Skip to main content

၂ဝ၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အဖွင့်အမှာစကားပြောကြားပြီး ရုပ်ရှင်တစ်သက်တာထူးချွန်ဆုများ ပေးအပ်ချီးမြှင့်

နေပြည်တော် ဖေဖော်ဝါရီ ၉

 

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၁ (MICC-1)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အဖွင့်အမှာစကား ပြောကြားပြီး ရုပ်ရှင်တစ်သက်တာထူးချွန်ဆုများ ပေးအပ်ချီးမြှင့်သည်။

 

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ နာယကကြီးများ၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု စိစစ်အကဲဖြတ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံးတို့မှ တာဝန်ရှိသူများ၊ စာပေနှင့်သတင်းနယ်ပယ်များမှအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှတာဝန်ရှိသူများ၊ ရုပ်ရှင်၊ စာပေ၊ သဘင်၊ ဂီတ နယ်ပယ်အသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် အနုပညာရှင်များ၊ တာဝန်ရှိသူများနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် အခမ်းအနားကျင်းပမည့် ကျောက်စိမ်းခန်းမအဝင် လျှောက်လမ်း၌ ပြသထားသည့် ၁၉၅၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိခဲ့ကြသူများနှင့် ရုပ်ရှင်ဇာတ်ကားများ၊ ထူးချွန်ဆုရအနုပညာရှင်များ၊ အတတ်ပညာရှင်များ၏ မှတ်တမ်းဓာတ်ပုံများ ပြသထားရှိမှုများကို ကြည့်ရှုကြသည်။

 

ယင်းနောက်အခမ်းအနားကိုစတင်ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒီဂျစ်တယ်စက်ခလုတ်ခုံပေါ်တွင် အကယ်ဒမီကြယ်စင်ရုပ်ကို စိုက်ထူ၍ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။

 

ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက “တိုးတက်အောင်မြင် မြန်မာ့ရုပ်ရှင်” တေးသီးချင်းကို “ကြယ်အက”ဖြင့် သရုပ်ဖော် ဖျော်ဖြေတင်ဆက်ကြပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က ဂုဏ်ပြုစီစဉ်တင်ဆက်သည့် “ကြည်လင် သန့်စင် စီးမျောသက်ဝင် မြန်မာ့ရုပ်ရှင်” မှတ်တမ်း Video Clip ကို ပြသသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ၁၉၅၂ ခုနှစ်မှ စတင်ချီးမြှင့်လာခဲ့သည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားများသည် ယနေ့ဆိုပါက(၆၆)ကြိမ်မြောက် ကျင်းပနိုင်ခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံတော်၊ ပြည်သူနှင့်အနုပညာရှင်များ၏ စုစည်းမှု၊ အေးချမ်းပျော်ရွှင်မှုများကို (၆၆)ကြိမ်မြောက် ဝေမျှဖော်ကျူးပေးနိုင်သည့် မင်္ဂလာအခမ်းအနားပင်ဖြစ်ကြောင်း၊ မြန်မာ့ရုပ်ရှင်ခေတ်ဦးကို ပြန်ကြည့်ပါက ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်လမ်းကိုယ်ဖောက်၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး အောင်မြင်တိုးတက်ခဲ့သည့် ဂုဏ်ယူဖွယ် သမိုင်းအထောက်အထားများနှင့် ဖြတ်သန်းလာခဲ့သည်ကို တွေ့ကြရမည်ဖြစ်ကြောင်း၊ ၁၉၂၀ ပြည့်နှစ် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုကာလကတည်းက ပေါ်ပေါက်ခဲ့သည့် မြန်မာ့ရုပ်ရှင်သမိုင်းသည် ယခုဆိုပါက နှစ်ပေါင်း ၁၀၅ နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း။

 

ထိုကဲ့သို့ နှစ်(၁၀၀)ကျော်ကာလ သမိုင်းမှတ်တမ်းများနှင့် လှုပ်ရှားသက်ဝင်နေသည့် မြန်မာ့ရုပ်ရှင်သည် ခေတ်စနစ်အမျိုးမျိုးကြား၌ ပြည်သူများကို အပန်းဖြေပျော်ရွှင်စေပြီး ရသမျိုးစုံကို မျှဝေပေးနိုင်ခဲ့ရုံသာမက နိုင်ငံတော်၏အရေးပါသည့် အခန်းကဏ္ဍများ၊ နိုင်ငံ၏ပကတိအခြေအနေများကို အနုပညာဖြင့် ထင်ဟပ်ဖော်ပြ အကျိုးပြုနိုင်ခဲ့သည့်အတွက် နိုင်ငံနှင့်ပြည်သူအပေါ် တာဝန်ကျေခဲ့သည်ဟု ပြောရမည်ဖြစ်ကြောင်း။

 

ရုပ်ရှင်အပါအဝင် အနုပညာရှင်များသည် လွတ်လပ်ရေး ကြိုးပမ်းမှုကာလတွင် တိုင်းရင်းသားပြည်သူများ၏ စိတ်ဓာတ်ကို တိုင်းချစ်ပြည်ချစ်စိတ် ထက်သန်ရေး၊ ဝံသာနုရက္ခိတတရား ထွန်းကားရေး၊ ဇာတိသွေး ဇာတိမာန်တက်ကြွရေးနှင့် စည်းလုံးညီညွတ်ရေးတို့အတွက် မိမိတို့တတ်စွမ်းထားသည့် အနုပညာနှင့် စည်းရုံးလှုံ့ဆော်ပေးခဲ့ကြကြောင်း၊ လွတ်လပ်ရေးရပြီးနောက်ကာလတွင်လည်း ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အနုပညာစွမ်းအားဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်ခဲ့ကြကြောင်း။

 

ယင်းတို့သည် နိုင်ငံအတွက် အကျိုးပြုခဲ့သည့် သမိုင်းအစဉ်အလာကောင်း မှတ်တမ်းမော်ကွန်းများပင်ဖြစ်ကြောင်း၊ ယနေ့အခြေအနေတွင် ထိုကဲ့သို့အကျိုးပြုခဲ့သည့် အစဉ်အလာများကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ရှေးရှုဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

 

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေမည့် အကြောင်းတရားများအနက် ယဉ်ကျေးမှုကဏ္ဍသည် အရေးကြီးသည့်ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း (၁၀၀)ကျော် မှီတင်းနေထိုင်ကြပြီး မတူကွဲပြားသည့် ယဉ်ကျေးမှုအမွေအနှစ် စုံစုံလင်လင် ရှင်သန်တည်ရှိနေကြကြောင်း၊ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်နှင့် ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ် ဟူသည့် နယ်ပယ်နှစ်ခုနှင့် ခွဲခြားသိမြင်ထားကြကြောင်း၊ ခြုံ၍ အဓိပ္ပာယ်ဖွင့်ရမည် ဆိုပါက ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဟူသည်မှာ လူမျိုးတစ်မျိုး၏ ပြောဆိုသည့်ဘာသာစကား၊ အတွေးအခေါ်၊ ဓလေ့စရိုက်၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ ကိုးကွယ်ယုံကြည်မှုနှင့် ရိုးရာဓလေ့ထုံးစံများ၊ လက်မှုအနုပညာနှင့် အနုသုခုမပညာများကို ပေါင်းခြုံထားသည့် ယဉ်ကျေးမှုပင် ဖြစ်ပြီး၊ ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်သည် လူမျိုးတစ်မျိုး၏ ပြုလုပ်သုံးစွဲခဲ့သည့် ကိုင်တွယ်ထိတွေ့၍ရသည့်ပစ္စည်းအားလုံးဟု မှတ်ယူရမည်ဖြစ်ကြောင်း။

 

(၁၉)ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ညီလာခံတွင် မိမိတို့နိုင်ငံ၏ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံခဲ့ရကြောင်း၊ ဆက်လက်၍လည်း မြန်မာ့သနပ်ခါးကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခံရနိုင်ရေးအတွက် ယူနက်စကို ကို တင်ပြရန် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ မိမိတို့၏တန်ဖိုးရှိသည့် ရှိပြီးသား အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များကို လူသားအားလုံးနှင့်သက်ဆိုင်သည့် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်များအဖြစ် သမိုင်းမှတ်တမ်း ထားရှိနိုင်ရေး စဉ်ဆက်မပြတ် ကြိုးပမ်းလုပ်ဆောင်ရမည် ဖြစ်သကဲ့သို့ အောင်မြင်မှုရရှိစေရေးအတွက်လည်း မြန်မာနိုင်ငံသူ/ နိုင်ငံသား အားလုံးက ဝိုင်းဝန်းကြိုးပမ်းဖော်ဆောင်ပေးကြရန် အလေးအနက်တိုက်တွန်း ပြောကြားလိုကြောင်း။

 

တစ်ဆက်တည်းပြောကြားလိုသည်မှာ အနုပညာတစ်ရပ်က ဆင့်ပွားပေးလိုက်သည့် အကြောင်းတရားများသည် နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုတန်ဖိုးကို ပြသရာ ရောက်သည့် အတွက် ရုပ်ရှင်အနုပညာသည် အင်မတန် အရေးပါအရာရောက်ကြောင်း၊ အနုပညာ၊ အတတ်ပညာနှင့် နည်းပညာများ ပေါင်းစပ်ပါဝင်နေသည့် ရုပ်ရှင်သည် ပြည်သူ လူထု၏ ရင်ထဲ နှလုံးသားထဲကို ညင်ညင်သာသာနှင့် ထိထိရောက်ရောက် ဩဇာလွှမ်းမိုးနိုင်သည့် သက်ရောက်မှုကြီးမားသည့် မီဒီယာ Soft Power တစ်ခုဖြစ်ကြောင်း။

 

ထို့ကြောင့် ရုပ်ရှင်အနုပညာနှင့်အသက်မွေးဝမ်းကျောင်းပြုနေကြသည့် ရုပ်ရှင်ထုတ်လုပ်သူများ၊ အတတ်ပညာရှင်များ၊ သရုပ်ဆောင်များအားလုံး၏ အခန်းကဏ္ဍသည်လည်း အလွန်အရေးပါသည်ဟု ပြောကြားလိုကြောင်း၊ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခု ဖြစ်ပေါ်လာရေးသည် တစ်ဦးတစ်ယောက်တည်း၏ လုပ်ဆောင်မှုဖြင့် မရကြောင်း၊ ဇာတ်ပို့၊ ဇာတ်ဆောင်၊ သရုပ်ဆောင်အမျိုးမျိုး၊ ဝတ္ထု၊ ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ အသံ၊ ဓာတ်ပုံ၊ တေးဂီတ၊ မီးအလင်းအမှောင်၊ အထူးပြုလုပ်သူ၊ မိတ်ကပ်ကအစ နောက်ဆုံး ဒါရိုက်တာ၏ အဓိက ဦးဆောင်မှုဖြင့် စုပေါင်းညီညာမှသာ ဖြစ်လာခြင်းဖြစ်ပြီး စုပေါင်းအားကို ပေါ်လွင်နေကြောင်း၊ တစ်ဦးချင်း မည်မျှကောင်းသည်ဖြစ်စေ စုပေါင်းအား မပါပါက ဇာတ်ကားကောင်းတစ်ခု ဖြစ်မလာနိုင်ကြောင်း၊ ရုပ်ရှင်ဇာတ်ကားကောင်း တစ်ခုသည် ကြည့်ရှုသူကို ရင်ထဲစွဲကျန်စေသည်၊ ရိုက်ခတ်စေသည်၊ တသသ ဖြစ်စေသည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် မိမိတို့ခေတ်ကာလတွင် ပြသခဲ့သည့် ဘယ်သူပြိုင်လို့ လှပါတော့နိုင်၊ မှုံရွှေရည်၊ သင်္ကြန်မိုး တို့ကဲ့သို့ ဇာတ်ကားမျိုးသည် မည်သည့်အချိန် ပြန်ကြည့်ရသည်ဖြစ်စေ မရိုးနိုင်အောင် စွဲမြဲနေသည့် ဇာတ်ကားမျိုး၊ အတုယူဖွယ်ရာ ဇာတ်ကားမျိုး၊ တသသဖြစ်နေရသည် ဇာတ်ကားမျိုးများ ဖြစ်ကြောင်း၊ အခြားဇာတ်ကားကောင်းများစွာလည်းရှိကြကြောင်း၊ ထိုကဲ့သို့ ပြည်သူ့ရင်ထဲ စွဲမြဲပြီး အကျိုးပြုစေမည့် ဇာတ်ကားမျိုး ဖန်တီးပေးကြစေလိုကြောင်း၊ မိမိတို့နိုင်ငံနှင့်လူမျိုးကို နိုင်ငံတကာက ပိုမိုသိရှိလာအောင်၊ ရင်းနှီးခင်မင်လာအောင်၊ အနုပညာနည်းလမ်းနှင့် ဖြန့်ဝေပေးနိုင်အောင်၊ နိုင်ငံတော်တည်ဆောက်ရေးတွင်လည်း ပြည်သူလူထု၏ အတွေးအခေါ်၊ ၊ အယူအဆများ မှန်ကန်လာစေရေးနှင့် နိုင်ငံအကျိုးအတွက် ပြည်သူတစ်ရပ်လုံး ပါဝင်လာအောင် နှိုးဆော်တိုက်တွန်းရာတွင် ထိရောက်သည့် အနုပညာစွမ်းပကားဖြင့် ဆောင်ရွက်ပေးကြစေလိုကြောင်း။

 

အားလုံးသိကြသည့်အတိုင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” ဟူသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံ့အကျိုး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ အကျိုးကို ရှေးရှုပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို ကြိုးပမ်းတည်ဆောက်ပေးလျက်ရှိကြောင်း။

 

ကမ္ဘာကြီး၏ မျက်မှောက်အခြေအနေအရဖြစ်စေ၊ မိမိတို့နိုင်ငံ၏ ပကတိအခြေအနေအရဖြစ်စေ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးသည် အလိုအပ်ဆုံးနှင့် အဖြစ်သင့်ဆုံး အမျိုးသားရေးရည်မှန်းချက်၊ အမျိုးသားရေးတာဝန် ဖြစ်သည်ကို နိုင်ငံသားအားလုံးက နားလည်လက်ခံကြရန် အထူးပင်လိုအပ်ကြောင်း၊ ယနေ့အချိန်တွင် နိုင်ငံတော်အစိုးရသည် ဒို့တာဝန်အရေးသုံးပါးကို အရင်းမူလထားပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များ ချမှတ်ဆောင်ရွက်လျက်ရှိသည့်အတွက် မြန်မာနိုင်ငံသားအားလုံးက မြန်မာစိတ်မွေးပြီး “ငါတို့အားလုံးက မြန်မာ (We are Myanmar)” ဟူသည့် စိတ်၊ တစ်သွေးတစ်သားတည်းဟူသည့် စည်းလုံးညီညွတ်သည့် အမျိုးသားရေးစိတ်ဓာတ်များဖြင့် နိုင်ငံတော်ကြီး အေးချမ်းသာယာစေရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ လက်တွဲအကောင်အထည်ဖော်ပေးကြရန် လိုအပ်ကြောင်း။

 

ယင်းနေရာတွင် သတိပြုရမည့်အချက်အနေဖြင့် ဘာသာရေး၊ အမျိုးသားယဉ်ကျေးမှုနှင့် စည်းလုံးညီညွတ်မှု ပျက်ပြားစေပြီး လူငယ်လူရွယ်များကို အတွေးအခေါ် အယူအဆ မှားယွင်းအောင်၊ စိတ်ဓာတ်များ ဆုတ်ယုတ်ပျက်ပြားလာအောင် လူမှုကွန်ရက်များနှင့် ကျင့်ဝတ်မဲ့မီဒီယာများကတစ်ဆင့် လုပ်ဆောင်နေမှုများပင် ဖြစ် ကြောင်း၊ ယင်းတို့သည် နိုင်ငံအကျိုးပျက်စီးစေမည့် ကြံဆောင်မှုများဖြစ်သဖြင့် လျော့နည်းပပျောက်အောင် ကာကွယ်စောင့်ရှောက်ကြရန် လိုအပ်ကြောင်း၊ ရုပ်ရှင်သည် ပြည်သူ့အတွက် ဆိုသည့်အတိုင်း ရုပ်ရှင်အနုပညာရှင်များကလည်း နိုင်ငံနှင့်လူမျိုး ကောင်းရာကောင်းကျိုး ဖော်ဆောင်နိုင်မည့် နိုင်ငံ့အကျိုးပြု အနုပညာဖန်တီးမှုများကို ဖော်ဆောင်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

 

ယနေ့အချိန်တွင် နိုင်ငံတော်အစိုးရသည် စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို တိုးတက်ထုတ်လုပ်နိုင်အောင် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံတော်အတွက် အရေးကြီးသောကြောင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖြစ်သည့် MSME ကဏ္ဍ တိုးတက်အောင် တိုက်တွန်းအားပေး အကောင်အထည်ဖော်လျက်ရှိကြောင်း၊ တိုင်းပြည်သာယာဝပြောစေရေး မြေကြီးကရွှေသီးအောင် လုပ်ကြရမည်ဖြစ်ကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုများကိုလည်း အားပေးကြရမည်ဖြစ်ကြောင်း၊ မိမိတို့ အလုပ်လုပ်မှ မြေကြီးက ရွှေသီးမည်ဖြစ်ကြောင်း၊ လတ်တလော၌ပင် (၇၈)နှစ် မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲများကို နေပြည်တော်၊ တပေါင်းကွင်းတွင် ယခုလ (၁၀)ရက်မှ (၁၄)ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း။

 

ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရည်မှန်းချက်များအောင်မြင်စေရေး အနုပညာရှင်များ၏ ပူးပေါင်းပါဝင်မှု အခန်းကဏ္ဍက ပိုမိုထိရောက်စေနိုင်သည်ဖြစ်သဖြင့် အနုပညာနယ်ပယ်အသီးသီးက တစ်ဖက်တစ်လမ်းက ပေါင်းစပ်ပံ့ပိုး ကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ ထူးချွန်သည့် အနုပညာရှင်လူငယ်များ ပေါ်ထွန်းလာခြင်းကိုလည်း ကြိုဆိုကြောင်း၊ လူငယ်များသည် အနာဂတ်အတွက် ဖြစ်ကြောင်း။

 

မိမိအနေဖြင့် နှစ်စဉ်တိုက်တွန်းပြောကြားခဲ့သည့် စကားတစ်ခွန်းကို ယခုနှစ်တွင်လည်း ပြန်လည်တိုက်တွန်းပြောကြားလိုကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် စသည့် နယ်ပယ်ကဏ္ဍအသီးသီး၌ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် ကူညီပံ့ပိုးမှုများကို တတ်နိုင်သမျှ ပံ့ပိုးကူညီ ပေးလျက်ရှိကြောင်း၊ ဆက်လက်၍လည်း အားပေးဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း။

 

ယခုနှစ်အတွက် ထူးချွန်ဆုရရှိသည့် အနုပညာရှင်များအနေဖြင့် အနုပညာလုပ်ငန်းများကို ဆက်လက်အောင်မြင်တိုးတက်စေရေးအတွက် အင်အားများ ပိုမိုရရှိစေပြီး မိမိတို့၏အနုပညာအလုပ်များကို ပိုမိုအားထုတ်ကြိုးပမ်းသွားကြမည်ဟု ယုံကြည်မျှော်လင့်ကြောင်း။

 

အလားတူ ထူးချွန်ဆု မရရှိသေးသည့် အနုပညာရှင်များအနေဖြင့်လည်း လာမည့်နှစ်ကာလများတွင် မိမိတို့၏ အနုပညာစွမ်းပကားများကို မြှင့်တင်ပြီး ထူးချွန်ဆုများရရှိအောင် ကြိုးစားကြရန် တိုက်တွန်းလိုကြောင်း၊ အထူးမေတ္တာရပ်ခံလိုသည်မှာ မြန်မာ့ဓလေ့စရိုက်များ မမှေးမှိန်၊ မပျောက်ပျက်စေရေး၊ တိုင်းတစ်ပါးယဉ်ကျေးမှု ဓလေ့စရိုက်လွှမ်းမိုးလာမှုကို ကာကွယ်တားဆီးပေးကြရန်၊ မိမိတို့ယဉ်ကျေးမှုများကို အရိုးပေါ်အရွက်မဖုံးစေရန်နှင့် ပြောင်းလဲလာနေသည့် ခေတ်ရေစီးကြောင်းပေါ်တွင် လိုက်လျောညီထွေစွာ လိုက်ပါပြီး နိုင်ငံနှင့်လူမျိုးအကျိုးအတွက် မိမိတို့တတ်ကျွမ်းသည့် အနုပညာကို အခြေတည်ပြီး အမျိုးသားရေးစိတ်ဓာတ်ဖြင့် အကျိုးရှိအောင် ဖော်ဆောင်ပေးကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ အကယ်ဒမီများရှင် ဦးကြည်စိုးထွန်းက ဝမ်းမြောက်စကား ပြောကြားသည်။

 

ထို့နောက် အခမ်းအနားမှူးက ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ပါဝင်ကူညီပေးကြသည့် ရွှေကြိုမောင်/မယ်များကို တစ်ဦးချင်းမိတ်ဆက်ပေးပြီး အနုပညာရှင်များက ကမ္ဘာ့အမွေအနှစ်စာရင်းဝင် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ဂုဏ်ပြုသည့်အနေဖြင့် မြူမှောင်ဝေကင်း တေးသီးချင်းဖြင့် ကပြဖျော်ဖြေ တင်ဆက်ကြသည်။

 

ယင်းနောက် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုများကို ပေးအပ်ချီးမြှင့်ရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ၂၀၂၄ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင် တစ်သက်တာဆု ရရှိကြသူများကို ဖွင့်ဖောက်ကြေညာသည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် အနုပညာရှင်၊ အတတ်ပညာရှင်များ အပါအဝင် ရုပ်ရှင်လောကသားအားလုံးက လှိုက်လှဲဂုဏ်ယူစွာချီးမြှင့်သည့် ရုပ်ရှင်တစ်သက်တာထူးချွန်ဆု ရရှိကြသော မင်းသားကြီး ဦးကြည်စိုး၊ အကယ်ဒမီဒါရိုက်တာ မောင်နှင်းမိုး၊ ထပ်ဆင့်အကယ်ဒမီ ဝါဝါဝင်းရွှေ၊ ထပ်ဆင့်အကယ်ဒမီ ခင်သန်းနုတို့ကို ဆုများပေးအပ်ချီးမြှင့် ကြပြီး မှတ်တမ်းတင်စုပေါင်းဓာတ်ပုံရိုက်ကြသည်။

 

ယင်းနောက် ရုပ်ရှင်တစ်သက်တာထူးချွန်ဆုရရှိကြသည့် အနုပညာရှင်များက ဝမ်းမြောက်ကျေးဇူးတင်စကား ပြောကြားသည်။

 

ထို့နောက် ၂၀၂၄ ခုနှစ်အတွက် ရုပ်ရှင်အတတ်ပညာဆုနှင့် ရုပ်ရှင်အနုပညာဆုများကို ဖွင့်ဖောက်ကြေညာရာ အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆုကို “ ချစ်သူသာ ပန်းတစ်ပွင့် ဖြစ်ခဲ့လျှင်”ဇာတ်ကားဖြင့် ကောင်းဇံ ၊ အကောင်းဆုံး ရုပ်ရှင်တေးဂီတဆုကို “အိပ်မက်ကာရန်” ဇာတ်ကားဖြင့် အကယ်ဒမီ ဓိရာမိုရ် ၊ အကောင်းဆုံး ရုပ်ရှင်အသံဆုကို “မီး” ဇာတ်ကားဖြင့် အောင်မျိုးမြတ်နှင့်ရဲဝင်း၊ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆုကို “နှောင်” ဇာတ်ကားဖြင့် အာကာကျော် ၊ အကောင်းဆုံး ရုပ်ရှင်ဇာတ်ညွှန်းဆုကို “တိမ်ပန်းချီ” ဇာတ်ကားဖြင့် အေးသီရိကို ၊ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကို “ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်” ဇာတ်ကားဖြင့် Taurus V production ၊ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အထူးဆုအဖြစ် “နှောင်” ဇာတ်ကားဖြင့် မိတ်ကပ်ပညာရှင် လုံလုံ (လင်္ကာဒီပ) တို့က ရရှိကြသည်။

 

ထူးချွန်ဆု ရရှိကြသူများကို ဝါရင့်အကယ်ဒမီဆုများရှင် အနုပညာရှင်ကြီးများက အကယ်ဒမီရွှေစင်ရုပ်တုများ ပေးအပ်ချီးမြှင့်ကြပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရရှိသူများက ကျေးဇူးတင်စကား ပြောကြားကြသည်။

 

ယင်းနောက် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာကြသည့် အနုပညာရှင်များထဲမှ ရွေးချယ်ပေးအပ်သော အကောင်းဆုံး ဝတ်စားဆင်ယင်မှု ဆုများ(Myanmar Academy Fashion Awards)ကို ပေးအပ်ချီးမြှင့်ရာ အကောင်းဆုံး အမျိုးသားဝတ်စားဆင်ယင်မှု အကြီးတန်းဆုကို အကယ်ဒမီများရှင် ရန်အောင် ၊ အကောင်းဆုံး အမျိုးသမီးဝတ်စားဆင်ယင်မှု အကြီးတန်းဆုကို အကယ်ဒမီ စိုးမိုးကြည် ၊ အကောင်းဆုံး အမျိုးသားဝတ်စားဆင်ယင်မှုဆုကို ထက်အောင်ရှိုင်း၊ အကောင်းဆုံး အမျိုးသမီး ဝတ်စားဆင်ယင်မှုဆုကို နန်းစုရတီစိုး တို့က ရရှိကြပြီး အကယ်ဒမီများရှင် ဆွေဇင်ထိုက်က ဆုများပေးအပ်ချီးမြှင့်သည်။

 

ဆက်လက်၍ ၂၀၂၄ ခုနှစ်အတွက် ရုပ်ရှင်အတတ်ပညာဆုနှင့် ရုပ်ရှင်အနုပညာဆုများကို ဖွင့်ဖောက်ကြေညာရာ အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆုကို “ အိပ်မက်ကာရန်” ဇာတ်ကားဖြင့် အကယ်ဒမီ ဝင်းလွင်ထက် ၊ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို “ဘိုးတော်ကင်း” ဇာတ်ကားဖြင့် ခြူးလေး ၊ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို “ မီး” ဇာတ်ကားဖြင့် အေးချမ်းမောင် ၊ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို “တိမ်ပန်းချီ” ဇာတ်ကားဖြင့် အကယ်ဒမီ ဝတ်မှုံရွှေရည် ၊ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို “နှောင်” ဇာတ်ကားဖြင့် အကယ်ဒမီ နေတိုး တို့က ရရှိကြသည်။

 

ထူးချွန်ဆုရရှိကြသူများကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဝါရင့်အကယ်ဒမီဆုများရှင် အနုပညာရှင်ကြီးများက အကယ်ဒမီ ရွှေစင်ရုပ်တုများ ပေးအပ်ချီးမြှင့်ကြပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိသူများက ကျေးဇူးတင်စကား ပြောကြားကြသည်။

 

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ ကျင်းပစဉ်အတွင်း အနုပညာရှင်များက တေးသီချင်းများ၊ အကအလှများဖြင့် အလှည့်ကျ ဖျော်ဖြေတင်ဆက်ကြသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ရုပ်ရှင်၊ စာပေ၊ သဘင်၊ ဂီတ နယ်ပယ်အသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် အနုပညာရှင်များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

 

၁၉၂၀ ပြည့်နှစ်မှ စတင်ခဲ့သည့် မြန်မာ့ရုပ်ရှင်သည် အခုဆိုလျှင် နှစ်ပေါင်း (၁၀၅) နှစ်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ မြန်မာ့ရုပ်ရှင်အဆင့်အတန်း မြင့်မားရေးကို ရှေးရှု၍ ၁၉၅၂ ခုနှစ်က စတင်ပြီး မြန်မာ့ရုပ်ရှင်အဆင့်အတန်း မြှင့်တင်ရေး အကဲဖြတ်အဖွဲ့သည် မြန်မာ့ရုပ်ရှင်လောကသား ထူးချွန်ထက်မြက်သည့် အနုပညာရှင် အတတ်ပညာရှင်များကို ရွေးချယ်ကာ ထူးချွန်ဆု ချီးမြှင့်ခဲ့သည်မှာ ယနေ့ကျင်းပသည့် ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံး မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲသည် (၇၃) နှစ်အတွင်းတွင် (၆၆) ကြိမ်မြောက်ချီးမြှင့်ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။