မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀)ပြည့် ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်
နေပြည်တော်၊ နိုဝင်ဘာ - ၂၂
မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲအထိမ်းအမှတ်ဂုဏ်ပြု ညစာစားပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် အဆိုပါတက္ကသိုလ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ အင်ဂျင်နီယာပညာရှင်ကြီးများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဂုဏ်ပြုညစာစားပွဲအခမ်းအနား ကျင်းပပြုလုပ်မည့်နေရာသို့ ရောက်ရှိကြရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။
ညစာ မသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း ကျောင်းသား၊ ကျောင်းသူများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၊ ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များနှင့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့မှ အနုပညာရှင်များက တေးသီချင်းများ၊ သရုပ်ဖော်အကများ၊ တိုင်းရင်းသားယဉ်ကျေးမှု အက အလှများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သီဆိုကပြဖျော်ဖြေခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
- Log in to post comments