Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေကျင်းမြို့ရှိ Tebian Electric Apparatus (TBEA) ကုမ္ပဏီသို့ သွားရောက်ကြည့်ရှုလေ့လာ

နေပြည်တော် စက်တင်ဘာ ၃

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ အလုပ်သဘောခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ဒေသစံတော်ချိန် ယနေ့ညနေ ၅ နာရီတွင် ပေကျင်းမြို့ရှိ Tebian Electric Apparatus (TBEA) ကုမ္ပဏီသို့ သွားရောက် ကြည့်ရှုလေ့လာသည်။

ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် Tebian Electric Apparatus (TBEA) ကုမ္ပဏီသို့ ရောက်ရှိကြရာ ကုမ္ပဏီဥက္ကဋ္ဌနှင့် ကုမ္ပဏီဝန်ထမ်းများက ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကုမ္ပဏီရုံးခန်း၌ ခင်းကျင်းပြသထားသည့် TBEA ကုမ္ပဏီမှ ဆောက်လုပ်ထားသော လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ ကမ္ဘာတစ်ဝန်းစွမ်းအင်ထုတ်လုပ်ရေး၊ သတ္တုထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ လျှပ်စစ်ပစ္စည်းများထုတ်လုပ်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုအခြေအနေများအား လိုက်လံကြည့်ရှုလေ့လာကြပြီး ရှင်းလင်းပြသမှုများအပေါ် သိရှိလိုသည်များ မေးမြန်းဆွေးနွေးသည်။

ယင်းနောက် ကုမ္ပဏီအစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ TBEA ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာနိုင်ငံ၌ ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေများ၊ လျှပ်စစ်ပစ္စည်းထုတ်လုပ်သည့်စက်ရုံများအား မြန်မာနိုင်ငံတွင် တည်ဆောက်ထုတ်လုပ်၍ ပြည်တွင်းဈေးကွက်နှင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသည့် အခြေအနေများ၊ သတ္တုတူးဖော်ရေးလုပ်ငန်းများတွင် အတူတကွပူးပေါင်းဆောင်ရွက်၍ ကုန်ချောများ ထုတ်လုပ်နိုင်မှုအခြေအနေများ၊ မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတိုးတက်ရေးအတွက် အတူတကွပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက TBEA ကုမ္ပဏီဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး TBEA ကုမ္ပဏီဥက္ကဋ္ဌနှင့် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။