Skip to main content

“လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂ဝ၂၆” ဖွင့်ပွဲအခမ်းအနားကျင်းပ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပြီး အဖွင့်အမှာစကားပြောကြား

နေပြည်တော် ဇန်နဝါရီ ၁၃

“လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပြီး အဖွင့်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဝင်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူမှုရေးရာဝန်ကြီးများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်သူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ နိုင်ငံတကာသံတမန်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူငယ်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာယုံကြည်ကိုးကွယ်မှုအမျိုးမျိုးမှ လူငယ်ကိုယ်စားလှယ်များ၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများနှင့် လေ့လာသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တိုင်းရင်းသားလူငယ်မောင်မယ်များက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် “လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆” ဖွင့်ပွဲအခမ်းအနားအား ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တိုင်းရင်းသားလူငယ် ၈ ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက “လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆” ဖွင့်ပွဲအခမ်းအနားအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ငြိမ်းချမ်းရေးသစ်ပင်တွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် ဆုတောင်းစာလွှာအား ချိတ်ဆွဲပေးသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် အခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားလူငယ်မောင်မယ်များနှင့် စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ၎င်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် “လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆” အထိမ်းအမှတ် ပြခန်းများတွင် လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ကျင်းပပြုလုပ်ရာ အခမ်းအနားမှူးက အခမ်းအနားဖွင့်လှစ်ကြောင်းကြေညာပြီး “လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆” အခမ်းအနား အထိမ်းအမှတ် LED Animation ဖြင့် စတင်ဖွင့်လှစ်ပြီး နိုင်ငံတော်အလံအား အလေးပြုကြသည်။

၎င်းနောက် “ငြိမ်းချမ်းရေးနှင့်နိုင်ငံတည်ဆောက်ရေး လူငယ်များပါဝင်မှုကို မြှင်တင်ပေး” ဆိုသည့် Video Clip ကို ပြသသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ခေတ်လူငယ်များသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ဖိုးမဖြတ်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များပင်ဖြစ်ကြောင်း၊ ထို့အပြင် အနာဂတ်နိုင်ငံတော်ကို ဦးဆောင်ပြီး နိုင်ငံတော်၏တာဝန်များကို လက်ဆင့်ကမ်းပခုံးပြောင်း တာဝန်ယူကြမည့်သူများဖြစ်သည့်အတွက် လူငယ်အားလုံးသည် နိုင်ငံတော်အတွက် အဓိကအင်အားဖြစ်ကြောင်း၊ လူငယ်များ၏ အရည်အသွေး၊ စွမ်းဆောင်ရည်နှင့် စိတ်ဓာတ်များ မြင့်မားလာပြီး ဆင်ခြင်တုံတရားနှင့် မှန်ကန်စွာ တွေးခေါ်မြော်မြင်လာနိုင်သည်နှင့်အမျှ နိုင်ငံတော်နှင့်လူ့အဖွဲ့အစည်းကို ကောင်းသထက်ကောင်းအောင် တည်ဆောက်နိုင်ကြမည် ဖြစ်ကြောင်း၊ ထို့အပြင် လူငယ်များ၏ လိုအပ်ချက်နှင့် သဘောထားများကို သိရှိနိုင်ပြီး ယခုကဲ့သို့ ဆွေးနွေးအမြင်ချင်းဖလှယ်နိုင်ခြင်းအားဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပိုမို အားကောင်းလာစေမည်ပင်ဖြစ်ကြောင်း။

မိမိတို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း တိုင်းရင်းသားလူမျိုးပေါင်း ၁၃၀ ကျော် မှီတင်းနေထိုင်ကြပြီး အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်း လူငယ်အရေအတွက်သည် နိုင်ငံတော်၏ လူဦးရေ ၃ ပုံ ၁ ပုံခန့်၊ ရာခိုင်နှုန်းအားဖြင့် ၃၃ ရာခိုင်နှုန်းပါဝင်လျက်ရှိကြောင်း၊ ထို့ကြောင့် လူငယ်များ၏ မှန်ကန်သည့်အတွေးအမြင်နှင့် ခံစားချက်၊ ယုံကြည်ချက်၊ ခံယူချက်များသည် နိုင်ငံတော်အတွက် အဓိကလိုအပ်ချက်ဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို ရယူနိုင်ရေးသည် အရေးပါသည့် စွမ်းအားဖြစ်သည်ကို အလေးထား ပြောကြားလိုကြောင်း။

မျိုးဆက်သစ်လူငယ်များသည် အနာဂတ်နိုင်ငံတော်အတွက် အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်သည့်အတွက် ယခုကျင်းပမည့်ဖိုရမ်ကို “ငြိမ်းချမ်းရေးနှင့် နိုင်ငံတည်ဆောက်ရေး လူငယ်များပါဝင်မှုကိုမြှင့်တင်ပေး” ဆိုသည့် ဦးတည်ချက်ဖြင့် ကျင်းပဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

မိမိတို့နိုင်ငံတော်သည် နယ်ချဲ့လက်အောက်ကျရောက်ခဲ့ပြီး တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှုအင်အားနှင့် ရင်းနှီးပေးဆပ်မှုများစွာဖြင့် လွတ်လပ်ရေးကို ပြန်လည်ရယူနိုင်ခဲ့ကြောင်း၊ လွတ်လပ်ပြီးအချုပ်အခြာအာဏာပိုင်သည့် နိုင်ငံဖြစ်သော်လည်း စည်းလုံးညီညွတ်မှုနှင့်ငြိမ်းချမ်းမှု အားနည်းခဲ့သည့်အတွက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုသည် နှေးကွေးပြီး အခက်အခဲများစွာဖြင့် သံသရာလည်နေသည်ကို သတိထားသင့်သည့် သင်ခန်းစာအဖြစ် တွေ့နိုင်ကြောင်း၊ လက်ရှိအချိန်တွင် ပြည်တွင်းပြည်ပ အဖျက်အင်အားစုများက နိုင်ငံတော်အတွင်း စည်းလုံးညီညွတ်မှုပြိုကွဲပြီး နိုင်ငံဖရိုဖရဲဖြစ်စေရန် နည်းမျိုးစုံဖြင့် နှောင့်ယှက်ဖျက်ဆီးဖြိုခွဲနေကြသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဆိုးဆိုးရွားရွားပြုလုပ်ခဲ့သည့် မဲမသမာမှုများကြောင့် တပ်မတော်မှ အမျိုးသားနိုင်ငံရေးတာဝန်များကို ဥပဒေနှင့်အညီ ထိန်းသိမ်းကာကွယ် ထမ်းဆောင်ခဲ့ရကြောင်း၊ အဆိုပါအဖြစ်မှန်ကိုဖုံးကွယ်ပြီး အကြမ်းဖက် NUG ၊ CRPH အဖွဲ့များက တပ်မတော်အနေဖြင့် ဒီမိုကရေစီနောက်ပြန်ဆွဲလုပ်ဆောင်နေသယောင် ဝါဒမှိုင်းတိုက်ပြီး လူငယ်၊ လူရွယ်များကို လွဲမှားသည့် မျှော်လင့်ချက်များနှင့်အတူ အကြမ်းဖက် လက်နက်ကိုင်လမ်းစဉ်ဆီ တွန်းပို့ခဲ့ကြကြောင်း၊ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်နေ့နှင့် ဇန်နဝါရီလ ၁၁ ရက်နေ့များတွင် ပြုလုပ်ခဲ့သည့် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးကို ကြည့်ပါက လွတ်လပ်ပြီးတရားမျှတမှုရှိသည်ကို အားလုံးက လက်ခံကြသည့်အတွက် မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာ ရပ်တည်လျှောက်လှမ်းနေသည်ကို တွေ့မြင်နိုင်ကြောင်း။

လွဲမှားသည့် လက်နက်ကိုင်လမ်းစဉ်များကြောင့် မျှော်မှန်းတည်ဆောက်နေသည့် ဒီမိုကရေစီ ပြည်ထောင်စုကြီးအတွက် လူ့စွမ်းအားအရင်းအမြစ်များနှင့် တိုးတက်အစပြုနေပြီဖြစ်သည့် အခြေခံအဆောက်အအုံများမြောက်များစွာ ဆုံးရှုံးခဲ့ရကြောင်း၊ ယခုကဲ့သို့ လက်နက်ကိုင်လမ်းစဉ်ဖြင့် ဖြေရှင်းသည့်နည်းလမ်းသည် နှစ်ပေါင်း(၇၀) ကျော်ကြာသည်အထိ ဘာရလဒ်မှ မထွက်ခဲ့သည်ကို သင်ခန်းစာယူဖို့လိုသကဲ့သို့ ဒီမိုကရေစီနောက်ပြန်ဆွဲခြင်းသည် လက်နက်ကိုင်လမ်းစဉ်ကြောင့်ဖြစ်သည်ကို အမှန်အတိုင်းရှုမြင်ရန် အချိန်ကျနေပြီဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ရည်မှန်းချက်တူကြမည်ဆိုပါက ပြည်ထောင်စုအကျိုးကိုရှေးရှုပြီး PDF အပါအဝင် လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာရန် နိုင်ငံတော်က အစဉ်အမြဲ ကြိုဆိုဖိတ်ခေါ်ထားပြီး ဖြစ်ကြောင်း၊ ဆက်လက်၍လည်း ကမ်းလှမ်းဖိတ်ခေါ်သည်ကို အသိပေးပြောကြားလိုကြောင်း။

မိမိတို့နိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခလျော့ပါးချုပ်ငြိမ်းရေး ကြိုးပမ်းဆောင်ရွက်မှုများကို ပြန်ကြည့်ပါက အရေးပါသည့် အောင်မြင်မှုများရှိခဲ့ကြောင်း၊ အထူးသဖြင့် အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား NCA သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းသည် တည်ငြိမ်မှု၊ ပေါင်းစည်းမှုနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုအတွက် ယနေ့အချိန်အထိ အရေးပါနေဆဲဖြစ်ကြောင်း၊ ပြည်တွင်းပဋိပက္ခကို စစ်ရေးအရမဟုတ်ဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းသည့်နည်းလမ်းကို ဖြစ်ထွန်းစေခဲ့ခြင်းသည် NCA ပင်ဖြစ်ကြောင်း၊ NCA ကြောင့်ပင် တွေ့ဆုံမှုများ၊ နိုင်ငံရေးဆွေးနွေးမှုများ ပေါ်ပေါက်လာခဲ့သည့်အပြင် နိုင်ငံအတွင်း ပါဝင်ပတ်သက်သူအဖွဲ့အစည်းများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးနိုင်ခဲ့သည်ဟုလည်း ဆိုနိုင်ကြောင်း။

သို့သော်လည်း အမှန်တရားကိုမျက်ကွယ်ပြုကာ ပဋိပက္ခ၏ဇစ်မြစ်ကို ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံရေးဆန္ဒနည်းပါးခဲ့ပြီး မိမိအဖွဲ့အစည်းနှင့် မိမိတို့အကျိုးကိုသာ အလေးထားခဲ့ခြင်းကြောင့် NCA လုပ်ငန်းစဉ်သည် ရှေ့ရောက်သင့်သလောက် မရောက်ခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့တစ်တွေရရှိထားသည့် NCA သဘောတူညီချက်များကို သဘောတူညီချက်အဆင့်၌ပင် ကျေနပ်ရပ်တန့်မနေကြဘဲ လက်တွေ့အသုံးချအကောင်အထည်ဖော်နိုင်ရန်ကလည်း အရေးကြီးကြောင်း။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပါအဝင် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်များကို အတူတကွ ပူးပေါင်းအကောင်အထည်ဖော်နိုင်ကြရမည်ဖြစ်ကြောင်း၊ အဆိုပါအချက်များကို အကောင်အထည်ဖော်နိုင်ရန် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)သည် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် NCA အပေါ် အခြေခံထားပြီး ရရှိပြီးသည့် ငြိမ်းချမ်းရေးခိုင်မာမှုကို ဆက်လက်အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း။

ငြိမ်းချမ်းရေးဆိုသည်ကို တွေ့ဆုံဆွေးနွေးပြီး အဖြေရှာမှသာ ရရှိနိုင်မည်ဖြစ်သဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းများကို ဆောင်ရွက်သည့်အခါ ဖြစ်ချင်သည်များကို ပြောဆိုနေမည့်အစား ဖြစ်သင့်သည်များကိုပြောဆိုပြီး ဖြစ်နိုင်သည်များကို ညီညီညွတ်ညွတ် ပူးပေါင်း လုပ်ဆောင် သွားကြရမည်ဖြစ်ကြောင်း၊ မတူသည်များကို ခဏဘေးဖယ်ထား ဆက်လက်ဆွေးနွေးရင်းနှင့် တူညီသည့်သဘောထားများကို ပူးပေါင်းအကောင်အထည်ဖော်သွားကြရမည်ဖြစ်ကြောင်း၊ လက်တွေ့ကျပြီး အောင်မြင်ခိုင်မာသည့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှသာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ ကောင်းကျိုးကို ရှေးရှုဆောင်ရွက်နိုင်မည်ဖြစ်သည်ကို အသိပေးပြောကြားလိုကြောင်း။

လက်နက်ကိုင်ပဋိပက္ခများ၏ အကျိုးဆက်အနေဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးကဏ္ဍများတွင် အားနည်းချက်များဖြစ်ပေါ်ခဲ့သည်ကိုလည်း အားလုံးအသိပင်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တစ်နိုင်ငံလုံး ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရမှာပင်ဖြစ်ကြောင်း။

နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုပါက လက်နက်ကိုင်ပဋိပက္ခကို ရပ်တန့်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ကျေလည်အောင် ဖြေရှင်းကြရမည်ဖြစ်ကြောင်း၊ သို့သော်လည်း လက်ရှိအခြေအနေတွင် လက်နက်ကိုင်ပဋိပက္ခများ အရှိန်မြင့်တက်နေဆဲဖြစ်သည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် ရှေ့ကိုမရောက်နိုင်ဘဲ အတားအဆီးများနှင့်သာ ရင်ဆိုင်နေကြရကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရန်အတွက် ပြည်သူများပါဝင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မိမိတို့ဖော်ဆောင်သွားရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် ယနေ့တက်ရောက်လာကြသည့် ငြိမ်းချမ်းရေးစိတ်ဝင်စားသူ လူငယ်များအနေဖြင့် တစ်တပ်တစ်အား ကြိုးပမ်းဆောင်ရွက်ပေးစေလိုကြောင်း။

မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန်များကို တာဝန်ယူချိန်များတွင် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး” ဆိုသည့် အမျိုးသားရေး ရည်မှန်းချက်ကို ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးအနေအထားအရ စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းကဏ္ဍသည် ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်မည့် အရေးကြီးသည့် ဇစ်မြစ်ဖြစ်သည့်အလျောက် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် အားပေးမြှင့်တင်လျက်ရှိကြောင်း၊ ထိုသို့အားပေးခြင်းဖြင့် နိုင်ငံတော်တွင် အရွယ်ရောက်သူ လူငယ်တိုင်း သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် ကျွမ်းကျင်လုပ်သားများ ပြုစုပျိုးထောင်ရေးတို့ကို ထိရောက်စွာ အလေးထားလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း။

ထို့အပြင် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးဆက်သစ်လူငယ်များ အခွင့်အရေးအပြည့်အဝရရှိနိုင်ပြီး လွတ်လပ် လုံခြုံစွာ ဖွံ့ဖြိုးသည့်စနစ်ကိုဖော်ဆောင်နိုင်ရန် လူငယ်များအတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အနေဖြင့် လူငယ်များကို ကဏ္ဍအလိုက် စနစ်တကျဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူပြုမည့်လုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များ ပေါ်ထွန်းလာရေးအတွက် အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာရေးဖွံ့ဖြိုးတိုးတက်မှုကဏ္ဍသည် အရေးကြီးသကဲ့သို့ ကျန်းမာကြံ့ခိုင်ရေးကလည်း ထပ်တူထပ်မျှအရေးကြီးသည့်အတွက် ကျန်းမာကြံ့ခိုင်သည့် လူ့အဖွဲ့အစည်း ဖြစ်ပေါ်စေရေး နိုင်ငံတော်က အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများ ကျန်းမာကြံ့ခိုင်ခြင်းသည် တိုင်းပြည်ကို ကျန်းမာကြံ့ခိုင်စေမည်ဖြစ်ကြောင်း၊ အထူးသဖြင့် လူငယ်များအတွင်း ကျန်းမာကြံ့ခိုင်မှုနှင့် အားကစားစိတ်ဓာတ် ဖွံ့ဖြိုးလာစေရေးအတွက် တိုင်းရင်းသားပြည်သူများက နိုင်ငံတော်နှင့်အတူပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

ခိုင်မာတောင့်တင်းသည့်စီးပွားရေးကို ရရှိပိုင်ဆိုင်ရန်အတွက် ကောင်းမွန်သည့်ပညာရေးစနစ်သည် မရှိမဖြစ်လိုအပ်သော အရေးပါသည့်ကဏ္ဍတစ်ခုဖြစ်ကြောင်း၊ လူငယ်များကိုငယ်ရွယ်စဉ်ကတည်းက ပညာသင်ယူခြင်းနှင့်အတူ အားကစားလိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ ဘောဂ၊ မိတ္တဆိုသည့် ဗလငါးတန်နှင့် ပြည့်ဝသည့် နိုင်ငံ့သားကောင်းများ ဖြစ်လာအောင် ပြုစုပျိုးထောင်သွားရမည် ဖြစ်ကြောင်း၊ ထိုအတွက်လည်း နိုင်ငံတော်အနေဖြင့် လူငယ်များအတွက် ကဏ္ဍပေါင်းစုံတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း။

“အစကောင်းမှ အနှောင်းသေချာ” ဆိုသကဲ့သို့ လူငယ်လူရွယ်များကို အခြေခံပညာကျောင်းများကစပြီး စနစ်တကျ ပြုစုပျိုးထောင်သွားရန်လိုအပ်ကြောင်း၊ ပညာရေးကဏ္ဍသည် လူတစ်ဦး၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်ဉာဏ်သွေး၊ ပင်ကို စိတ်ဓာတ်နှင့် စံတန်ဖိုးများကို ဖွံ့ဖြိုးစေသည့် အခြေခံအင်အားဖြစ်သည်နှင့်အညီ လူတစ်ဦးချင်းစီ၏ ဘဝတိုးတက်မှုကိုသာမက နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ကိုပါ ပုံဖော်ပေးနိုင်မည်ဖြစ်ကြောင်း။

ကျောင်းသားကျောင်းသူလူငယ်များကို ပညာရေးနှင့် ကိုယ်ကျင့်တရားကောင်းမွန်ပြီး တာဝန်သိ၍ စစ်မှန်သည့်မျိုးချစ်စိတ်ဓာတ်ရှိသည့် နိုင်ငံ့သားကောင်းများဖြစ်လာအောင် ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်ပါကြောင်း၊ ပြည့်ဝသည့် အသိပညာရှင်၊ အတတ်ပညာရှင် လူငယ်များဖြစ်လာအောင် ပြုစုပျိုးထောင်ပြီး နိုင်ငံတော်အတွက် အားထားရသည့် လူတော်လူကောင်းများဖြစ်လာအောင် လေ့ကျင့်ပျိုးထောင်ပေးကြရန်လိုအပ်ကြောင်း၊ အနာဂတ်နိုင်ငံတော်ကို ဦးစီးဦးဆောင် ပုံဖော်ကြမည့် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူ လူငယ်များကို နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိလာအောင်၊ ယုံကြည်ချက်၊ ခံယူချက်ကောင်းသူများ ဖြစ်လာအောင် ပြုစုပျိုးထောင်လေ့ကျင့်ပေးကြရန် လိုအပ်ကြောင်း၊ လူငယ်များသည် နိုင်ငံတော်၏အနာဂတ်ကို ဖန်တီးကြမည်ဖြစ်ခြင်းကြောင့် စိတ်ဓာတ်စည်းကမ်းကောင်းပြီး စာပေပညာ၊ အတတ်ပညာပြည့်စုံသည့် လူငယ်များကို မွေးထုတ်ပေးခြင်းသည် တိုင်းပြည်၏အနာဂတ်ကိုတည်ဆောက်နေခြင်းပင်ဖြစ်ကြောင်း၊ ရုပ်ပိုင်းဆိုင်ရာများ၊ နည်းပညာများ မည်သို့ပင် ဖွံ့ဖြိုးတိုးတက်နေပါစေ ကိုင်တွယ်အသုံးပြုသူများ၏ စိတ်ဓာတ်များမကောင်းကြပါက ဆိုးကျိုးများလည်းကြုံတွေ့ရနိုင်ကြောင်း၊ ထို့ကြောင့် ယနေ့လူငယ်များ၏စိတ်ဓာတ်များကောင်းနေစေရေး ကြိုးပမ်းကျင့်ကြံသွားကြရန်နှင့် ဝိုင်းဝန်းပြုစုပျိုးထောင်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

ယနေ့နိုင်ငံတော်အတွက် အဓိကလိုအပ်လျက်ရှိသည့် ငြိမ်းချမ်းရေးကဏ္ဍတွင် လူငယ်များကိုယ်တိုင် ပါဝင်ပူးပေါင်းဆောင်ရွက်ပြီး နောင်လာမည့် မျိုးဆက်သစ်များအတွက် ငြိမ်းချမ်းရေးအမွေပေးနိုင်မှသာ မိမိတို့တာဝန်ကျေလိမ့်မည်ဖြစ်ကြောင်း၊ ယနေ့ခေတ် လူငယ်များအနေဖြင့် အတိတ်သမိုင်းကို သင်ခန်းစာယူပြီး မှန်ကန်သည့်လမ်းကြောင်းကို ရွေးချယ်တတ်ရန်နှင့် လောကကောင်းကျိုးကို ဆောင်ကြဉ်းပေးနိုင်ကြရန် လိုအပ်မည် ဖြစ်ကြောင်း၊ မိမိတို့၏ အတွေးအမြင်များကို ဖော်ထုတ်ပြီး မျိုးချစ်ပူးပေါင်း အကောင်အထည်ဖော် စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်အပြည့်နှင့် ဆောင်ရွက်သွားကြရန် ပြောကြားလိုကြောင်း၊ ထို့အပြင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးသည် နိုင်ငံအတွင်းနေထိုင်သူအားလုံးနှင့်သက်ဆိုင်ခြင်းကြောင့် အားလုံးက ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြရမည်လည်းဖြစ်ကြောင်း၊ ယခုအချိန်တွင် နိုင်ငံ၏အမျိုးသားရေးကိစ္စများတွင် လူငယ်များတက်တက်ကြွကြွပါဝင်လာနေကြသည်ကိုတွေ့ရသဖြင့် ကျေးဇူးတင်ဝမ်းမြောက်သည်ကိုလည်း ပြောကြားလိုကြောင်း။

နိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် တိုင်းရင်းသား၊ တိုင်းရင်းသူ လူငယ်အားလုံးတို့၏ စည်းလုံးညီညွတ်သည့်အင်အားနှင့် နိုင်ငံတော်အတွက် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် ကိုယ်တိုင်ကိုယ်ကျပါဝင်ပြီး သမိုင်းပေးတာဝန်များကို ကျေပွန်စွာ ကြိုးပမ်းဆောင်ရွက်ရင်း သာယာလှပသည့် နိုင်ငံ့အနာဂတ်ကို တည်ဆောက်ကြပါစို့ဟု နှိုးဆော်တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးရာတွင် လူငယ်ဟု အဓိပ္ပါယ်ဖွင့်ဆိုရာတွင် အသက် ၁၅ နှစ်မှ ၃၅ နှစ်အထိကို လူငယ်ဟု သတ်မှတ်ထားပြီး ၁၅ နှစ်မှ ၂၅ နှစ်အထိအရွယ်ကို ပညာသင်ယူလျက်ရှိသည့်အရွယ်၊ ၂၅ နှစ်မှ ၃၅ နှစ်အထိအရွယ်ကို အများအားဖြင့် တတ်မြောက်ထားသည့်ပညာများဖြင့် ရပ်တည် အလုပ်လုပ်ကိုင်နေသည့် လူငယ်များဖြစ်ကြကြောင်း၊ ဒီဇင်ဘာလ ၂၈ ရက်နေ့နှင့် ယခုလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲအပိုင်း(၁)နှင့်(၂)တို့တွင် လူငယ်လူရွယ်များ များပြားစွာ ပါဝင်ဆန္ဒမဲပေးကြခြင်းကို တွေ့ရှိရသည့်အတွက် နိုင်ငံတော်အတွက် ကောင်းမွန်သည့် လက္ခဏာပင်ဖြစ်ကြောင်း၊ အနာဂတ်တွင် လူငယ်၊ လူရွယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးရမည်ဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပါဝင်ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း။

ပညာသင်ကြားရာတွင် အခြေခံပညာအဆင့်နှင့် အဆင့်မြင့်ပညာများ သင်ကြားလျက်ရှိကြောင်း၊ အခြေခံပညာအဆင့်သင်ကြားရာတွင် အသက်မွေးဝမ်းကျောင်းပညာတစ်ခုခုကိုပါ ထည့်သွင်းသင်ကြားပေးပါက အခြေခံပညာအဆင့် ပြီးဆုံးသည်နှင့် အသက်မွေးဝမ်းကျောင်းပညာကို လွယ်ကူစွာ ကူးပြောင်းနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့အနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲခြင်းများကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယခုအခါအခြေခံပညာအလယ်တန်းအဆင့် (KG+9) ကို မသင်မနေရအဆင့်သတ်မှတ်ပြီး ပညာရေးအဆင့်မြှင့်တင်နေပြီဖြစ်သဖြင့် အခြေခံပညာအထက်တန်းအဆင့်တွင် အသက်မွေးဝမ်းကျောင်းနှင့်ပတ်သက်သည့် ပညာရပ်သင်ကြားပေးရုံသာမက အလယ်တန်းအဆင့်၌လည်း စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အခြေခံဗဟုသုတများ သင်ကြားပေးရန် စီစဉ်နေကြောင်း၊ အခြေခံပညာအထက်တန်းအဆင့် KG+10 ၊ KG+11 နှင့် KG+12 တို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုဘာသာရပ်များကို သင်ကြားပေးရန် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါဘာသာရပ်များကို စိတ်ပါဝင်စားသူများအနေဖြင့် ဆက်လက်၍ သင်ကြားနိုင်ကြောင်း။

အခြေခံပညာအထက်တန်း (တက္ကသိုလ်ဝင်)စာမေးပွဲတွင် မအောင်မြင်သည့် လူငယ်များအတွက်လည်း အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးနိုင်ရန်အတွက် အတွေးအခေါ်များရရှိစေရေး လာမည့်ပညာသင်နှစ်တွင် ဘာသာရပ်များအလိုက် သင်ကြားပေးရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းတို့ စိတ်ပါဝင်စားရာ ဘာသာရပ်များအလိုက် ဆက်လက်၍ သင်ကြားနိုင်သကဲ့သို့ အခြားဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်များကိုလည်း ရွေးချယ်သင်ယူသွားနိုင်ကြောင်း။

အလားတူ အဆင့်မြင့်ပညာနှင့်ပတ်သက်၍လည်း ထိုက်ထိုက်တန်တန်ဖြစ်စေရေး သင်ကြားပေးရန် ဆောင်ရွက်လျက်ရှိကြောင်း၊ အတတ်ပညာသည် လူတော်ဖြစ်စေပြီး အသိပညာသည် လူကောင်းဖြစ်စေကြောင်း၊ အတတ်ပညာရှိရန်အတွက် အတန်းပညာရှိရန် လိုကြောင်း၊ ထို့ကြောင့် ကျောင်းနေအရွယ်လူငယ်များအားလုံး ကျောင်းနေစေရေးနှင့် အတန်းပညာများ ပြီးမြောက်စေရေး နိုင်ငံတော်မှ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ မိဘများနှင့်ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင်အနေဖြင့်လည်း ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ အတန်းပညာများမြင့်မားမှသာ အတတ်ပညာများ မြင့်မားလာမည်ဖြစ်ကြောင်း။

အခြေခံပညာတတ်သည့်ရာခိုင်နှုန်းများမြင့်မားလာရေးသည် နိုင်ငံတော်အတွက် အရေးကြီးလိုအပ်ချက်ဖြစ်ကြောင်း၊ အများအားဖြင့် ပြည်နယ်များနှင့် ဝေးလံခေါင်ပါးသည့် တိုင်းဒေသကြီးအချို့တွင် ပညာရေးအားနည်းသည်ကိုတွေ့ရကြောင်း၊ အတန်းပညာမရှိပါက အတတ်ပညာမရှိသည့်အတွက် လူသားအရင်းအမြစ်များလည်း ရရှိမှုနည်းပါးကြောင်း၊ အသိပညာအားနည်းပါကလည်း လူကောင်းများနည်းပါးစေပြီး နိုင်ငံ၏ညီညွတ်ရေးကို ထိခိုက်ပျက်ပြားစေနိုင်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ညီညွတ်မှုရှိစေရေး အသိပညာရှိသည့် လူငယ်လူရွယ်များ များပြားလာရန်လိုအပ်ကြောင်း၊ ထို့ကြောင့် လူငယ်များအနေဖြင့် အသိပညာများတိုးပွားလာစေရေး စာအုပ်စာပေများကို အမြဲဖတ်ရှုလေ့လာနေရန်လိုကြောင်း။

ပညာရေးအားနည်းချက်ကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် လိုအပ်ချက်များ ရှိသည်ကို တွေ့ရကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဒီမိုကရေစီအရေး၊ ဖက်ဒရယ်စနစ်နှင့် ပတ်သက်သည်များ၊ တိုင်းရင်းသားအခွင့်အရေးနှင့်ပတ်သက်သည်များကို အဓိကထား ပြောကြားကြကြောင်း၊ ထိုအထဲတွင် ဒေသဖွံ့ဖြိုးမှု၊ စီးပွားရေး တိုးတက်ကောင်းမွန်မှုများလည်း ပါဝင်ကြောင်း၊ မိမိတို့နိုင်ငံ လွတ်လပ်ရေးရရှိပြီးစအချိန်မှစ၍ ပါလီမန်စနစ်ကိုကျင့်သုံးခဲ့ပြီး ၁၉၆၂ ခုနှစ်မှစ၍ ဗဟိုဦးစီးစနစ်ဖြင့် ဆောင်ရွက်ခဲ့ပြီး နိုင်ငံရေးထွက်ပေါက်များ နည်းပါးခဲ့ကြောင်း၊ ထိုအချိန်တွင် ခံစားချက်များဖြစ်ပေါ်ပြီး ဒီမိုကရေစီနှင့်ပတ်သက်သည်များ၊ နိုင်ငံရေးနှင့်ပတ်သက်သည်များ ပြောကြားလာကြကြောင်း၊ မိမိတို့နိုင်ငံသည် ပြည်ထောင်စုအဖြစ် ဖွဲ့စည်းထားသဖြင့် ဖက်ဒရယ်အခွင့်အရေးများ လိုအပ်ချက်များလည်းရှိကြောင်း၊ နေရာဒေသအလိုက် တူညီမှုမရှိသဖြင့် ဖက်ဒရယ်အခွင့်အရေးများလည်း တူညီမှုမရှိသည်ကိုတွေ့ရကြောင်း၊ တောင်းဆိုသည့် ဖက်ဒရယ်အခွင့်အရေးတောင်းဆိုမှုများသည် တူညီမှုမရှိကြကြောင်း၊ ထို့သို့ဖြစ်ရခြင်းမှာ ပညာတတ်များအားနည်းခြင်းကြောင့် ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားများ ပညာရည်မြင့်မားရေးဆောင်ရွက်ပေးရန်အတွက် လူငယ်များအနေဖြင့် မိမိတို့တိုင်းရင်းသားများ၏ ပညာသင်ကြားရေးအတွက် အလေးထားဆောင်ရွက်ပေးကြစေလိုကြောင်း။

တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးတက္ကသိုလ်များနှင့် တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်များ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ဝေးလံခေါင်းပါးသည့်ဒေသများတွင်ရှိသည့် တိုင်းရင်းသားများ၏ လူမှုစီးပွားများမြှင့်တင်ပေးနိုင်ရေး ရည်ရွယ်၍ လူငယ်လူရွယ်များကို သင်ကြားမွေးထုတ်ပေးနေခြင်းဖြစ်ကြောင်း၊ အဆိုပါသင်တန်းကျောင်းများမှ သင်တန်းဆင်းသည့် လူငယ်များအား မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်သည့်ဌာနများနှင့် သက်ဆိုင်ရာအုပ်ချုပ်မှုဆိုင်ရာဌာနများတွင် တာဝန်ထမ်းဆောင်နိုင်ရန်လိုကြောင်း။

နိုင်ငံတော်တစ်ဝန်းတွင် တက္ကသိုလ်များနှင့် ကောလိပ်များကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ပညာသင်ကြားမှုများကို ပိုမိုထိရောက်စေရန်အတွက် ပိုလီတက္ကနစ်နည်းပညာတက္ကသိုလ်များ ဖွင့်လှစ်ပေးလျက်ရှိပြီး ထပ်မံ၍လည်း တိုးချဲ့ဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နေခြင်းသည် နိုင်ငံတော်အတွက် လိုအပ်သည့် ပညာတတ်လူသားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်ရန်ဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါတက္ကသိုလ်များ၌ တိုင်းရင်းသားများတက်ရောက်ရန်လိုကြောင်း။

ပညာရေးနှင့်ပတ်သက်၍ ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများအားလုံး ပညာရေးပြီးဆုံးသည်အထိ သင်ကြားနိုင်အောင်ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပညာရေး၊ ကျန်းမာရေးနှင့်ပတ်သက်၍ အဖျက်သမားများအနေဖြင့် နှောင့်ယှက်ဖျက်ဆီးမှုများ လုပ်ဆောင်လျက်ရှိကြကြောင်း၊ နိုင်ငံတော်မှဆောင်ရွက်ပေးထားသည့် လမ်း၊ တံတားများ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာအဆောက်အဦများအား အဖျက်သမားများမှ ဖျက်ဆီးမှုများ မပြုလုပ်စေရေး ဝိုင်းဝန်းတားဆီးဆောင်ရွက်ကြရန်လိုကြောင်း၊ ထိုသို့ အဖျက်အမှောင့်လုပ်ငန်းများဆောင်ရွက်ခြင်းကြောင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို များစွာထိခိုက်စေကြောင်း။

လူငယ်များ၏တတ်ကြွသည့်စိတ်၊ သင်ကြားထားသည့် အတတ်ပညာနှင့် လူကြီးများ၏ အတွေ့အကြုံများပေါင်းစပ်၍ တိုင်းပြည်ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြရန်လိုကြောင်း၊ အလားတူ တာဝန်ရှိသူများအနေဖြင့် လူငယ်များကို မြေတောင်မြှောက်ပေးနိုင်ရန်လိုကြောင်း၊ ယခုရွေးကောက်ပွဲကျင်းပချိန်တွင်လည်း လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြသူများတွင် လူငယ်များလည်းပါဝင်သည်ကို တွေ့ရကြောင်း၊ လူငယ်များကို နေရာပေးရန် အချိန်တန်ပြီဖြစ်သဖြင့် လာမည့် နိုင်ငံရေးအခင်းအကျင်းတွင် လူငယ်များကို နေရာပေးသွားရန်လိုကြောင်း၊ လူငယ်များအနေဖြင့် တိုးတက်မှုကို လိုလားကြကြောင်း၊ ထို့ကြောင့် မိမိတို့ဒေသတွင် နေထိုင်ကြခြင်းထက် ဖွံ့ဖြိုးတိုးတက်သည့်ဒေသများသို့ သွားရောက်၍ အလုပ်အကိုင်များလုပ်ကိုင်ကြသည်ကိုတွေ့ရကြောင်း၊ မိမိတို့သင်ယူခဲ့သည့် အသိပညာ၊ အတတ်ပညာများကို လူကြီးများ၏ အတွေ့အကြုံများနှင့်ပေါင်းစပ်၍ မိမိတို့ဒေသတိုးတက်ရေးကို တတ်နိုင်သမျှ ဆောင်ရွက်သွားရန်လိုကြောင်း။

ဖွံ့ဖြိုးတိုးတက်မှုအားနည်းသည့်ဒေသများတွင် ပညာရေးကိုမြှင့်တင်ပေးပြီး လူငယ်များ၏အားများ၊ လူကြီးများ၏ အတွေ့အကြုံများနှင့် နိုင်ငံတော်၏ပံ့ပိုးကူညီမှုများပေါင်းစပ်၍ဆောင်ရွက်သွားမည်ဆိုပါက ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်ပြီး ဒေသအလိုက်ငြိမ်းချမ်းရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ လူငယ်များ၏ စွမ်းဆောင်ရည် အခန်းကဏ္ဍသည် အရှိန်အဟုန်ကြီးမားကြောင်း၊ ထို့ကြောင့် ယနေ့ကျင်းပပြုလုပ်သည့် “လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆” သည် လူငယ်များနှင့် နိုင်ငံတော်အတွက်များစွာ အကျိုးရှိသည့် ဖိုရမ်တစ်ခုဖြစ်ကြောင်း၊ ယခုဖိုရမ်တွင် ပါရဂူဘွဲ့ ၅ ဦး၊ ဘွဲ့ကြိုဘွဲ့ ၂၁၆ ဦး၊ ဘွဲ့လွန်ဘွဲ့ ၅၈ ဦး၊ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ ၁၆ ဦး၊ ဒီပလိုမာနှင့်အခြားသင်တန်းသား ၂၅ ဦး စုစုပေါင်း ၃၂၀ ဦး ပါဝင်သည်ဟု သိရှိရကြောင်း၊ လူသားအရင်းမြစ်နှင့်ပတ်သက်၍ အားရဖွယ်ရှိသည့် ပါဝင်မှုပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုဖိုရမ်တွင် အားနည်းချက်များကိုဖော်ထုတ်ပြီး ဆွေးနွေးသည့်အဆင့်သာမကဘဲ အကောင်အထည်ဖော်နိုင်သည့်အဆင့်အထိ သွားနိုင်ရန် အနာဂတ်နိုင်ငံရေးအခင်းအကျင်းတွင် ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ဖိုရမ်ကျင်းပသူများနှင့် ပါဝင်သူလူငယ်များအနေဖြင့် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌထံ ငြိမ်းချမ်းရေးဖော်ဆောင်မှုနှင့်ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ရာပြည့်က “လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆” အထိမ်းအမှတ်လက်ဆောင်ပစ္စည်းအား ဂါရဝပြုပေးအပ်သည်။

၎င်းနောက် လူငယ်များကိုယ်စား နေပြည်တော်ကောင်စီနယ်မြေမှ မောင်ထက်မြက်သူနှင့် မန္တလေးတိုင်းဒေသကြီးမှ မရွှန်းမြတ်မိုးကျော်တို့က အမှတ်တရစကားများ ပြောကြားကြသည်။

ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတို့မှ အနုပညာရှင်ဝန်ထမ်းများနှင့် ပြင်ပအနုပညာရှင်များက “လူငယ့်အားမာန်တိုင်းပြည်အဖိုးတန်” တေးသီချင်း၊ “အနာဂတ်ပန်း” တေးသီချင်း၊ “ National Peace”တေးသီချင်းနှင့် “ပန်းရောင်စုံနဲ့ လှတဲ့မြေ” တေးသီချင်းတို့အား သီဆိုကပြဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက သီဆိုကပြဖျော်ဖြေခဲ့ကြသည့် အကအဖွဲ့များအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း ၅၀၀ အား ချီးမြှင့်ပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ သည် တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

“လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆” ကို ငြိမ်းချမ်းရေးနှင့် လူမှုအသိုက်အဝန်း တည်ငြိမ်ရေးတွင် အားလုံးပါဝင်သော လူငယ်များ၏ ဆောင်ရွက်ချက်များအရေးကြီးမှုကို ပေါ်လွင်စေရန်၊ အပြုသဘောဆောင်သော ပတ်ဝန်းကျင်တစ်ရပ်တွင် နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သော ကိစ္စရပ်များ၊ စိတ်သဘောထားများနှင့်ပတ်သက်၍ ဆွေနွေးအဖြေရှာရန်နှင့် လူငယ်များအတွက် အခွင့်အလမ်းများဖန်တီးပေးရန်၊ ငြိမ်းချမ်းသောအသိုက်အဝန်းများ အပြန်အလှန် ဆက်သွယ်ဆောင်ရွက်မှုကို အထောက်အပံ့ဖြစ်စေရန်နှင့် ရွေးကောက်ပွဲလွန်ကာလ၌ လူငယ်များ၏ လက်တွေ့ကျသော အခန်းကဏ္ဍကို ဖော်ထုတ်ရန်၊ တွေ့ဆုံဆွေးနွေးခြင်း၊ ကြားဝင်ဖျန်ဖြေခြင်းနှင့် တာဝန်ယူမှုရှိသော ဆက်သွယ် ဆောင်ရွက်ခြင်းတို့တွင် လူငယ်များ၏ စွမ်းရည်များ ပိုမိုခိုင်မာလာစေရေန်၊ ရှေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး၊ လူမှုရေးလုပ်ငန်းဆိုင်ရာ အနာဂတ်စီမံချက်တစ်ရပ် ရေးဆွဲနိုင်ရေးအတွက် အထောက်အပံ့ ဖြစ်စေမည့် လူငယ်များ၏ အကြံပြုချက်များ ပေါ်ထွက်လာစေရန်နှင့် “လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆” မှ ပေါ်ထွက်လာသည့် အကြံပြုချက်များကို စုစည်း၍ အနာဂတ် နိုင်ငံတော်တည်ဆောက်ရေးအတွက် လူငယ်ငြိမ်းချမ်းရေးဆိုင်ရာ ကြေညာစာတမ်းတစ်ရပ်အား ရေးဆွဲတင်ပြရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် “လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆” ကို ဇန်နဝါရီလ ၁၃ ရက်မှ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။