Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

( ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၅ ရက် )

ချစ်ခင်လေးစားအပ်ပါသော ဆရာ၊ ဆရာမများ ခင်ဗျာ..

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ မင်္ဂလာအခါသမယ၌ မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ဆရာ၊ ဆရာမများအားလုံး ကာယသုခ၊ စိတ္တသုခ နှစ်ဖြာသောသုခနှင့် ပြည့်စုံကြပါစေကြောင်း ဦးစွာဆုတောင်း မေတ္တာပို့သအပ်ပါသည်။ ယနေ့အောက်တိုဘာလ ၅ ရက်နေ့သည်  ကမ္ဘာတစ်ဝန်းလုံးမှ     ဆရာဆရာမများ၏  မြင့်မြတ်ကြီးမားသော ဂုဏ်ကို ချီးကျူးဂုဏ်ပြုသတ်မှတ်သည့် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ကမ္ဘာ့ဆရာများနေ့ ဖြစ်ပါသည်။

၁၉၉၄ ခုနှစ်မှစတင်ကာ နှစ်စဉ်အောက်တိုဘာလ ၅ ရက်နေ့တွင် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ကမ္ဘာအနှံ့ ကျင်းပခဲ့ရာ ယခုနှစ်ဆိုလျှင် (၃၂) နှစ်တိုင်ခဲ့ပြီ ဖြစ်ပါသည်။ မိမိတို့မြန်မာနိုင်ငံတွင်လည်း ပညာရေးပန်းတိုင်သို့ အရောက်လှမ်းနိုင်စေရေး၌ မည်သူတစ်ဦးတစ်ယောက်ကိုမျှ နောက်ကျမကျန်ခဲ့စေရန် ဝါသနာ၊ စေတနာ၊ အနစ်နာ စသည့် ကောင်းမွန်မြင့်မြတ်မှုတို့ဖြင့် အစဉ်အမြဲကြိုးစားနေသည့် ဆရာများကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ၂၀၀၂ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့မှ စတင်ကျင်းပခဲ့ရာ ယခုဆိုလျှင် (၂၃) နှစ်ရှိပြီဖြစ်ပါသည်။ 

ဆရာဟူသည် မိမိတို့၏ တပည့်များကို အသိပညာမြှင့်တင်ပေးသူ၊ ကျွမ်းကျင်မှုတစ်ခုခုရစေရန် စွမ်းဆောင်ပေးနိုင်သူ၊ စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးသူ၊ ဘဝခရီးလမ်း ဖြောင့်မတ်စွာ လျှောက်လှမ်းနိုင်စေရန် ပညာရပ်များကို သင်ကြားပို့ချပေးသူ၊ အကောင်းအဆိုး၊   အကြောင်းအကျိုး   ခွဲခြားနိုင်မှုကို   သိမြင်စေသူ၊   တပည့်များ၏ ဘဝနှင့်လောကကို   အလှဆင်သူများဖြစ်ကြပါသည်။ ထို့ကြောင့်လည်း ဆရာ့ကျေးဇူးကို အထူးသိမြင်ပြီး မင်္ဂလာတရားတော်နှင့်အညီ ပူဇော်ဦးခိုက်ကန်တော့ကြသည့် ထုံးတမ်းစဉ်လာသည် မြန်မာနိုင်ငံတွင် ရှေးနှစ်ပေါင်းများစွာကတည်းကပင် တည်ရှိခဲ့ပြီး ယနေ့ထက်တိုင်လည်း တည်တံ့ခိုင်မြဲလျက်ရှိပါသည်။

အင်းဝခေတ်၌ ဆရာတော်ရှင်မဟာသီလဝံသက “တိလောကဟု အစချီသော ဆုံးမစာတွင် “တိလောကဟု၊ မရနှိုင်းတူ ဘက်မပြူသည်၊ သုံးဆူရတနာ မာတာပီတ၊ ဆရာစသား အရှင်များ” ဟူ၍ လည်းကောင်း၊ ဆရာတော် ရှင်မဟာရဋ္ဌသာရက “ဂမ္ဘီသာရ” ဆုံးမစာ တွင် “ပညာရင့်ညောင်း၊  သူတော်ကောင်းတို့၊  ကျိုးကြောင်းဟုတ်လှ၊  ထုံးစံပြသား၊  ဆုံးမစကား၊  ကျေးဇူးများကို၊ ကြားကြားသရွေ့၊ ရွှင်ပျော်မွေ့လျက်” ဟူ၍လည်းကောင်း ဆရာတို့၏ ရိုသေလေးစားထိုက်သည့် ဂုဏ်ကျေးဇူးများကို ဖွဲ့ဆိုခဲ့ပါသည်။

ဆရာတို့သည် လူ့ဘောင်လောက အဖွဲ့အစည်းကို ပညာဖြင့် အလှဆင်ပေးနေကြသော ပညာရှင်များ၊ တပည့်များအပေါ် ရှေ့ဆောင် လမ်းပြပေးနေသော စေတနာရှင်၊ ဝါသနာရှင်များ၊ တပည့်သားမြေး တို့ကို ရင်ဝယ်သားပမာ အကြင်နာတရားအပြည့်နှင့် သင်ကြားပြသ ဆိုဆုံးမပေးနေသော ကရုဏာရှင်များ၊ တပည့်တို့၏ စိုးရိမ်ကြောင့်ကြမှုများကို ဖြေဖျောက်ပေးစွမ်းနိုင်သော မေတ္တာရှင်များ၊ လှပကျော့ရှင်း ရနံ့သင်းသည့် ပန်းကောင်းပန်းပွင့်များ ပွင့်လန်းစေသည့် ဥယျာဉ်မှူးများ ဖြစ်ကြပါသည်။ ထို့ကြောင့်လည်း ဘုရားနှင့်တစ်ဂိုဏ်းတည်း အနန္တော၊ အနန္တဂိုဏ်းဝင် ကျေးဇူးရှင်အဖြစ် ရိုသေလေးစားဦးခိုက် ပူဇော်ခြင်းကို ခံယူထိုက်ကြပါသည်။

ဆရာဆိုသည်မှာ “စာကိုလည်းသင်၊ လူကိုလည်းပြင်” ဟူသော အဆိုအမိန့်အရ ဆရာ ဆရာမများသည် ဘာသာရပ်သင်ကြားသူ သက်သက်သာမက၊ ကျောင်းသား ကျောင်းသူများအား ဘက်စုံထူးချွန်သူ၊ ပြည်ထောင်စုစိတ်ဓာတ်နှင့် နိုင်ငံချစ်စိတ်ရှိသူ၊ စည်းကမ်းကို တန်ဖိုးထား လေးစားလိုက်နာသူ၊ ကြောင်းကျိုးဆက်စပ်စဉ်းစားတွေးခေါ်တတ်သူ၊ ကိုယ်ချင်းစာစိတ် ထားတတ်ကြစေရန် လမ်းပြပေးပြီး အများအကျိုး ဆောင်ရွက်တတ်သောအလေ့အကျင့်ကောင်းများ ပျိုးထောင်ပေးကြရပါမည်။ နိုင်ငံ့သားကောင်း၊ ကမ္ဘာ့သားကောင်းများအဖြစ် ပေါ်ထွန်းလာစေရေးအတွက် စာရိတ္တနှင့်ပြည်သူ့နီတိ၊ ဘဝတွက်တာ ကျွမ်းကျင်စရာ စသည်တို့ကို လောကဇာတ်ခုံအတွေ့အကြုံများကို ပေါင်းစပ်၍ လေ့လာမှတ်သားဖွယ်ရာများကို စိတ်ဝင်စားဖွယ် သင်ကြားပျိုးထောင် ပေးကြရပါမည်။

ခေတ်မီတိုးတက်ပြောင်းလဲနေသော ပညာခေတ်တွင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် ဆရာများသည် ခေတ်မီအတတ်ပညာများ၊ နည်းပညာများကို အစဉ်လေ့လာ သင်ယူနေကြရန်လည်း လိုအပ်ပါသည်။ ဆရာ ဆရာမများသည် မိမိတို့၏ တပည့်များကို အသိပညာရှင်၊ အတတ်ပညာရှင်များအဖြစ် ပြုစုပျိုးထောင်နေရသူများဖြစ်ရာ မိမိတို့၏ အရည်အသွေးတိုးတက်မှုအတွက်လည်း စဉ်ဆက် မပြတ်လေ့လာသင်ယူနေကြရပါမည်။

နိုင်ငံတော်အနေဖြင့်လည်း ဆရာ ဆရာမများ၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အရည်အသွေးတိုးတက်စေရန်နှင့် သင်ကြားရေးအဆင့်အတန်း မြင့်မားစေရန် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင် ရွက်ပေးလျက်ရှိပါသည်။ ဆရာ ဆရာမများ၏ သင်ကြားရေး စွမ်းဆောင်ရည်တိုးတက်စေရန် အထူးသဖြင့် (၂၁)ရာစု စွမ်းရည်များနှင့်ကိုက်ညီအောင် သင်ကြားရေးနည်းလမ်းများ တီထွင်အသုံး ချခြင်း၊ ဒစ်ဂျစ်တယ်စွမ်းရည်များ ထည့်သွင်းအသုံးချခြင်း၊ စာကြည့်တိုက်အခြေပြု လေ့လာသင်ကြားစေခြင်းတို့ကို ဆောင်ရွက်နိုင်ရန်တို့အတွက် စွမ်းရည်မြှင့်သင်တန်းများ ပြုလုပ်ပေးလျက်ရှိပါသည်။

ယနေ့ခေတ် ကမ္ဘာ့နိုင်ငံအသီးသီး၏ ဖွံ့ဖြိုးတိုးတက်မှုသည် ပညာရေးမြင့်မားမှုအပေါ်တွင် မူတည်လျက်ရှိနေပါသည်။ ဆရာတို့၏ အဓိကတာဝန်သည် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဟူသည့် ဗလငါးတန်နှင့်ပြည့်စုံသော၊ အရည်အသွေးပြည့်ဝပြီး ထူးချွန်ထက်မြက်သော လူ့စွမ်းအားအရင်းအမြစ်ကောင်းများအဖြစ် ကျောင်းသားလူငယ်လူရွယ်များကို မွေးထုတ်ပေးကြရမည် ဖြစ်ပါသည်။တွေးခေါ် မြော်မြင်မှုမြင့်မားသည့် ပညာတတ်များဖြင့် နိုင်ငံတော်ကို တည်ဆောက်မှသာ ယခုထက်ပို၍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါသည်။

လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေခြင်းတွင် ပညာရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည့်အတွက် နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ပညာရေးဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်က အလေးထား အားပေးဆောင်ရွက်လျက်ရှိပါသည်။ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းသို့ ရောက်ရှိ ပညာသင်ကြားနိုင်စေရေးနှင့် တန်းစဉ်ကူးပြောင်းမှုနှုန်း မြင့်မားစေရေးတို့အတွက် အလေးထား ဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကဏ္ဍတွင် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာများ တိုးတက်အောင် အမြဲမပြတ် ဆက်လက်အားပေးဖြည့်ဆည်းသွားမည် ဖြစ်ပါသည်။ မိဘ၊ ဆရာ၊ ကျောင်းသား၊ တာဝန်ရှိသူများကလည်း လက်တွဲညီပါဝင်ဆောင် ရွက်သွားကြရမည်ဖြစ်ပါသည်။

ယနေ့ခေတ်ကမ္ဘာတွင် နိုင်ငံအသီးသီး၌ အရည်အသွေး ကောင်းမွန်သည့် ပညာရေးကို ဆောင်ကြဉ်းပေးနိုင်သော ဆရာ ကောင်းများ အမှန်ပင်လိုအပ်လျက်ရှိသည့်အတွက် မျိုးဆက်သစ် ဆရာကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရေး အထူး အလေးထား ဆောင်ရွက်လျက်ရှိပါသည်။ အရည်အသွေးကောင်းမွန်သော ဆရာများရရှိစေရန် လုပ်ငန်းခွင်အတွင်းမှ ဆရာများ၊ လုပ်ငန်းခွင် အတွင်းသို့ ထပ်မံဝင်ရောက်လာမည့် ဆရာများအတွက်ပါ စနစ်တကျ ကောင်းမွန်စွာ ပြုစုပျိုးထောင်ပေးနိုင်ရေးအတွက် ဆရာ့လုပ်ငန်းခွင် အခြေအနေများကို သာလွန်ကောင်းမွန်လာစေရန် ကြိုးပမ်းအားထုတ် ဖော်ဆောင်ပေးကြရမည် ဖြစ်ပါသည်။

သို့ဖြစ်၍ ငြိမ်းချမ်းသာယာဝပြောသော အနာဂတ်လူ့ဘောင်ကို တည်ထောင်နိုင်ရန်အတွက် အသိပညာ၊ အတတ်ပညာရှိမှု၊ ကျွမ်းကျင်မှုနှင့် ပင်ကိုအရည်အချင်းပြည့်ဝပြီး ဗလငါးတန်နှင့် ပြည့်စုံသော မျိုးဆက်သစ် လူငယ်လူရွယ်များ ဖြစ်ထွန်းပေါ်‌ပေါက်လာစေရန်၊ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာပြည့်ဝသော နိုင်ငံ့အကျိုး သယ်ပိုးကြမည့် အနာဂတ်လူငယ်များ ဖြစ်ထွန်းပေါ်ပေါက်လာစေရန်၊ မတူ ကွဲပြားမှုကို နားလည်လက်ခံပြီး တန်းတူညီမျှမှုကို တန်ဖိုးထား လေးစားကာ ငြိမ်းချမ်းရေးအခြေခံအသိများဖြင့် လက်တွေ့ကျင့်သုံး   နေထိုင်တတ်သော   နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင်   အထောက်အကူပြုနိုင်သည့်  လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ထွန်းလာစေရန် မိမိတို့၏ တပည့်သားသမီးများကို ဆရာ့ဝတ်၊ မိဘဝတ်များနှင့်အညီ သင်ကြား လေ့ကျင့်ပျိုးထောင်ပေးကြပါရန် ကမ္ဘာ့ဆရာများနေ့ အခါသမယတွင် အလေးအနက် တိုက်တွန်းအပ်ပါသည်။

ဆရာ ဆရာမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ပညာရေးတာဝန်များကို   အောင်မြင်စွာ   ထမ်းဆောင်နိုင်ကြပါစေ၊ စိတ်ကောင်းစေတနာဖြင့်   ပညာပါရမီဖြည့်ဆည်းပေးနေကြသူများ ဖြစ်သည့်အတွက် ကောင်းကျိုးအရာရာ ပြည့်ဝနိုင်ပါစေကြောင်း ဆုတောင်းရင်း နိဂုံးချုပ်အပ်ပါသည်။