တန်ဆောင်မုန်းလပြည့်နေ့(သာမညဖလအခါတော်နေ့)တွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာဖူးမြော်ကြည်ညို၊ တန်ဆောင်တိုင်မီးထွန်းပွဲတော်များကျင်းပပြုလုပ်
နေပြည်တော် နိုဝင်ဘာ ၄
ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်များအနက်တစ်ရက်ဖြစ်သည့် တန်ဆောင်မုန်းလပြည့်သာမညဖလအခါတော်နေ့ဖြစ်သည်နှင့်အညီ တန်ဆောင်တိုင်ပွဲတော်၊ မီးထွန်းပွဲတော်တို့ကို မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကောင်းတစ်ရပ်အဖြစ် လက်ဆင့်ကမ်းထိန်းသိမ်းပြီး နှစ်စဉ်ကျင်းပပြုလုပ်ကြသည်။
အဆိုပါနေ့ထူးနေ့မြတ်တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဥပုသ်သီလဆောက်တည်ခြင်း၊ ပဋ္ဌာန်းဒေသနာတော်နှင့် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၌ ကထိန်လျာသင်္ကန်းကပ်လှူ၍ ကထိန်အလှူတော်မင်္ဂလာဆင်ယင်ခြင်း၊ ဒါနသီလဘာဝနာကုသိုလ်ယူ ဆည်းပူးပွားများခြင်း စသည့် သူတော်ကောင်းတရားများကို ကြိုးစား အားထုတ်ဆောင်ရွက်ကြပြီး ဘုရား၊ စေတီ၊ ပုထိုးများ၌လည်း စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုခြင်းများကို ပြုလုပ်ကြသည်။
ထိုသို့ မြန်မာ့ယဉ်ကျေးမှုပွဲတော်ကို ထိန်းသိမ်းဆင်နွှဲလျက်ရှိကြရာ နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင်လည်း ယနေ့ညပိုင်းတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးနှင့်ဇနီး၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများက စေတီတော်မြတ်အား ဆီမီးများ၊ ရောင်စုံမီးအလှများဖြင့် ထွန်းညှိပူဇော်ခြင်း၊ ပန်း၊ ရေချမ်းကပ်လှူပူဇော်ခြင်း၊ ဆီမီး(၁၀၀၀) ထွန်းညှိပူဇော်ခြင်းများဖြင့် တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့၊ တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို ပျော်ရွှင်ကြည်နူးစွာ ဆင်နွဲခဲ့ကြသည်။
အလားတူ တန်ဆောင်တိုင်မီးထွန်းပွဲတော် အထိမ်းအမှတ်အဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝင်းအတွင်း၌လည်း လမ်း၊ အဆောက်အဦများ၊ ပန်းအလှသစ်ပင်များတွင် ရောင်စုံမီး အလှများဖြင့် မီးထွန်းပွဲတော်ကို သာယာလှပစွာ ရှုမငြီးဖွယ်ပြုလုပ်ထားရှိပြီး ပျော်ပွဲရွှင်ပွဲများကိုလည်း ပြုလုပ်ထားရှိရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများက စိတ်နှလုံးအေးချမ်းစွာဖြင့် ပျော်ရွှင်ကြည်နူးစွာ ဆင်နွဲခဲ့ကြသည်။
“တန်ဆောင်”မှာ မီးရှူး၊ မီးတိုင်၊ ဆီမီးဟု အဓိပ္ပာယ်ရပြီး “မှုန်း” မှာ တောက်ပသည်ဟူသော အနက်ကိုယူ၍ ဝေါဟာရပေါင်းစည်းသည့်အခါ “ဆီမီးတိုင်များ မျက်စိတစ်ဆုံးပွားများထွန်းလင်း နေသည်” ဟု ဆိုလိုသည်ဖြစ်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ တန်ဆောင်တိုင်မီးထွန်းပွဲတော်များ၊ ရှင်ဥပဂုတ္တမထေရ်မြတ်ပူဇော်ပွဲနှင့် မီးမျှောပူဇော်ပွဲများကို ကျင်းပခြင်း၊ မသိုးသင်္ကန်း ကပ်လှူပူဇော်ခြင်း၊ ဆွမ်းဆန်တော်လောင်းလှူခြင်းများပြုလုပ်ကြရာ အများပြည်သူများစိတ်အေးချမ်းသာစွာဖြင့် လာရောက်ထွန်းညှိပူဇော် ဖူးမြော်ကြည်ညိုကြပြီး နိဗ္ဗာန်ဈေးပွဲတော်များတွင်လည်း ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသူများဖြင့် စည်ကားသိုက်မြိုက်လျက်ရှိသည့်အပြင် ညပိုင်းတွင် မဲဇလီဖူးသုပ်ဒါနပြုကြသူများ၊ ပံ့သကူအလှူပြုကြသူများ၊ ပံ့သကူအလှူ ကောက်ကြသူများဖြင့် အေးချမ်းပျော်ရွှင်လျက်ရှိသည်ကို တွေ့ရသည်။
အလားတူ တန်ဆောင်တိုင် ရုံးပိတ်ရက်ကာလဖြစ်သည်နှင့်အညီ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ အပန်းဖြေစခန်းများ၊ ကမ်းခြေများ၊ အများပြည်သူနှင့်သက်ဆိုင်သည့် ပန်းခြံများ၌ လာရောက်အပန်းဖြေကြသူများနှင့် အထူးစည်ကားလျက်ရှိကာ တန်ဆောင်မုန်းလပြည့်နေ့အခါသမယကို အများပြည်သူများအနေဖြင့် ပျှော်ရွှင်ကြည်နူးစွာဆင်နွဲခဲ့ကြကြောင်း သိရသည်။
- Log in to post comments