ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အထူးလေယာဉ်ပေါ်၌ မီဒီယာများ၏မေးမြန်းမှုများကို ပြန်လည်ဖြေကြား
နေပြည်တော်၊ မေ – ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ မေ ၇ ရက်မှစ၍ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများသို့ တက်ရောက်ခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မော်စကိုမြို့၊ ဘနူကာဘာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာခဲ့သည်။
ထိုသို့အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာလာစဉ် အထူးလေယာဉ်ပေါ်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မီဒီယာများ၏သိရှိလိုသည့်မေးမြန်းမှုများကို လက်ခံဖြေကြားခဲ့ပြီး မေးမြန်းဖြေကြားမှု အပြည့်အစုံကို ဖော်ပြလိုက်ရပါသည်။
မေး။ ဗိုလ်ချုပ်မှူးကြီးရှင့်၊ မတ် ၃ ရက်နေ့မှ ၉ ရက်နေ့အထိ သွားရောက်ခဲ့တဲ့ မြန်မာ-ရုရှား ချစ်ကြည်ရေးခရီးစဉ်အတွင်းမှာ ရရှိခဲ့တဲ့ ဆွေးနွေးညှိနှိုင်းမှုရလဒ်များက မြန်မာနိုင်ငံအတွက် များစွာ အကျိုးရှိခဲ့ပါတယ်။ ယခု မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့တဲ့ ခရီးစဉ်မှာလည်း ကျွန်မတို့နိုင်ငံအတွက် ဘယ်လိုအကျိုးရလဒ်တွေ ရရှိခဲ့သလဲဆိုတာ သိချင်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး။ ဒီအခမ်းအနားကတော့ ရုရှားပြည်သူတွေက တော်တော်ကို တန်ဖိုးလည်းထားတယ်။ ဂုဏ်လည်းယူကြတယ်။ ဆိုဗီယက်ပြည်ထောင်စုကြီးကိုလာပြီး ကျူးကျော်တိုက်ခိုက်တဲ့ ဖက်ဆစ်နာဇီတွေအပေါ်မှာ သူတို့ လူ ၂၆ သန်းကျော် အသေခံပြီးတော့မှ ပြန်ပြီး ရုရှားနိုင်ငံရဲ့အချုပ်အခြာအာဏာ ပြန်လည်ရရှိဖို့အတွက် တိုက်ခိုက်ခဲ့တာပေါ့။ ဒါကြောင့် သူတို့လည်း သိပ်တန်ဖိုးထားပါတယ်။ ဒါ ကျွန်တော်တို့ အလေးထားရမယ့်ကိစ္စပေါ့။ မြန်မာနိုင်ငံလည်း ဖက်ဆစ်တော်လှန်ရေးသမိုင်းကြောင်းလည်း ရှိခဲ့တယ်။ တပ်မတော်နဲ့ ပြည်သူပေါင်းပြီးတော့မှ လွတ်လပ်ရေးရအောင်လည်း တိုက်ခိုက်ခဲ့တဲ့ သမိုင်းကြောင်းလည်း ရှိတယ်။ သမိုင်းကောင်း၊ တကယ်ခိုင်မာတဲ့သမိုင်းကြောင်းပါ။ ဒါကြောင့် ဒါကလည်း ကျွန်တော်တို့အနေနဲ့ ဒီဟာကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ နောက်တစ်ခုက နိုင်ငံတော်ကာကွယ်ရေး အင်အားရှိရင်ပေါ့၊ တပ်မတော်အင်အားရှိလို့ရှိရင် တိုင်းပြည်က အင်အားရှိမယ်ဆိုတဲ့ဟာကတော့ ပေါ်လွင်ပါတယ်။ ပြည်သူအားလုံးကိုလည်း နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်တွေ ဒီထက်ပိုပြီးတော့မှရှိအောင် ဆောင်ရွက်ပေးဖို့ လိုအပ်ပါလိမ့်မယ်။ ဒါမှသာ ပြည်သူအားလုံးကလည်း မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုရှိအောင် ဆောင်ရွက်နိုင်မယ်ဆိုတာလည်း ဒါ ကျွန်တော် တွေ့ပါတယ်။
မေး။ ခရီးစဉ်အတွင်းမှာ စစ်ရေးပြအခမ်းအနားကို တက်ရောက်လာတဲ့ နိုင်ငံ့ခေါင်းဆောင်များနဲ့လည်း တွေ့ဆုံခဲ့တာကို တွေ့ရပါတယ်။ ဘာထူးခြားမှုများ ရှိပါသလဲ။
ဗိုလ်ချုပ်မှူးကြီး။ နိုင်ငံ့ခေါင်းဆောင်တချို့နဲ့ အလွတ်သဘော တွေ့ဆုံတာလည်းရှိသလို တွေ့ဆုံဆွေးနွေးနိုင်မှုလည်း ကျွန်တော်တို့ရခဲ့ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံကနေ ပြီးတော့မှ ကျွန်တော်ရဲ့ သဘောထားပေါ့၊ ကျွန်တော်ကတော့ ပါတီစုံဒီမိုကရေစီစနစ်ကို သွားဖို့အတွက် ကျွန်တော် လက်ခံပါတယ်။ ဒီအတိုင်း ကျွန်တော်တို့ သွားဖို့ဖြစ်ပါတယ်။ ဒါပြီးလို့ရှိရင် လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲကို ဒီနှစ်ကုန်ပိုင်းမှာ ကျွန်တော် ဆောင်ရွက်မယ်ဆိုတဲ့အကြောင်းကိုလည်း ကျွန်တော် သူတို့ကို ရှင်းပြပါတယ်။ ဆွေးနွေးတဲ့လူတွေကတော့ အားလုံးလည်း လက်ခံပြီးတော့မှ အားပေးထောက်ခံမှု ရှိတာကိုလည်း ကျွန်တော် တွေ့ရပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ ဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေတွေလည်း တစ်ချို့နိုင်ငံတွေလည်း ရှင်းပြနိုင်ပြီးတော့ တစ်ချို့နိုင်ငံတွေကလည်း မိတ်ဆက်တွေ့ဆုံရတာပေါ့။ ကောင်းပါတယ်၊ အားလုံးတွေ့ရတာ အားလုံးကောင်းပါတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။
မေး။ ခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တာကို တွေ့ရပါတယ်။ ဒီတွေ့ဆုံဆွေးနွေးမှုနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ဘာများ ပြောလိုပါသလဲ။
ဗိုလ်ချုပ်မှူးကြီး။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံကတော့ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးတဲ့နိုင်ငံတစ်ခု ဖြစ်ပါတယ်။ မဟာဗျူဟာမိတ်ဖက်နိုင်ငံတစ်ခုလည်း ဖြစ်တယ်။ နောက်ခွဲခြားလို့မရတဲ့ အိမ်နီးချင်းနိုင်ငံတွေလည်း ဖြစ်ပါတယ်။ နောက်တစ်ခါ သံတမန်ဆက်ဆံရေးကလည်း အခုဆိုရင် ၇၅ နှစ်ကျော်ကာလကို ရောက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ထူးခြားတဲ့ ဆက်ဆံရေးရှိတဲ့နိုင်ငံတစ်ခုလို့ ကျွန်တော် ပြောချင်ပါတယ်။ သမ္မတကြီးကတော့ မန္တလေးငလျင်နဲ့ ပတ်သက်ပြီးတော့ ပြည်သူတွေ အသက်ဆုံးရှုံးမှုနဲ့ ထိခိုက်ဆုံးရှုံးမှုများအတွက်လည်း စိတ်မကောင်းတဲ့အကြောင်း နှုတ်ကလည်း ထုတ်ပြောတယ်။ ပြီးရင် ဖြစ်ပြီးတဲ့အချိန်မှာလည်း ကျွန်တော်ဆီကိုလည်း သဝဏ်လွှာ သူ ပို့ပါတယ်။ ဒီ ငလျင်နဲ့ပတ်သက်ပြီးတော့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့လည်း ဆက်လက်ကူညီဆောင်ရွက်ပေးမယ်ဆိုတာလည်း သူဒါလည်း အလေးအနက်ထားပြီး သူပြောပါတယ်။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ နောက်ပြီးတော့ နယ်မြေပိုင်ဆိုင်မှု၊ နောက် ဖွံ့ဖြိုး တိုးတက်မှုနဲ့ပတ်သက်ပြီးတော့လည်း ခိုင်မာစွာ ထောက်ခံတဲ့အကြောင်းလည်း သူပြောပါတယ်။ မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေး၊ နောက်တစ်ခါ ဖွံ့ဖြိုးတိုးတက်ရေးအပေါ်မှာလည်း အားပေးတဲ့အကြောင်း သူ ကျွန်တော်တို့ကို ပြောပါတယ်။ ကျွန်တော်အနေနဲ့လည်း One Blet One Road လမ်းကြောင်းအပေါ်မှာလည်း ခိုင်ခိုင်မာမာ ရပ်တည်တဲ့အကြောင်း၊ နောက်တစ်ခါ မြန်မာနိုင်ငံကနေပြီးတော့ တက်ကြွစွာပါဝင်ဆောင်ရွက်မယ်ဆိုတဲ့အကြောင်း ကျွန်တော်ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံက ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေတွေလည်း အကြမ်းဖျင်း ကျွန်တော် ရှင်းပြနိုင်ခဲ့ပါတယ်။ နောက်တစ်ခုက တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေးစင်္ကြံ အကောင် အထည်ဖော် မြှင့်တင်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော် ဆွေးနွေးဖြစ်ခဲ့ပါတယ်။ နောက်တစ်ခါ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒါ သမ္မတကြီးကပေါ့ဗျာ၊ မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ ကျွန်တော်တို့ရဲ့ ကြိုတင်ပြင်ဆင်မှုများနဲ့ ရွေးကောက်ပွဲကိုလည်း အားပေးထောက်ခံတဲ့အကြောင်း သူ ဒါလေး ထပ်ပြီး ပြောပါတယ်။ တွေ့ဆုံဆွေးနွေးရတာလည်း ကောင်းမွန်တဲ့ရလဒ်ကောင်းတွေ ရရှိတယ်ဆိုတာလည်း ကျွန်တော် ပြောချင်ပါတယ်။
- Log in to post comments