက်စေခဲ့ခြင်း ဖြစ်ကြောင်း၊ စံပြဈေးတစ်ခု ဖြစ်ရမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် သုမင်္ဂလာဈေး (ညံတောဈေး) ၆ ထပ် အဆင့်မြင့်ဈေးသစ်တည်ဆောက်ရေး စီမံကိန်းအတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
- Log in to post comments