Skip to main content

တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၊ ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၂

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၊ ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)ရှိ ပြည်ထောင်စုခန်းမ၌ကျင်းပရာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

အဆိုပါ သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ခေတ္တကျောင်းအုပ်ကြီးနှင့် မှော်ဘီတပ်နယ်မှတာဝန်ရှိသူများ၊ ကျောင်းဆင်းဗိုလ်လောင်းများ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းဆင်းအမျိုးသမီးအရာရှိများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်တန်းဆင်းအမျိုးသမီးအရာရှိများ၊ ညစာစားပွဲတက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ဂုဏ်ပြုစစ်တီးဝိုင်းတပ်ခွဲ၏ ဂုဏ်ပြုတီးမှုတ်မှုအား ကြည့်ရှုအားပေးပြီး ချီးမြှင့်ငွေများ ပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်တန်းဆင်းအမျိုးသမီးအရာရှိများနှင့်အတူ မြဝတီသဘင်ဆောင်၌ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့၏ တေးသီချင်းများ၊ တစ်ခန်းရပ်ပြဇာတ်ဖြင့် ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။