နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများ စိစစ်ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော်၊ မတ်-၅
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းများ စိစစ်ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဦးကိုကို၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒေါက်တာချာလီသန်းနှင့် Jeng Phang နော်တောင်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယဝန်ကြီး ဦးမင်းထွဋ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် အစည်းအဝေးသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေး နှစ်အတွက် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းများကို ပြည်ထောင်စုနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းများ၊ ပြည်ထောင်စုအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများ၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများနှင့်စပ်လျဉ်း၍ ကြိုတင်စိစစ်ရေးကော်မတီက စိစစ်ထားပြီးသည့်အပေါ် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌထံသို့ မတင်ပြမီ နောက်ဆုံးအဆင့် စိစစ်ရန်အတွက် ဆွေးနွေးညှိနှိုင်းသည့် အစည်းအဝေး ဖြစ်ကြောင်း။
နိုင်ငံတော်အနေဖြင့် ဘဏ္ဍာရေးနှစ်အလိုက် အရ၊ အသုံးခန့်မှန်းခြေစာရင်း လျာထားရေးဆွဲရာတွင် ယေဘုယျအနေဖြင့် လိုငွေနှင့် ဂျီဒီပီအချိုး(၅ ရာခိုင်နှုန်း) ထက် မကျော်စေရေး ဂရုပြုဆောင်ရွက်ရကြောင်း၊ ၂ဝ၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းများအပေါ် သုံးသပ်ကြည့်ပါက နိုင်ငံတော်၏ စီးပွားရေးနှင့် ပတ်သက်၍ ဝင်ငွေရှာဖွေပေးရသည့် သက်ဆိုင်ရာဝန်ကြီးဌာနအချို့နှင့် အဖွဲ့အစည်းအချို့အနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်လျာထားသည့် ရငွေပိုင်းပြည့်မီခြင်းမရှိသည်များကို တွေ့ရှိရသကဲ့သို့ သုံးစွဲသည့် အသုံးစရိတ်ပိုင်းတွင်လည်း မလိုအပ်ဘဲ လိုရမယ်ရ တင်ပြတောင်းခံထားသည်များ၊ အချို့စီမံကိန်းပြီးနိုင်သည်ဟု ယူဆပြီး တောင်းခံသည်များ ရှိခဲ့ကြောင်း၊ ဘဏ္ဍာရေးနှစ် တစ်နှစ် ကုန်ဆုံးချိန်နီးမှသာ အကြောင်းအမျိုးမျိုးကြောင့် စီမံကိန်းများ ပြီးစီးအောင် မဆောင်ရွက်နိုင်ခြင်း၊ တစ်ချို့လုပ်ငန်းများ မစတင်နိုင်ခြင်း စသည့် အကြောင်းပြချက်များဖြင့် ပိုလျှံငွေများ ပြန်လည်အပ်နှံသည့်အတွက် နိုင်ငံတော်၏အထွေထွေပိုလျှံငွေများစွာ ဖြစ်ပေါ်နေသည်ကို တွေ့ရကြောင်း။
ထို့ကြောင့် ရငွေအပိုင်းနှင့် အသုံးစရိတ်အပိုင်းအပေါ်မူတည်ပြီး ဂျီဒီပီကို တွက်ချက်ရသည်ဖြစ်၍ လိုငွေနှင့် ဂျီဒီပီအချိုးကို နှိုင်းယှဉ်ရသည့်အပိုင်းတွင် သုံးစွဲသည့်ငွေအပိုင်း၌ ရငွေများအားလုံး မသုံးစွဲနိုင်ပါက ရငွေသုံးစွဲမှုအပေါ်မူတည်၍ ဂျီဒီပီ လျော့နည်းသကဲ့သို့ အမှန်တကယ်သုံးစွဲရန် လိုအပ်သည့်ဝန်ကြီးဌာနမှ အဆိုပါငွေအား စောစီးစွာ သုံးစွဲနိုင်ပါကလည်း စီမံကိန်းနှင့်လုပ်ငန်းများ ပြီးစီးသွားမည်ဖြစ်ပြီး ယင်းဝန်ကြီးဌာန၏ ဂျီဒီပီမှာလည်း တိုးတက်လာမည် ဖြစ်ကြောင်း၊ အဆိုပါကိစ္စမှာ အင်မတန်အရေးကြီးသည့် အနေအထားဖြစ်ကြောင်း၊ ယင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်အကြီးအကဲက ဘဏ္ဍာရေးဆိုင်ရာကော်မရှင် (၂/၂၀၂၄) အစည်းအဝေး တွင် “ဘဏ္ဍာငွေနှင့် ပတ်သက်ပြီး စိစိစစ်စစ် သုံးသင့်ကြောင်း၊ မလိုဘဲနှင့်တောင်းခြင်း၊ လိုရမယ်ရတောင်းခြင်း၊ မလုပ်နိုင်ဘဲနှင့်တောင်းခြင်းများရှိသည့်အတွက် စိစစ်ပြီးတောင်းပါက မူလခန့်မှန်းခြေငွေစာရင်းများစွာ လျော့ကျသွားနိုင်ကြောင်း” လမ်းညွှန်မှာကြားခဲ့ကြောင်း၊ ထို့ကြောင့် လိုအပ်သည့်စီမံကိန်း၊ မလိုအပ်သည့်စီမံကိန်းများအပေါ် မူတည်၍ ဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဖွဲ့အစည်းများက စိစစ်၍ တင်ပြတောင်းခံကြရန် တိုက်တွန်းပြောကြား လိုကြောင်း။
ထို့ပြင် နိုင်ငံတော်က ရငွေပိုင်းကို ခွဲဝေရာတွင် နိုင်ငံတော်၏ စီးပွားရေး ပိုမိုတိုးတက်စေရေး မောင်းနှင်အားတစ်ခုအဖြစ် အသစ်ဖွဲ့စည်းထားသည့် စက်မှုဖွံ့ဖြိုးရေးကော်မရှင်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်နှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်များကလည်း နိုင်ငံ၏စီးပွားရေး တိုးတက်ရန်အတွက် နိုင်ငံတော်ဝန်ကြီးချုပ်က ဖွဲ့စည်းပေးလိုက်သည့် ဝန်ကြီးဌာနများနှင့်အတူ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ကြမည်ဖြစ်ရာ လိုအပ်မည့် အသုံးစရိတ်များကိုလည်း တိုးမြှင့်သုံးစွဲကြမည့် အနေအထားရှိပါကြောင်း၊ တစ်ဖက်ကလည်း သုံးစွဲရန်မလိုသည့်ရငွေများကို အဆိုပါကော်မရှင်နှင့် ဆက်စပ်နေသည့်ဝန်ကြီးဌာနများအား လိုအပ်ချက်အရ ခွင့်ပြုပေးခြင်းအားဖြင့် ဂျီဒီပီပိုင်းတွင် များစွာ တိုးတက်လာမည်ဖြစ်ကြောင်း၊ ဂျီဒီပီ တိုးတက်လာသကဲ့သို့ ရငွေပိုင်းတွင်လည်း တိုးတက်လာမည်ဖြစ်ကြောင်း။
သို့ဖြစ်၍ နောင် မူလခန့်မှန်းခြေငွေစာရင်း (Budget Estimate) နှင့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်း (Revised Estimate)တို့ တင်ပြရာတွင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများအနေဖြင့် အမှန်တကယ်လိုအပ်ချက်များကို ဖြစ်နိုင်ခြေနှင့် တွက်ချက်စိစစ်ပြီးမှသာ တင်ပြကြစေလိုကြောင်း၊ ကြိုတင်စိစစ်ရေးကော်မတီနှင့် တာဝန်ရှိသူများ၏ စိစစ်တွေ့ရှိချက်များအရ ဖြစ်ပေါ်လာသည့် အနေအထားကို ကြည့်မည်ဆိုပါက ဝန်ကြီးဌာနများ မူလတင်ပြလာသည်မှာ ရငွေနှင့်သုံးငွေလျာထားချက်အရ လိုငွေနှင့် ဂျီဒီပီအချိုးသည် ၇ ဒသမ ၀၄ ရာခိုင်နှုန်း ဖြစ်သည်ကို တွေ့ရကြောင်း၊ ၎င်းအပေါ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အောက်ရှိ ဌာနနှစ်ခုနှင့် ကော်မတီသုံးရပ်မှ စိစစ်ရာတွင် လိုငွေနှင့်ဂျီဒီပီအချိုးသည် ၆ ဒသမ ၅၆ ရာခိုင်နှုန်းထိ စိစစ်တွေ့ရှိခဲ့ကြောင်း၊ ယင်းအပေါ် ဒုတိယဝန်ကြီးနှင့်အဖွဲ့က ထပ်မံစိစစ်ခဲ့ ရာ ၅ ဒသမ ၈၅ ရာခိုင်နှုန်း ၊ ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ထပ်မံစိစစ်ခဲ့ရာ လိုငွေနှင့်ဂျီဒီပီအချိုး၏ ၅ ဒသမ ၂၄ ရာခိုင်နှုန်းအထိလျာထား စိစစ်နိုင်ခဲ့ကြောင်းကို တွေ့ရှိရကြောင်း။
နောက်ဆုံးအဆင့်ဖြစ်သည့် ကြိုတင်စိစစ်ရေးကော်မတီ ကော်မတီဥက္ကဋ္ဌနှင့် အရေးကြီးဝန်ကြီးဌာနများ စုပေါင်း၍ မဖြစ်မနေသုံးစွဲရမည့် အသုံးစရိတ်များ၊ မလိုအပ်ဘဲ မလုပ်နိုင်သည့် စီမံကိန်းများ၏ အသုံးစရိတ်များကို အတိုး/အလျော့ ပြုလုပ်ပြီး လျာထားဂျီဒီပီကိုလည်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းလျာထားမှုအပေါ် တွက်ချက်ခဲ့ပြီး ရလဒ်အပေါ် လိုငွေနှင့်နှိုင်းယှဉ်ချက်အရ လိုငွေနှင့်ဂျီဒီပီအချိုးမှာ ၄ ဒသမ ၇၄ ရာခိုင်နှုန်းအထိ လျှော့ချနိုင်သည်ကို တွေ့ရ၍ လိုငွေနှင့်ဂျီဒီပီအချိုး ၅ ရာခိုင်းနှုန်းထက်မပိုသော ငွေပမာဏအား အသစ်ဖွဲ့စည်း ပေးထားသည့် ကော်မရှင် ၃ ရပ်နှင့် ဆက်စပ်နေသည့် ဝန်ကြီးဌာနများ၊ အခြားသော မဖြစ်မနေ ပံ့ပိုးထောက်ပံ့ရမည့်ခေါင်းစဉ်များသို့ ရန်ပုံငွေကို လိုအပ်ချက်အပေါ် မူတည်၍ ထပ်မံပံ့ပိုးပေးနိုင်မည် ဖြစ် ကြောင်း။
ထို့ပြင် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ပြင်ဆင်ထိန်းသိမ်းစရိတ်များ၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသုံးစရိတ်များ၊ ပညာရေးနှင့်ကျန်းမာရေးကဏ္ဍအသုံးစရိတ်များကိုလည်း ထည့်သွင်းလျာထားရမည်ဖြစ်ကြောင်း၊ ကြိုတင်စိစစ်ရေးကော်မရှင်က စိစစ်ပြီးချိန်တွင်လည်း နိုင်ငံတော်ဝန်ကြီးချုပ်က ထပ်မံ၍ လိုအပ်ချက်အရ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရန်အတွက် စီမံကိန်းများ ဆောင်ရွက်ရန် ထပ်မံညွှန်ကြားချက်များ ရှိလာနိုင်သဖြင့် ခွင့်ပြုပေးနိုင်ရန် ကြိုတင်ဆောင်ရွက်ထားရန်ဖြစ်ကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လျာထားရေးဆွဲသည့် ရငွေ၊ သုံးငွေများနှင့် ပတ်သက်၍ ဆွေးနွေးလိုသည်များနှင့် ထပ်မံဖြည့်စွက်တင်ပြရန်ရှိပါက တင်ပြကြရန် ပြောကြားလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ကော်မရှင်အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းအား စိစစ်ပြီးစီးမှုအခြေအနေ၊ ဌာနအဖွဲ့အစည်းများက တင်ပြလာသည့် ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများ၊ ဝန်ကြီးဌာနများအနေဖြင့် ဘဏ္ဍာနှစ်အတွင်း ရရှိရန် ဆောင်ရွက်ရမည့် နိုင်ငံခြားသုံးငွေနှင့် အခွန်အကောက်ရငွေ ပြည့်မီနိုင်ရေးအတွက် လျာထားဆောင်ရွက်ပေးထားမှု အခြေအနေများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးမင်းထွဋ်က ၂၀၂၅-၂၀၂၆ ခုနှစ် ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးဆိုင်ရာငွေစာရင်းများနှင့် စပ်လျဉ်း၍ ကြိုတင်စိစစ်ခဲ့မှု အခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ခင်နိုင်ဦးက ရငွေ၊ သုံးငွေစာရင်းများအပေါ် စာရင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများမှ တာဝန်ရှိသူများက သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းအလိုက် ဆွေးနွေးတင်ပြကြပြီး ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်အတွင်းရေးမှူးက ဖြည့်စွက်ဆွေးနွေးသည်။
ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ဝန်ကြီးဌာနများအနေဖြင့် အသုံးစရိတ်များ တင်ပြတောင်းခံရာတွင် စနစ်တကျ စိစစ်ပြီးမှသာ တင်ပြကြစေလိုကြောင်း၊ ထို့ပြင် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများအနေဖြင့် ရရှိနိုင်သည့်ဘဏ္ဍာငွေကို အပြည့်အဝရရှိရေး ဆောင်ရွက်ကြရန်နှင့် သုံးစွဲမှုအပိုင်းတွင်လည်း အလေအလွင့်မရှိအောင် စိစစ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
- Log in to post comments