နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက် အမှာစကားပြောကြား
နေပြည်တော် စက်တင်ဘာ ၂၇
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ကော်မတီဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ဒေါက်တာ စိုးဝင်း၊ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၅ ခုနှစ် မတ် ၁၅ ရက်တွင် အပြီးဆောင်ရွက်ရန် လမ်းညွှန်မှာကြားထားပြီးဖြစ်
ဦးစွာ သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က အဖွင့်အမှာစကား ပြောကြားရာတွင် စက်တင်ဘာ ၁၇ ရက်က ကျင်းပပြုလုပ်ခဲ့သည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က လမ်းညွှန်ချက်နှင့် မူဝါဒများ ချမှတ်ပေးခဲ့ကြောင်း၊ အဆိုပါ လမ်းညွှန်ချက်များနှင့် မူဝါဒများကိုလည်း သက်ဆိုင်ရာကော်မတီများသို့ ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း၊ လမ်းညွှန်ချက်များနှင့် စပ်လျဉ်း၍ လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်မှုကိုလည်း သုံးသပ်နေရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်က ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၅ ခုနှစ် မတ် ၁၅ ရက်တွင် အပြီးဆောင်ရွက်ရန် လမ်းညွှန်မှာကြားထားပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် အချိန်အကန့်အသတ်များရှိသည့်အတွက် ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများအလိုက် အလျင်အမြန် အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း။
နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ရေကြီးရေလျှံမှုကြောင့် ယာယီပိတ်ထားရသည့် အခြေခံပညာကျောင်းများကို အောက်တိုဘာလအတွင်း အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး လမ်းညွှန်မှာကြားထားသည့်အတွက် သတ်မှတ် ကာလအတွင်း ဖြစ်နိုင်သရွေ့ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး အားသွန်ခွန်စိုက်ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း၊ထို့ပြင် ကယ်ဆယ်ရေးစခန်းများရှိ ပြည်သူများကိုလည်း သက်ဆိုင်ရာနယ်မြေအလိုက် ရေပြန်ကျချိန် များတွင် မိမိတို့၏ အိမ်များသို့ ပြန်လည်ပြီး အခြေချနေထိုင်နိုင်ရေးနှင့် ပျက်စီးမှုများ ပြုပြင်ပေး နိုင်ရေးကိုလည်း တတ်နိုင်သရွေ့ ဝိုင်းဝန်းကူညီပြီး ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် လမ်းတံတားများနှင့်စပ်လျဉ်း၍ အဓိက လမ်းမကြီးများနှင့် လမ်းသွယ်များ အလိုက် လမ်းပျက်စီးမှုများကို ဦးစားပေးအလိုက် ပြုပြင်ထိန်းသိမ်းခြင်း၊ လုံးဝပျက်စီးသွားသည့် တံတားများ လတ်တလောသွားလာနိုင်ရန် ယာယီတံတားများ ဆောင်ရွက်ပေးရန်နှင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှု မရှိစေရေး လမ်းညွှန်မှာကြားထားသည့်အတွက် အလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန် မြေပြင်စာရင်းမှန်ကန်ရေးမှာ အရေးကြီးသည့်အတွက် ကနဦးလိုအပ်ချက်စစ်တမ်း ကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေး လုပ်ငန်းကော်မတီက စာရင်းအချက်အလက် ကောက်ယူရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ သို့မှသာ အချက်အလက် မှန်မှန်ကန်ကန်သိရှိပြီး ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင် မည်ဖြစ်ကြောင်း။
တာဝန်ရှိသူများက နည်းလမ်းမျိုးစုံဖြင့် ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ပေးရမည်
ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအပိုင်းတွင် ယနေ့အချိန်ထိ ဆောင်ရွက်လျက်ရှိပြီး ဘေးဒုက္ခရောက်သည့် နေရာအားလုံးသို့ ကူညီကယ်ဆယ်ရေးအဖွဲ့များ မရောက်မရှိ မဖြစ်စေရေး အထူးသဖြင့် လမ်းပန်းဆက်သွယ် ရေးခက်ခဲသည့်ဒေသများသို့ သက်ဆိုင်ရာတာဝန်ရှိသူများက နည်းလမ်းမျိုးစုံဖြင့် သွားရောက်ကူညီကယ်ဆယ် ရေးများ လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပျက်စီးဆုံးရှုံးမှုများနှင့် ပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက်ပေးရမည့်အချက်များကို ဆွေးနွေးနိုင်ရန် တာဝန်ရှိသူများက အချက်အလက်များ ပေးပို့ထားပြီဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Centre)အနေဖြင့် စက်တင်ဘာ ၁၂ ရက်မှစတင်၍ လုပ်ငန်းများဆောင်ရွက်ပြီး စာရင်းကောက်ယူ၍ သက်ဆိုင်ရာသို့ အချိန်နှင့်တစ်ပြေးညီ ညွှန်ကြားချက်များ ထုတ်ပြန်ပေးနိုင်ရေးအတွက် နေ့ညတာဝန်ပေးအပ်ပြီး အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဦးစားပေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင် ရွက်ပေးရမည့်လုပ်ငန်းများကိုလည်း အဆင့်အလိုက် ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ DMC အဖွဲ့များနှင့်ချိတ်ဆက်ပြီး လုပ်ငန်းများ အလေးထားဆောင်ရွက်နိုင်ရေးကို တွန်းအားပေးရ မည်ဖြစ်ကြောင်း။
ရေဘေးသင့်ပြည်သူများ မူလနေရပ်သို့ အတတ်နိုင်ဆုံး ပြန်လည်ရောက်ရှိရန်လိုအပ်
နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအပြင် အခြားဆောင်ရွက်ရမည့် ကိစ္စရပ်များကိုလည်း အကောင် အထည်ဖော် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ အောက်တိုဘာ ၁ ရက်တွင် စတင်ဆောင်ရွက်မည့် ပြည်လုံးကျွတ် လူဦးရေနှင့်သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းမစတင်မီ ကယ်ဆယ်ရေးစခန်းများမှ ရေဘေး သင့်ပြည်သူများ မူလနေရပ်သို့ အတတ်နိုင်ဆုံး ပြန်လည်ရောက်ရှိရန် လိုအပ်ပြီး ထောက်ပံ့ပေးအပ်မှုများကို ဆွေးနွေးတိုင်ပင်ပြီး အတည်ပြုရာထားနှုန်းထားအပေါ် မူတည်၍ အမြန်ဆုံးထောက်ပံ့ပေးနိုင်ရေး ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ ရေဘေးသင့်ပြည်သူများအနေဖြင့် မိမိနေရာ၊ မိမိဒေသရှိ ကိုယ့်အိမ်၊ ကိုယ့်ရာများသို့ ပြန်လည် သွားရောက်ပြီး အမြန်ဆုံးပြုပြင်နေထိုင်ခြင်းဖြင့် လုံခြုံမှုရှိပြီး ရေရှည်ကောင်းမွန်သည့် လူမှုဘဝကို တည်ဆောက်နိုင်မည်ဆိုသည်ကိုလည်း တာဝန်ရှိသူများက ရှင်းလင်းပြောကြားပေးရမည်ဖြစ်ကြောင်း၊ ရေဘေးသင့် ပြည်သူများ၏ နေအိမ်များနှင့် လမ်းများ၌ ကျန်ရှိနေသည့်သဲနုန်းများ၊ အမှိုက်များကိုဖယ်ရှားပြီး သန့်ရှင်းရေး လုပ်ငန်းများကို ပြည်သူများနှင့်အတူ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထောက်ပံ့ မှုအပိုင်းများတွင် လစ်ဟာမှုမရှိစေရေးအတွက် စနစ်တကျတွက်ချက်၍ ဆောင်ရွက်ပေးနိုင်ရေးအတွက် သေဆုံးမှု၊ အိုးအိမ်ပျက်စီးမှု၊ ကျောင်းများနှင့် သာသနိက အဆောက်အဦများ ပျက်စီးမှု၊ စိုက်ပျိုးရေးသီးနှံများ ပျက်စီးမှုနှင့် အခြားပျက်စီးမှုများကို ကဏ္ဍအလိုက် တိတိကျကျဆွေးနွေးပေးကြရန်လိုကြောင်း။
တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာဒေသအလိုက် ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့မှု အခြေအနေ၊ လက်ရှိနောက်ဆုံး အခြေအနေ၊ တိုးတက်မှုအခြေအနေ၊ လမ်းတံတားပျက်စီးမှု၊ ပြန်လည်ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ထိထိ ရောက်ရောက်ဆွေးနွေးပေးကြရန်လိုကြောင်းဖြင့် ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးများက ရှင်းလင်းတင်ပြ
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒေါက်တာစိုးဝင်းနှင့် ဦးကိုကိုလှိုင် တို့က ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိမှု၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့များက ရှာဖွေကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး စသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ အလှူငွေ၊ အစားအသောက်နှင့် ဆေးဝါးများအပြင် လိုအပ်သည့် အခြားထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးနေမှု၊ ရေဘေးသင့်ပြည်သူများ မူလနေရပ် ပြန်လည ်နေထိုင်နိုင်ရေး ဆောင်ရွက်ပေးနေမှု၊ ကော်မတီမှ စားနပ်ရိက္ခာများ ထောက်ပံ့ပေးလျက်ရှိမှု၊ ပျက်စီးသွားသည့် နေအိမ် များ၊ ဆုံးရှုံးသွားသည့်ပစ္စည်းများနှင့် သေဆုံးသူများအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်နေမှု၊ ပြည်ပနိုင်ငံများမှ လှူဒါန်းသည့် ပစ္စည်းများလက်ခံရရှိမှု၊ သတင်းအချက်အလက်နှင့် နည်းပညာ ဖလှယ်ရေးဆိုင်ရာကိစ္စရပ်များနှင့် သဘာဝဘေးအန္တရာယ်များအား အရေးပေါ်တုံ့ပြန်နိုင်ရေး ပြင်ဆင် ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်းက ရာဂီတိုင်ဖွန်းမုန်တိုင်းကြောင့် အခြေခံပညာကျောင်းများနှင့် ပညာရေးရုံးများ ၏ ယာယီပိတ်ထားမှု၊ ပျက်စီးဆုံးရှုံးခဲ့မှု၊ ရေပြန်လည်ကျဆင်း သွားသည့်ဒေသများရှိ ကျောင်းများပြန်လည်ဖွင့်လှစ်သင်ကြားနေမှုနှင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ယာယီပိတ်ထားသည့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် အစား ထိုးပြန်လည် သင်ကြား နိုင်ရန် အချိန်ဇယားများ ရေးဆွဲထားရှိမှု တို့ကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများက ရေကြီးနစ်မြုပ်မှုများကြောင့် ပျက်စီးဆုံးရှုံးမှု၊ သေဆုံး၊ ပျောက်ဆုံးခဲ့မှု အခြေအနေ၊ လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရေးအတွက် လမ်းတံတားများအား ပြန်လည်ပြုပြင် တည်ဆောက်နေမှု၊ ရေနစ်မြုပ်မှု ကြောင့် ရာသီသီးနှံစိုက်ဧကများ ကို အစားထိုးသီးနှံများ ပြန်လည် စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်နေမှုနှင့် အလှူငွေများ၊ ထောက်ပံ့ ရေးပစ္စည်းများရရှိမှုအလိုက် ဖြန့်ခွဲပေးနေမှုနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူးများဖြစ်ကြသည့် အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူ များက လမ်းညွှန်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်သွား မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဗဟိုဌာနဖွဲ့စည်းပြီး ၂၄ နာရီ အရေးပေါ်ရုံးခန်း ဖွင့်လှစ်ထားရှိ
တိုင်ဖွန်းမုန်တိုင်း ရာဂီအရှိန်ကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်ခဲ့ရာ ပျက်စီးဆုံးရှုံးမှုနှင့် သေဆုံးမှုများအနေဖြင့် စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်း စာရင်းဇယားများ အရ နိုင်ငံအဝန်း၌ မြို့နယ် ၁၁၀ မြို့နယ်မှ လူနေအိမ် ၁၁၅၀၀၂ လုံး၊ ရုံးဌာန အဆောက်အဦ ၁၂၉ လုံး၊ စာသင်ကျောင်း ၃၃၃ ကျောင်း၊ ဘာသာရေးကျောင်း ၂၂၈ ကျောင်း၊ လမ်း/တံတားပျက်စီးမှု ၁၃၅၈ ခု၊ လျှပ်စစ်မီးတိုင် ၅၆၂၂ တိုင်၊ ဆက်သွယ်ရေးတိုင် ၁၁၄ တိုင်၊ စပါးစိုက်ဧက ခုနစ်သိန်း ရှစ်သောင်းကျော် ထိခိုက်ပျက်စီးခဲ့ကာ သေဆုံးသူ ၄၃၃ ဦး၊ မျောပါပျောက်ဆုံးသူ ၇၉ ဦးရှိပြီး တိရစ္ဆာန်သေဆုံးမှုအနေဖြင့် ၁၇၆၂၄၆ ကောင်ရှိကြောင်း သိရှိရပြီး ရေဘေးသင့်ဒေသများသို့ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်း များနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေး ညီဆောင်ရွက်နိုင်ရန် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Centre)ဖွဲ့စည်းပြီး ၂၄ နာရီ အရေးပေါ် ရုံးခန်း ဖွင့်လှစ်ထားရှိကြောင်း သတင်းရရှိသည်။
- Log in to post comments