ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးတက္ကသိုလ် နှစ် (၁၀၀)ပြည့် ရာပြည့်သဘင် အထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်
နေပြည်တော် အောက်တိုဘာ ၄
မန္တလေးတက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ပညာရှင်၊ ပါမောက္ခချုပ်များ၊ ဆရာ ဆရာမများ၊ မြို့မိ မြို့ဖများ၊ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသား ကျောင်းသူဟောင်းများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အခမ်းအနားကျင်းပပြုလုပ်မည့်နေရာသို့ ရောက်ရှိကြရာ တာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် အခမ်းအနားအစီအစဉ်ပထမပိုင်းကိုစတင်ကျင်းပပြုလုပ်ရာ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်တို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ က မန္တလေးတက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အထိမ်းအမှတ် မော်ကွန်းကျောက်စာကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးသည်။
ဆက်လက်၍ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ်နှင့် တက်ရောက်လာကြသူများက မန္တလေးတက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အထိမ်းအမှတ် မော်ကွန်းကျောက်စာကို အမွှေးနံ့သာရည်များဖြင့် ဆက်လက်ပက်ဖျန်းပေးကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနား တက်ရောက်လာကြသည့် ဧည့်သည်တော်ကြီးများ၊ ပါမောက္ခချုပ်များသည် မန္တလေးတက္ကသိုလ် ပင်မဆောင်ရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် မန္တလေးငလျင်ကြီး လှုပ်ခတ်စဉ် ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ရသည့် တက္ကသိုလ်ပင်မဆောင်ကြီးအား ပြန်လည်ပြုပြင်ပြီးစီးမှုနှင့် ခင်းကျင်းပြသထားသည့် တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် တက္ကသိုလ် အဓိပတိများနှင့် ပါမောက္ခချုပ်များ၊ ခေတ်အဆက်ဆက်ပေါ်ထွန်းခဲ့သည့် အထင်ကရပုဂ္ဂိုလ်များ၏ မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုသည်။
ဆက်လက်၍ အခမ်းအနားအစီအစဉ်ဒုတိယပိုင်းကို ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ မန္တလေးတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများက “မန္တလေးတက္ကသိုလ် ရာပြည့်သဘင်” Theme Song ဖြင့် သီဆိုဖျော်ဖြေကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက မိန့်ခွန်းပြောကြားရာတွင် “မန္တလေးတက္ကသိုလ်” သည် ဂုဏ်သိက္ခာမြင့်မားခြင်း၊ တင့်တယ်ခမ်းနားခြင်း၊ သမိုင်းအစဉ်အလာကောင်းမွန်ခြင်း၊ ပညာဂုဏ်သတင်းကျော်ကြားခြင်း၊ ထူးချွန်ထက်မြက်သည့် ထူးချွန်ပညာတတ်မောင်မယ်များ မွေးထုတ်နိုင်ခြင်းစသည့် ဂုဏ်ဒြပ်များနှင့် ပြည့်စုံပြီး “ပညာဖြန့်ဝေရာတက္ကသီလာ” အဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့သည်မှာ ယခုဆိုပါက နှစ်ပေါင်း(၁၀၀)တိုင်ခဲ့ပြီဖြစ်ကြောင်း၊ ထိုကဲ့သို့ ရွှေရတုနှစ်ဆက်တိုင်တိုင် အဓွန့်ရှည်ကြာတည်တံ့လာခဲ့သည့် မန္တလေးတက္ကသိုလ်ကြီးအတွက် ဂုဏ်ပြုဂုဏ်ယူပါကြောင်း၊ ထို့ကြောင့်လည်း “ရာပြည့်သဘင်” အခမ်းအနားကြီးကို ယခုကဲ့သို့ တခမ်းတနားကျင်းပခြင်းပင် ဖြစ်ကြောင်း။
မန္တလေးမြို့သည့် ရှေးမြန်မာမင်းများ ထီးနန်းစိုက်ရာ မင်းနေပြည်တော်ဖြစ်ခဲ့သည့်အတွက် နန်းတွင်းဓလေ့ထုံးတမ်းအစဉ်အလာများ၊ သမိုင်းဝင်အနုပညာလက်ရာများနှင့် ထုံမွှမ်းနေသကဲ့သို့ မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို ခေတ်အဆက်ဆက် လက်ဆင့်ကမ်းထိန်းသိမ်းခဲ့သည့် သမိုင်းဂုဏ်ရောင်ထွန်းပြောင်သည့် ဒေသလည်းဖြစ်ကြောင်း၊ မန္တလေးမြို့၏ ဂုဏ်ကျက်သရေကို ခံ့ညားထည်ဝါအောင် ဂုဏ်ဆောင်ပေးနေသည့် အထင်ကရ အမှတ်သင်္ကေတများတွင် “မန္တလေးတက္ကသိုလ်” သည်လည်း တစ်ခုအပါအဝင် ဖြစ်ကြောင်း။
မန္တလေးတက္ကသိုလ်၏ ကနဦးအစဖြစ်သည့် မန္တလေးဥပစာကောလိပ်ကို ၁၉၂၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် လက်အောက်ခံအဖြစ် သန္ဓေတည်ဖွင့်လှစ်ခဲ့ကြောင်း၊ ၁၉၄၇ ခုနှစ်မှာ မန္တလေးယူနီဗာစီတီကောလိပ်အဖြစ် အဆင့်မြှင့်တင်နိုင်ခဲ့ပြီး ၁၉၅၈ ခုနှစ် ဇွန်လ ၁ ရက်တွင် မန္တလေးတက္ကသိုလ်ကို သီးခြားတက္ကသိုလ်အဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ မန္တလေးတက္ကသိုလ်ကို စိုက်ပျိုးရေးမဟာဌာန၊ ဆေးပညာမဟာဌာန၊ သိပ္ပံမဟာဌာန၊ ဝိဇ္ဇာမဟာဌာန စသည့် မဟာဌာနကြီး ၄ ခုဖြင့် ဖွဲ့စည်းခဲ့ပြီး လက်အောက်ခံ ကောလိပ်များဖွင့်လှစ်ခဲ့သည့်အပြင် ဂုဏ်ထူးတန်းနှင့် မဟာတန်းများအထိ ပို့ချပေးခဲ့ကြောင်း။
၁၉၆၄ ခုနှစ် တက္ကသိုလ်ပညာရေးအက်ဥပဒေအရ တက္ကသိုလ်နှင့်ကောလိပ်များကို “ဝိဇ္ဇာနှင့်သိပ္ပံပညာရေးဆိုင်ရာတက္ကသိုလ်” နှင့် “အသက်မွေးဝမ်းကျောင်းဆိုင်ရာတက္ကသိုလ်” ဟူ၍ နှစ်မျိုးခွဲပြီး ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း၊ မန္တလေးတက္ကသိုလ်၏ ဌာနကြီးလေးခုအနက် ဆေးသိပ္ပံမဟာဌာနသည် “မန္တလေးဆေးတက္ကသိုလ်” ဖြစ်လာပြီး စိုက်ပျိုးရေးမဟာဌာနသည် “မန္တလေးစိုက်ပျိုးရေးတက္ကသိုလ်” ဖြစ်လာခဲ့ကြောင်း၊ ကျန်သည့် သိပ္ပံမဟာဌာနနှင့် ဝိဇ္ဇာမဟာဌာနတို့ကိုပေါင်း၍ “မန္တလေး ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်” အဖြစ် ဖွင့်လှစ်ခဲ့ပြီး MASU (မာဇူး) ဟုလည်း အမည်တွင်ကျယ်ခဲ့ကြောင်း၊ ၁၉၈၁ ခုနှစ်၌မူ မန္တလေးဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်ကို မူလအမည်ဖြစ်သည့် “မန္တလေးတက္ကသိုလ်”ဟု ပြန်လည်ပြောင်းလဲခဲ့ပြီးယနေ့ထိတိုင်ဝင့်ကြွားထည်ဝါစွာ ရပ်တည်လာခဲ့ခြင်းဖြစ်ကြောင်း။
မန္တလေးတက္ကသိုလ်ကြီး၏ သမိုင်းကြောင်းအစဉ်အလာကောင်းမွန်မှု၊ ပညာရေးအုတ်မြစ်ခိုင်မာမှု၊ အရည်အသွေးပြည့်ဝမှု၊ အရင်းအမြစ်ကောင်းများနှင့် ဖွဲ့စည်းထားမှုများကြောင့် ရာစုနှစ်တစ်ခုအတွင်းတွင် ပါရဂူဘွဲ့ရရှိသူ ၂,၉၆၀ ဦး၊ မဟာဘွဲ့ရရှိသူ ၁၁,၁၃၉ ဦး၊ မဟာသုတေသနဘွဲ့ရရှိသူ ၁,၆၀၇ ဦး၊ ဂုဏ်ထူးဘွဲ့ရရှိသူ ၉,၁၇၂ ဦး၊ မဟာဒဿနဘွဲ့ရရှိသူ ၂၃၉ ဦး၊ ရိုးရိုးဘွဲ့ရရှိသူ ၉၆,၀၁၂ ဦးနှင့် ဒီပလိုမာရရှိသူ ၇,၀၆၀ ဦးတို့ကို မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်သည်ကို ဂုဏ်ယူဖွယ်ရာတွေ့ရကြောင်း၊ မန္တလေးတက္ကသိုလ်က မွေးထုတ်ပေးလိုက်သည့် ဝိဇ္ဇာသိပ္ပံဘွဲ့ရများအနေဖြင့် စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ နိုင်ငံတော်၏ကဏ္ဍအသီးသီးတွင် ထင်ရှားကျော်ကြားသည့် လုပ်ငန်းရှင်များ၊ ကျွမ်းကျင်ပညာရှင်များအဖြစ် နိုင်ငံတော်ကိုကျေးဇူးတုံ့ပြန်လုပ်ကျွေးပြုစုနေကြသည်မှာလည်း လွန်စွာဂုဏ်ယူစရာဖြစ်ကြောင်း။
တက္ကသိုလ်ဆိုသည်မှာ အရည်အသွေးပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရာ ဘူမိနက်သန် ဖြစ်သကဲ့သို့ ဆန်းသစ်တီထွင်သည့် နည်းပညာအခြေပြုသုတေသနများအစပြုဖော်ဆောင်ရာနေရာလည်း ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကိုစဉ်ဆက်မပြတ်မြှင့်တင်နိုင်ရေးအတွက် ဦးတည်ဆောင်ရွက်လျက်ရှိရာတွင် အရည်အသွေးပြည့်ဝသည့် အရင်းအမြစ်များမွေးထုတ်ရာ တက္ကသိုလ်များနှင့် ကောလိပ်များ၊ သိပ္ပံများသည် အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း။
ထို့ကြောင့် တက္ကသိုလ်များတွင် ဝိဇ္ဇာနှင့်သိပ္ပံဘာသာရပ်များ၊ ခေတ်မီဘာသာရပ်များကို ထည့်သွင်းသင်ကြားရုံဖြင့် မလုံလောက်ဘဲ တက္ကသိုလ်၏အသက်သွေးကြောဖြစ်သည့် “သုတေသန”များကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သုတေသနကျမ်းများ ပြုစုရာတွင်ဖြစ်စေ၊ သင်ကြားသင်ယူရာတွင်ဖြစ်စေ စာကြည့်တိုက် အခြေပြု လေ့လာမှုအားကောင်းစေရေးဆောင်ရွက်ကြရန်ကိုလည်း တိုက်တွန်းမှာကြားလိုကြောင်း။
တက္ကသိုလ်တစ်ခု ရေရှည်တည်မြဲရန်ဆိုသည်မှာ ပါမောက္ခချုပ်များ၏ ကောင်းမွန်သည့်စီမံခန့်ခွဲမှု၊ ဆရာ ဆရာမများ၏ ကိုယ်တိုင်ကျွမ်းကျင်တတ်မြောက်မှု၊ သင်ကြားမှုဆိုင်ရာအရည်အသွေးပြည့်ဝမှု၊ ကျောင်းသားများ၏ အမိတက္ကသိုလ်အပေါ် မြတ်နိုးတန်ဖိုးထားတတ်မှုနှင့် စိတ်ဓာတ်ကောင်းမွန်ရင့်ကျက်စေမှု၊ ဝန်ထမ်းများ၏ စိတ်စေတနာကောင်းများနှင့် စွမ်းဆောင်ရည်မြင့်မားမှုများအပေါ် မူတည်ကြောင်း၊ ထိုကဲ့သို့ ကဏ္ဍအသီးသီးမှ အစဉ်တစိုက် ကြိုးပမ်းစွမ်းဆောင်ခဲ့ကြသည့်အတွက် မန္တလေးတက္ကသိုလ်ကြီးသည် ကြီးမြတ်သည့်ဂုဏ်ပုဒ်ဖြင့်နှစ်(၁၀၀)တိုင် ရပ်တည်နိုင်သည့် နိုင်ငံ့ဂုဏ်ဆောင်တက္ကသိုလ်ကျောင်းတော်ကြီးအဖြစ် ဂုဏ်ယူဖွယ်ရာမော်ကွန်းတင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း။
ယင်းကို ဂုဏ်ပြုသည့်အနေဖြင့် မန္တလေးတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဆရာကြီး ဆရာမကြီးများအား မြတ်ဆရာပူဇော်ပွဲကို ခမ်းခမ်းနားနားကျင်းပမည်ဖြစ်ပြီး ရာပြည့်သဘင် အထိမ်းအမှတ်အနေဖြင့် မန္တလေးတက္ကသိုလ် ဖြစ်ပေါ်တိုးတက်မှုသမိုင်းမှတ်တမ်းဓာတ်ပုံပြပွဲများ၊ သုတေသနစာတမ်းဖတ်ပွဲများ၊ သုတေသနပိုစတာပြပွဲများကို ခင်းကျင်းပြသသွားမည်ဟု သိရှိရကြောင်း။
ယခုကဲ့သို့ တက္ကသိုလ်များတွင် ရတုအဆက်ဆက်ပညာအမွေပေးနိုင်ရန် အစိုးရမှာသာမက သက်ဆိုင်သူအားလုံးနှင့် ပြည်သူတစ်ဦးချင်းစီတွင် တာဝန်ရှိကြောင်း၊ အဓိကမှာ တိုင်းပြည်တည်ငြိမ်အေးချမ်းရန်လိုကြောင်း၊ တည်ငြိမ်အေးချမ်းပြီး အဖျက်အမှောင့်များကင်းဝေးမှသာ ပညာကို အေးချမ်းစွာသင်ယူနိုင်မည်ဖြစ်ကြောင်း၊ အသိပညာ၊ အတတ်ပညာရှိမှ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ကြမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူလူထုတစ်ရပ်လုံး ပညာတတ်ရန်၊ နိုင်ငံရေးအသိရှိရန်လိုကြောင်း။
နိုင်ငံတော်အနေဖြင့် ပညာရေးနှင့်ကျန်းမာရေး၏အရေးပါမှုကိုအလေးထားပြီး နိုင်ငံတော်၏ဦးတည်ချက် (၄)ရပ် တွင် “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး” ဆိုသည့် ဦးတည်ချက်ကို ထည့်သွင်းထားသကဲ့သို့ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း ဘက်ပေါင်းစုံက ရင်းနှီးမြှုပ်နှံ အားပေးပံ့ပိုးပေးလျက်ရှိကြောင်း၊ တစ်နိုင်ငံလုံး ပညာရည်မြင့်မားလာစေရန် နိုင်ငံသားတိုင်း အခြေခံပညာအလယ်တန်း KG+9 အထိ ပြီးမြောက်စေရေး မိမိတို့အစိုးရအနေဖြင့် မူဝါဒချမှတ်အလေးထားဆောင်ရွက်လျက်ရှိကြောင်း။
ယနေ့ နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ နိုင်ငံတကာတွင် ဉာဏ်ရည်တု AI နည်းပညာကို နယ်ပယ်စုံတွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးချနေကြပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံတက္ကသိုလ်များကလည်း သင်ကြားသင်ယူမှုတွင် နည်းပညာ (Technology) နှင့်အတူ AI ပညာရပ်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေးအတွက် ပညာရှင်များက ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် လူသားအရင်းအမြစ်များ၊ ပညာတတ်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်သူများ၊ ပါရဂူများကို မွေးထုတ်ပေးပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားအားထုတ်ကြရန်အလေးအနက် တိုက်တွန်းပြောကြားလိုကြောင်း။
နိုင်ငံတော်အတွက် လိုအပ်သည့် ပညာတတ် လူ့စွမ်းအားအရင်းအမြစ်များကို နှစ်(၁၀၀)တိုင် စဉ်ဆက်မပြတ် မွေးထုတ်ပေးခဲ့သည့် မန္တလေးတက္ကသိုလ်၏ တာဝန်ကျေပွန်မှုနှင့် အစဉ်အလာကောင်းများကို လှိုက်လှိုက်လှဲလှဲ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း၊ နောင်ရာစုနှစ်များစွာတွင်လည်း နိုင်ငံတွင်းငြိမ်းချမ်းရေး၊ နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖော်ဆောင်နိုင်ပြီး ကမ္ဘာ့အဖွဲ့အစည်းအသီးသီးနှင့် လက်တွဲဆောင်ရွက်နိုင်သည့် ပညာတတ်လူကောင်းလူတော်၊ ဗလငါးတန်ပြည့်ဝသည့် လူငယ်များကို ဆက်လက်မွေးထုတ်ပေးကြပါဟု တိုက်တွန်းလိုကြောင်း၊ မကြာမီကျင်းပမည့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပပြီး ပိုမိုပညာရည် ပြည့်ဝသော၊ ပိုမိုဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံ တည်ဆောက်နိုင်ရေး ကျရာကဏ္ဍအသီးသီးမှ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် ပြောကြားလိုကြောင်း ပြောကြားသည်။
ယင်းနောက် မန္တလေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် Video Clip ကို ဖွင့်လှစ် ပြသသည်။
ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌထံသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မန္တလေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် လက်ဆောင်အား နေရာအရောက်ဂါရဝပြုပေးအပ်သည်။
ထို့နောက် မန္တလေးပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား ကျောင်းသူများက “ဥဒါန်းတွင်ဆို မန်းတက္ကသိုလ်” သီချင်းဖြင့်လည်းကောင်း၊ မိတ္ထီလာပညာရေးဒီဂရီကောလိပ်မှ “ရာပြည့်မှသည် ကမ္ဘာတည်သရွေ့”သီချင်းဖြင့်လည်းကောင်း သီဆိုကပြဖျော်ဖြေကြသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက မန္တလေးတက္ကသိုလ် ရာပြည့်သဘင်အခမ်းအနားကြီးအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကိုပေးအပ်ရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လက်ခံရယူသည်။
ဆက်လက်၍ ဖျော်ဖြေတင်ဆက်ခဲ့သည့် ကျောင်းသား ကျောင်းသူများအား နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဂုဏ်ပြုပန်းခြင်းပေးအပ်ပြီး အခမ်းအနား တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမအတွင်း ခင်းကျင်း ပြသထားသည့် မန္တလေးတက္ကသိုလ် ရာပြည့်သဘင်အခမ်းအနား အထိမ်းအမှတ်ပြခန်းများအား ပြခန်းတစ်ခုချင်းစီအလိုက်နှင့် ပညာရပ်ဆိုင်ရာသုတေသန စာတမ်းပိုစတာများအား စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မန္တလေးမြို့ မြို့မတေးဂီတအဖွဲ့၏ ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကြသည်။ မန္တလေးတက္ကသိုလ်ကြီး၏ နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်အား “ရွှေနှစ် ၁၀၀ ထူးချွန်မှု၊ ဆန်းသစ်တီထွင်ဦးဆောင်ပြု၊ စိတ်ဉာဏ်စွမ်းအားတိုးမြှင့်ထား၊ အနာဂတ်ကိုပုံဖော်ထား” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ခမ်းနားထည်ဝါစွာဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
- Log in to post comments