နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ စစ်တွေမြို့ လောကာနန္ဒာစေတီတော်မြတ်ကြီးအားဖူးမြော် အဆင့်မြင့်ပညာနှင့်အခြေခံပညာတို့မှ ဆရာ ဆရာမများနှင့်တွေ့ဆုံ
စစ်တွေ ဒီဇင်ဘာ ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေနှင့် ခွန်စံလွင်တို့သည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် နှင့် Jeng Phang နော်တောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့် ဦးဇော်အေးမောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ လောကာနန္ဒာစေတီတော်မြတ်ကြီးနှင့် ရှေးဟောင်းသမိုင်းဝင် စကြာမုနိဗုဒ္ဓရုပ်ပွားတော်အား ဖူးမြော်ပြီး အဆင့်မြင့်ပညာနှင့်အခြေခံပညာတို့မှ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။
အလှူငွေများ ပေးအပ်လှူဒါန်း
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့်အဖွဲ့သည် လောကာနန္ဒာစေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်၍ စေတီတော်ဘက်စုံပြုပြင်နိုင်ရန် အလှူငွေများပေးအပ်လှူဒါန်းကြကာ လောကာနန္ဒာစေတီတော်မြတ်ကြီး ရင်ပြင်တော်တွင် တည်ထားကိုးကွယ်ထားရှိသည့် မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိ ဆင်းတုတော်နှစ်ဆူအတွက် စံကျောင်းတော်(၂) ဆောက်လုပ်နေမှုနှင့် နေပူခံကျောက်ပြားခင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကြသည်။
ဆက်လက်၍ လောကာနန္ဒာစေတီတော်ပရိဝုဏ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် စကြာမုနိဗုဒ္ဓရုပ်ပွားတော်အား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်၍ အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြသည်။
ဆရာ ဆရာမများနှင့် တွေ့ဆုံ
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့်အဖွဲ့သည် စစ်တွေတက္ကသိုလ်သို့သွားရောက်ပြီး ဘွဲ့နှင်းသဘင်ခန်းမ၌ အဆင့်မြင့်ပညာနှင့်အခြေခံပညာတို့မှ ဆရာဆရာမများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက ပညာရေးဌာနတွင် တာဝန်ထမ်းဆောင်နေကြသည့် မိမိတို့ဆရာ ဆရာမများသည် အတတ်ပညာဆိုသည့် ဘာသာရပ်ကျွမ်းကျင်မှုအပြင် ကျောင်းသားကျောင်းသူများကို စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်အယူအဆ မှန်ကန်အောင် သင်ကြားပေးရမည်ဖြစ်ကြောင်း၊ ဗလငါးတန်နှင့် ပြည့်စုံသည့် ကျောင်းသားကျောင်းသူများ ပေါ်ထွန်းလာစေရေးအတွက် စေတနာ၊ မေတ္တာ၊ ကရုဏာထားပြီး သင်ကြားပေးကြသော ဆရာဆရာမကောင်းများ ဖြစ်နိုင်ကြပါစေ ကြောင်း၊ ဆရာဆရာမများသည် မိမိတို့အသက်မွေးဝမ်းကျောင်းပညာဖြစ်သော မြင့်မြတ်သည့်ပညာသင်ကြားရေးလုပ်ငန်းကို အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်ဖြင့် ထမ်းဆောင်နိုင်ပါစေကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာသည့် ဆရာဆရာမများက တာဝန်ထမ်းဆောင်နေမှုအခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေတို့က တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက ဆရာဆရာမများအတွက် ချီးမြှင့်ငွေနှင့် အခြေခံစားကုန်ပစ္စည်းများကို ပေးအပ်ချီးမြှင့်ပြီး တက္ကသိုလ်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
- Log in to post comments