Skip to main content

နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်ခြင်း

နေပြည်တော် စက်တင်ဘာ ၂၆

 

၁။ ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သော မဲမသမာမှုများကြောင့် ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံရေးပြဿနာများကို အေးချမ်းစွာ ပြီးဆုံးစေရန်အတွက် နိုင်ငံရေးနည်းလမ်းမျိုးစုံဖြင့် ညှိနှိုင်းဖြေရှင်းရန် ကြိုးပမ်းခဲ့မှုကို လျစ်လျူရှု၍ နိုင်ငံတော်အာဏာကို မမှန်မကန်သော နည်းလမ်းဖြင့် ရယူရန်ကြိုးပမ်းခဲ့၍သာ တပ်မတော်က နိုင်ငံတော်၏အာဏာအရပ်ရပ်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွှဲပြောင်းရယူ ထိန်းသိမ်းဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်။

 

၂။ တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို စစ်ဘက်၊ အရပ်ဘက် မျှတစွာဖွဲ့စည်း၍ ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များ ချမှတ်ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ပါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်အာဏာလွှဲအပ်ရေးကို မမှိတ်မသုန် ဦးတည်ဆောင်ရွက်နေသော်လည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ လက်နက်ကိုင်လမ်းစဉ်၊ အကြမ်းဖက်လမ်းစဉ်တို့ဖြင့် လက်နက်စွဲကိုင် အကြမ်းဖက်တိုက်ခိုက်သည့်နည်းလမ်းကို ရွေးချယ်အသုံးပြုခဲ့ကြသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကြောင့် နိုင်ငံတော်၏ လူသားအရင်းအမြစ်များ၊ နိုင်ငံတော်၏ အခြေခံအဆောက်အအုံများ၊ ပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးရမှုများစွာ ဖြစ်ပေါ်ခဲ့ရသည့်အပြင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအဟန့်အတား ဖြစ်စေခဲ့ရသည်။

 

၃။ ယနေ့အချိန်တွင် ကျင်းပရန်ရှိသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်မှုကို အထောက်အကူပြုစေမည့် သန်းခေါင်စာရင်း ကောက်ယူခြင်းကို အောက်တိုဘာလ(၁)ရက်နေ့တွင် စတင်ကောက်ယူတော့မည်ဖြစ်ပြီး ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းစဉ်များကို အားသွန်ခွန်စိုက်ဆောင်ရွက်နေချိန်လည်းဖြစ်သည်။ လက်နက်ကိုင်လမ်းစဉ်နှင့် အကြမ်းဖက်လမ်းစဉ်တို့ကြောင့် နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့ရသည့် ဆုံးရှုံးနစ်နာမှုများကို ထောက်ရှု၍ ထာဝရငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူများနှင့်အတူ လက်တွဲဖော်ဆောင်နိုင်ရန်အလို့ငှာ နိုင်ငံတော်အား ဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အကြမ်းဖက် သောင်းကျန်းသူအဖွဲ့အစည်းများ၊ အကြမ်းဖက် PDF အဖွဲ့များ အနေဖြင့် လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်သည့် လမ်းစဉ်ကို စွန့်လွှတ်ကာ ပါတီနိုင်ငံရေးလမ်းကြောင်းဖြင့် သော်လည်းကောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းမှ သော်လည်းကောင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်နိုင်ပါရန် ကမ်းလှမ်းဖိတ်ခေါ်အပ် ပါသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

သတင်းထုတ်ပြန်ရေးအဖွဲ့