Skip to main content

မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်ကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍အဖွင့်အမှာစကားပြောကြား

၂၀၂၅ ခုနှစ် မတ်လ ၇ ရက်

မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်အား မတ်လ ၆ ရက် ဒေသစံတော်ချိန် ညနေပိုင်းတွင် မင့်စ်မြို့၊ President ဟိုတယ်၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

အဆိုပါ မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း နှင့် ခရီးစဉ်တွင်လိုက်ပါလာသည့် အဆင့်အမြင့်အရာရှိကြီးများ၊ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ် Mr. Yuri Shuleiko နှင့် ဘယ်လာရုစ်သမ္မတ နိုင်ငံအစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် အဖွဲ့ဝင်များ၊ ဘယ်လာရုစ်နိုင်ငံစီးပွားရေး လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် အားလုံးသိကြသည့်အတိုင်း မိမိတို့သည် မိတ်ဖက်နိုင်ငံများနှင့် ဆက်ဆံရေးကို သံတမန်လမ်းကြောင်းမှနေ၍ အစပြုခဲ့ပြီး စိန်ခေါ်မှုအမျိုးမျိုးကို လက်တွဲပူးပေါင်းကာ အတူတကွကျော်လွှားခဲ့ကြခြင်းဖြစ်ကြောင်း၊ ဘယ်လာရုစ်နိုင်ငံနှင့်လည်း သံတမန်ဆက်ဆံရေးကို ၁၉၉၉ ခုနှစ်တွင် စတင်ခဲ့ပြီး အပြန်အလှန် ယုံကြည်မှုနှင့် နားလည်မှုကို အခိုင်အမာ တည်ဆောက်နိုင်ခဲ့ခြင်းပင်ဖြစ်ကြောင်း။

လက်ရှိတွင်လည်း နှစ်နိုင်ငံအကြား ပြည်သူအချင်းချင်းဆက်ဆံရေး၊ စီးပွားရေး လုပ်ငန်းအချင်းချင်း ဆက်ဆံရေး၊ အစိုးရဌာနအချင်းချင်း ဆက်ဆံရေး၊ အစိုးရအချင်းချင်း ဆက်ဆံရေးများကို လက်တွေ့ဖော်ဆောင်ခြင်းမှတစ်ဆင့် အပြန်အလှန် ယုံကြည်မှုသည် ပိုမိုခိုင်မြဲလာမည်ဖြစ်ကြောင်း၊ အထူးသဖြင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်နွယ်မှုတစ်ဆင့် နှစ်ဦးနှစ်ဖက် ဘုံတူညီသည့် အနာဂတ်ကို လျှောက်လှမ်းရန် စတင်နိုင်ခြင်းပင်ဖြစ်ကြောင်း။

ဦးစွာ ဘယ်လာရုစ်နိုင်ငံဘက်မှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကတိကဝတ်များကို စတင်နိုင်ရန် သဘောတူစာချုပ်မူကြမ်းကို ပြီးခဲ့သည်ဆယ်စုနှစ်ကျော်က ပေးပို့လာခဲ့သည်ကို မြန်မာနိုင်ငံ၏ စိတ်ပါဝင်စားမှုနှင့်အတူ အကြောင်းပြန်ကြားခဲ့မှုအပေါ် ပြန်လည်အမှတ်ရမိကြောင်း၊ ယခုအချိန်တွင် အဆွေတော်တို့၏ စိတ်ပါဝင်စားမှုနှင့် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကတိကဝတ်ကို ပြန်လည်အသက်သွင်းနိုင်ရန်အတွက် မြန်မာနိုင်ငံဘက်မှ ကြိုးပမ်းဆောင်ရွက်ခဲ့သည်ကိုလည်း အဆွေတော်တို့ကို သိရှိစေလိုကြောင်း။

လက်ရှိတွင်နှစ်နိုင်ငံအကြား ပူးတွဲကော်မရှင်ဖွဲ့စည်းပြီး ပူးပေါင်းဆောင်ရွက်မှုကဏ္ဍတွေ သတ်မှတ်ဖော်ပြနိုင်ခြင်း မရှိသေးသော်လည်း ယခုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် နှစ်နိုင်ငံအကြား ဆွေးနွေးမှုများသည် အတိုင်းအတာတစ်ခုအထိ ရောက်ရှိလာပြီကို သက်သေပြနိုင်ခြင်းပင်ဖြစ်ကြောင်း၊ အစိုးရအချင်းချင်းအကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနှင့် သံတမန်ဆက်ဆံရေးကို အားကောင်းလာစေရေး၊ ကုန်သွယ်မှုကဏ္ဍနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ တိုးမြှင့်ရေးတို့နှင့်စပ်လျဉ်းပြီး တိုးတက်မှုရှိလာခြင်းကို အထင်အရှားတွေ့မြင်နိုင်ပြီဖြစ်ကြောင်း။

မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား ပညာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆေးဝါး၊ စက်မှုလက်မှုနှင့် ခရီးသွားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရေးနှင့် ဘယ်လာရုစ်နိုင်ငံနှင့် သိပ္ပံနှင့်ခေတ်မီပညာများကို လေ့လာနိုင်စေရန်အတွက်လည်း ပညာသင်ကျောင်းသားများကို စေလွှတ်နိုင်ရေးကိစ္စရပ်များအပေါ် ဆွေးနွေးညှိနှိုင်းမှုများကို အစပြုနိုင်ပြီဖြစ်ကြောင်း ကြားသိရသည့်အတွက်လည်း များစွာဝမ်းမြောက်ရကြောင်း၊ ယခုကဲ့သို့မြန်မာနိုင်ငံအပေါ် အလေးထားစဉ်းစားပေးမှုအတွက် များစွာကျေးဇူးတင်ရှိကြောင်း ယခုနေမှပြောကြားလိုကြောင်း။

ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် ဘယ်လာရုစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းအတွက် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် ကြိုးပမ်းအားထုတ်မှု အတွေ့အကြုံများကို ဒီလိုအခမ်းအနားများမှတစ်ဆင့် အနီးကပ်လေ့လာသိရှိခွင့် ရနိုင်မည်ဖြစ်ကြောင်း။

အထူးသဖြင့် မြန်မာနိုင်ငံအနေဖြင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများနှင့် ဝင်ငွေများ ပိုမိုရရှိနိုင်ရေး၊ ဆင်းရဲမှုလျှော့ချရေးနှင့် စားနပ်ရိက္ခာပိုမိုဖူလုံမှု ရှိစေရေးတို့ကို အလေးထား လေ့လာလိုပါကြောင်း၊ အဆွေတော်တို့၏  အတွေ့အကြုံကောင်းများကို မျှဝေခြင်းနှင့်အတူ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိုပါ တိုးမြှင့်နိုင်မည်ဟု ယုံကြည်ပါကြောင်း။

လက်ရှိအချိန်တွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုတွေဟာ အတိုင်းအတာတစ်ခုအထိ တိုးတက်လာလျက်ရှိသည်ကို ဂုဏ်ယူစွာပြောကြားလိုကြောင်း၊ အထူးသဖြင့် စိုက်ပျိုးရေးနိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ်လိုအပ်သည့် ဓာတ်မြေဩဇာထုတ်လုပ်မှုမှာ ဘယ်လာရုစ်နိုင်ငံက ထိပ်တန်းနိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေသည်ကို အားလုံးကလည်း သိကြမည်ဖြစ်ကြောင်း။

စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် ဓာတ်မြေဩဇာတင်သွင်းမှုအပိုင်းကို အဓိက မြှင့်တင်လိုခြင်းပင်ဖြစ်ကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံ၏ ဦးစားပေးရင်းနှီးမြှုပ်နှံမှုကဏ္ဍတစ်ခုဖြစ်သည့် ဓာတ်မြေဩဇာထုတ်လုပ်မှုကဏ္ဍတွင် ဘယ်လာရုစ်နိုင်ငံမှ မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်များကို လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရန် အလေးထား ဖိတ်ခေါ်လိုခြင်းဖြစ်ကြောင်း။

မြန်မာနိုင်ငံသည် ရေမြေသဘာဝကောင်းမွန်ခြင်းကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို နိုင်ငံတော်၏ အဓိကကုန်ထုတ်လုပ်ငန်းများအဖြစ် မြှင့်တင်လျက်ရှိကြောင်း၊ ယင်းထုတ်ကုန်လုပ်ငန်းများမှ ထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် သတင်းအချက်အလက်နှင့် နည်းပညာပိုင်းတွင် ရှေ့တန်းကိုရောက်ရှိနေပြီဖြစ်သည့် ဘယ်လာရုစ်နိုင်ငံနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ပြီး စက်မှုလယ်ယာစနစ်ဖြင့် Smart Agriculture အဖြစ် အဆင့်မြှင့်တင်လိုခြင်းပင်ဖြစ်ကြောင်း။

အားလုံးသိကြသည့်အတိုင်း မြန်မာနိုင်ငံအနေဖြင့် ဒေသအလိုက် အလုပ်အကိုင် အခွင့်အလမ်းများကို ဖော်ဆောင်ပေးနေပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် တစ်ဖက်တစ်လမ်းမှ ကြိုးပမ်းဖော်ဆောင်လျက်ရှိကြောင်း၊ ထို့ကြောင့် မိတ်ဖက်နိုင်ငံဖြစ်သည့် ဘီလာရုစ်နိုင်ငံ၏ ခေတ်မီနည်းပညာနှင့် ပံ့ပိုးကူညီမှုများရရှိပါက မြန်မာနိုင်ငံရှိ လုပ်သားအင်အားများ၏ စွမ်းဆောင်ရည်များ ပိုမိုတိုးတက်လာပြီး နှစ်ဦးနှစ်ဖက် ပိုမိုတည်တံ့ခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအထောက်အကူဖြစ်စေမည်ဟု ယုံကြည်ကြောင်း။

၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကျင်းပခဲ့သည့် Myanmar - Belarus Business Forum အရ နှစ်နိုင်ငံတာဝန်ရှိသူများသည် ဓာတ်မြေဩဇာကဏ္ဍ၊ ကားထုတ်လုပ်ရေးကဏ္ဍ၊ ဆေးဝါးထုတ်လုပ်ရေးကဏ္ဍ၊ အဆင့်မြင့်ပညာရေးကဏ္ဍ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ၊ တိရစ္ဆာန်ဆေးဝါးထုတ်လုပ်ရေးနှင့် စားသောက်ကုန်ကဏ္ဍ၊ ရေထွက်ပစ္စည်းထုတ်ကုန်ကဏ္ဍများ၏ အလားအလာကို အပြန်အလှန်မျှဝေခွင့်ရရှိခဲ့ကြောင်း၊ မိမိတို့အတူတကွ စီးပွားရေးဆိုင်ရာဆွေးနွေးမှုများကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့သည့်အတွက်လည်း နောင်အနာဂတ်တွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်နိုင်မည့် အလားအလာကောင်းများ ရရှိမည်ဟုလည်း ယုံကြည်မိကြောင်း။

ယခုကဲ့သို့ မိမိတို့နှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု အလားအလာများနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို သိရှိအောင် မျှဝေခွင့်ရသည့်အတွက် အထူးပင်ဂုဏ်ယူဝမ်းမြောက်ရကြောင်း၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ်များချုပ်ဆိုမှု၊ အထူးသဖြင့် အပြန်အလှန်ပေးပို့ထားပြီးဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ် (မူကြမ်း) အပေါ် မိမိတို့နှစ်နိုင်ငံအကြား ပြန်လည်အသက်သွင်းနိုင်ရန် လိုအပ်သည်ကို တိုက်တွန်းပြောကြားလိုကြောင်း၊ အနာဂတ်တွင် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းနိုင်သည့် အလားအလာကောင်းများ အများကြီးရှိမည်ကို ယုံကြည်ကြောင်း၊ ယနေ့အခမ်းအနားတွင် အဆွေတော်တို့၏ အလေးထားစိတ်ဝင်စားမှုနှင့် တက်တက်ကြွကြွ ပါဝင်တက်ရောက်ပေးမှုအတွက် ကျေးဇူးတင်ရှိကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ဘယ်လာရုစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားရာတွင် မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးကုန်ထုတ်လုပ်ငန်းများ တိုးတက်စေရေးတွက် နည်းပညာများ ပူးပေါင်းဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ ယခုကဲ့သို့ မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်ကို ကျင်းပခြင်းဖြင့် နှစ်နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ယင်းနောက် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌနှင့် ဘယ်လာရုစ်နိုင်ငံဘက်မှ တာဝန်ရှိသူများက သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဆွေးနွေးပြောကြားပြီး ဖိုရမ်ပထမပိုင်းကို ခေတ္တရပ်နားလိုက်သည်။

ယင်းနောက် မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ် ဒုတိယပိုင်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် ဖြင့် ဆက်လက်ကျင်းပပြုလုပ်ရာ နှစ်နိုင်ငံတာဝန်ရှိသူများက သက်ဆိုင်ရာခေါင်းစဉ်များအလိုက် အကျဉ်းချုပ်ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌတို့က အပိတ် နှုတ်ခွန်းဆက်စကားများအသီးသီးပြောကြားကြသည်။

၎င်းနောက် မြန်မာ-ဘယ်လာရုစ် စီးပွားရေးဆိုင်ရာ ပူပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာများကို ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ မြန်မာနိုင်ငံဘက်မှ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဘယ်လရုစ်နိုင်ငံဘက်မှ တာဝန်ရှိသူများက လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြောင်း သတင်းရရှိသည်။