Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အထူးလေယာဉ်ပေါ်၌ မီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြား

နေပြည်တော် စက်တင်ဘာ ၂၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးစဉ်အဖြစ်လည်းကောင်း၊ ကာဇက်စတန်နိုင်ငံသမ္မတ H.E. Mr. Kassym-Jomart Tokayev ၏ ဖိတ်ကြားချက်အရ ကာဇက်စတန်နိုင်ငံသို့ အလုပ်သဘောခရီးစဉ်အဖြစ်လည်းကောင်း အသီးသီးသွားရောက်ခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် ကာဇက်စတန်နိုင်ငံ အက်စတာနာလေဆိပ်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရာ ကာဇက်စတန်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် (၁) Mr. Roman Sklyar ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ထိုသို့ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာလာစဉ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် အထူးလေယာဉ်ပေါ်၌ မီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို လက်ခံဖြေကြားခဲ့ရာ မေးမြန်းဖြေကြားမှုအပြည့်အစုံကို ဖော်ပြအပ်ပါသည်-

မေး။   သမ္မတကြီးအနေနဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ရှိ Atom Museum မှာ ကျင်းပပြုလုပ်ခဲ့တဲ့ “ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် (World Atomic week forum)" ကို တက်ရောက်ခဲ့ရတာကြောင့် မြန်မာနိုင်ငံနဲ့ နိုင်ငံသားများအပေါ်မှာ ဘယ်လိုအကျိုးရလဒ်တွေ ရရှိခဲ့ပါသလဲ။ နိုင်ငံတော်အတွက် ဘယ်လိုကဏ္ဍတွေမှာ အကျိုးရလဒ်ကောင်းတွေကို ဖော်ဆောင်လို့ရနိုင်မလဲဆိုတာ သိလိုပါတယ်။

ဖြေ။    မော်စကိုမြို့မှာ ပြုလုပ်တဲ့ ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် (World Atomic week forum) ကို တက်ရောက်ဖို့အတွက် သမ္မတကြီးပူတင်ရဲ့ ဖိတ်ကြားချက်အရ ကျွန်တော်သွားတာဖြစ်ပါတယ်။ အဲ့ဒီမှာတော့ သမ္မတကြီးပူတင်၊ ဘယ်လာရုစ်သမ္မတ၊ အာမေးနီးယားဝန်ကြီးချုပ်၊ အီသီယိုးပီးယား ဝန်ကြီးချုပ်၊ အခြားခေါင်းဆောင်တွေ၊ IAEA ရဲ့ ညွှန်ကြားရေးမှူးချုပ်တို့ သူတို့နဲ့တွေ့ဆုံပြီးတော့ နှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခြေအနေတွေကိုလည်း ဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒီညီလာခံဟာ ထူးခြားတဲ့ ညီလာခံတစ်ခုလည်းဖြစ်ပါတယ်။ အဓိကကတော့ အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေးနဲ့ ပတ်သက်ပြီးတော့ အမြင်ချင်းဖလှယ်ကြတာလည်း ဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့လည်း IAEA အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက်ကြောင့် အဏုမြူစွမ်းအင်ကို လူသားအကျိုးပြုလုပ်ငန်းတွေမှာ အသုံးပြုနိုင်အောင် အမြင်ချင်းဖလှယ်နိုင်တာလည်းဖြစ်ပါတယ်။ ရရှိခဲ့တဲ့ အကျိုးရလဒ်ကတော့ တော်တော်လေးကောင်းတယ်လို့ ပြောရမှာဖြစ်ပါတယ်။

မေး။   ရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ ကာဇက်စတန်သမ္မတနိုင်ငံ ခရီးစဉ်အတွင်းမှာ ယာယီသမ္မတကြီးအနေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။ နိုင်ငံအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိအောင်ဆွေးနွေးနိုင်ခဲ့ပါသလဲဆိုတာ သိရှိလိုပါတယ်။

ဖြေ။    ရုရှားသမ္မတကြီး မစ္စတာပူတင်နဲ့ သီးခြားတွေ့ဆုံနိုင်ခဲ့တာရှိပါတယ်။ မတ်လမှာ တွေ့ဆုံခဲ့ပြီးဖြစ်ပြီးတော့ တွေ့ဆုံခဲ့တဲ့ရလဒ်တွေကို မူတည်ပြီးတော့ တိုးတက်မှုအခြေအနေတွေ၊ ဒါတွေကို နှစ်ဖက်သုံးသပ်ပြီးတော့ ဒီထက်ပိုပြီးတော့မှ ဒီထက်ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွေကို တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့က ကူးသန်းရောင်းဝယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကိစ္စ၊ စွမ်းအင်ကိစ္စ၊ သယ်ယူပို့ဆောင်ရေးကိစ္စ၊ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ အာကာသနှင့် အဏုမြူဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ ဒါတွေကို ကျွန်တော်တို့ ဆွေးနွေးနိုင်ခဲ့တာ ရှိပါတယ်။

အလားတူစွာပဲ ကာဇက်စတန်ကို ရောက်ရှိတဲ့အခါမှာလည်း ကာဇက်စတန်သမ္မတကြီးနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဒါလည်း ဒုတိယအကြိမ် ဆွေးနွေးတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လက တစ်ခါဆွေးနွေးပြီး ဖြစ်ပါတယ်။ ပထမအကြိမ် ဆွေးနွေးခဲ့တဲ့ ရလဒ်အပေါ်မူတည်ပြီးတော့ ကျွန်တော်တို့ဘယ်ကဏ္ဍတွေမှာ ပိုပြီးတိုးချဲ့ဖို့ လိုမလဲ။ မြန်မာနိုင်ငံမှာ ဘာကို ရင်းနှီးမြှုပ်နှံမှုလုပ်မလဲ။ မြန်မာနိုင်ငံက ထုတ်ကုန်ပစ္စည်းတွေ အသုံးပြုပြီးတော့မှ ကာဇက်စတန်နိုင်ငံမှာ တန်ဖိုးမြင့်ပစ္စည်းတွေ ဘယ်လိုထုတ်လုပ်ကြမလဲ။ သိပ္ပံနဲ့နည်းပညာဆိုင်ရာ ကဏ္ဍတွေ ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲ။ မြို့ပြဆိုင်ရာကိစ္စတွေမှာ ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲ။ ဒါတွေလည်း ကျွန်တော်တို့ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ကောင်းမွန်တဲ့ရလဒ်တွေ ရခဲ့တယ်လို့ ပြောလိုပါတယ်။

မေး။   ယာယီသမ္မတကြီးအနေနဲ့ ကာဇက်စတန်နိုင်ငံကို ပထမဆုံးလာရောက်တဲ့ မြန်မာနိုင်ငံက ခေါင်းဆောင်တစ်ဦးဖြစ်တယ်လို့ သိရှိရပါတယ်။ အနာဂတ်ကာလများမှာလည်း မြန်မာနိုင်ငံနဲ့ ကာဇက်စတန်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ ပိုမိုတိုးတက်ဆောင်ရွက်ဖို့ ရှိပါသလားဆိုတာ သိရှိလိုပါတယ်။

ဖြေ။    စောစောက ကျွန်တော်ပြောသလို ကာဇက်စတန်သမ္မတနဲ့ကတော့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခြင်းပဲဖြစ်ပါတယ်။ ကာဇက်စတန်နဲ့ ကျွန်တော်တို့က သံတမန်ဆက်ဆံမှုက ၂၆ နှစ်ရှိပါပြီ။ ပြီးခဲ့တဲ့ ၁၉၉၉ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်နေ့က သံတမန်ဆက်ဆံမှုလုပ်ခဲ့တာဖြစ်ပြီး ကျွန်တော်ရောက်တဲ့နေ့က ၂၇ ရက်နေ့ဖြစ်ပါတယ်။ အဲ့ဒီတော့ ၂၆ နှစ်ပြည့်ပြီး တစ်ရက်မှာ ရောက်တာပေါ့။ ထူးခြားမှုရှိပါတယ်။ သူတို့သမ္မတကြီးကလည်း ဒါကိုအလေးထားပြီးပြောပါတယ်။ မြန်မာနိုင်ငံခေါင်းဆောင်တစ်ယောက်အနေနဲ့ ပထမဦးဆုံးလာတဲ့ ခရီးစဉ်ဖြစ်တယ်။ New Step ခြေလှမ်းသစ်တစ်ခုကို စခဲ့တယ်ဆိုတာလေးသူပြောတာပေါ့။ စောစောက ကျွန်တော်ပြောသလိုပဲ နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်တွေမှာ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်ရေး၊ နောက်တစ်ခါ ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်တွေ၊ သိပ္ပံနှင့် နည်းပညာကိစ္စရပ်တွေ၊ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရမယ့်ကိစ္စရပ်တွေ ဒါတွေ ကျွန်တော်တို့ ပြောဆိုဆွေးနွေးနိုင်ခဲ့တာရှိပါတယ်။ ကာဇက်စတန်နိုင်ငံက တိုးတက်တဲ့ နိုင်ငံတစ်ခု ဆိုတာ မြင်ပါတယ်။ အဓိကကတော့ မြေပေါ်မြေအောက်သယံဇာတပစ္စည်းတွေ။ အထူးသဖြင့် မြေအောက်သယံဇာတပစ္စည်းတွေ ရေနံနဲ့ဓာတ်ငွေ့တို့ ကြေးနီ၊ ရွှေ၊ ခရိုမီယံ၊ သံ တော်တော်လေး ထွက်ပါတယ်။ ကမ္ဘာပေါ်မှာလည်း ထိပ်တန်းတင်ပို့တဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလည်းလုပ်တဲ့ နိုင်ငံတစ်ခုပါ။ သူနိုင်ငံက ဂျုံက ကမ္ဘာမှာအကောင်းဆုံးဂျုံထဲမှာ ပါတာတွေ့ပါတယ်။ ဒါလည်း နမူနာသုံးစွဲကြည့်ပြီး ဖြစ်ပါတယ်။ ထို့အတူပဲ မြန်မာနိုင်ငံက ထုတ်ကုန်ပစ္စည်းထဲမှာလည်း အဓိကတော့ ပေါ်ဆန်းမွှေးဆန်ပေါ့။ ပေါ်ဆန်းမွှေးဆန်ကို တော်တော်လေးစိတ်ဝင်စားပါတယ်။ ကျွန်တော်လည်း ဒါနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံကလည်း ဘယ်လိုလမ်းကြောင်းကနေ သူတို့ဆီ ပို့မလဲပေါ့။ ဒီဟာတွေ ဆွေးနွေးနိုင်ခဲ့တာ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တွေ့ဆုံနိုင်ခဲ့မှု အခြေအနေကတော့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနယ်ပယ်ကို နှစ်ဦးနှစ်ဖက်ကနေ စိတ်အားထက်သန်စွာနဲ့ တိုးချဲ့ဆောင်ရွက်သွားဖို့ ဆန္ဒရှိတာ တွေ့ရပါတယ်။

မေး။   ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ကို တည်ဆောက်တဲ့အခါ နိုင်ငံတော်အကြီးအကဲနဲ့ နိုင်ငံတော်အစိုးရအနေနဲ့ အဘက်ဘက်မှ လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် ပြည်သူပြည်သားတွေအနေနဲ့လည်း အားတက်သရော ဘယ်လို ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးသင့်သလဲဆိုတာ ယာယီသမ္မတကြီးအနေနဲ့ ပြောပြပေးပါဦးရှင့်။

ဖြေ။    အဓိကတော့ ကျွန်တော်တို့က ဘက်ပေါင်းစုံက ကြိုးစားဖို့လိုတယ်။ တစ်ဖက်ကလည်း နိုင်ငံရေးအရ သဘောထားကွဲလွဲမှုတွေလည်း ပြည်ထောင်စုရဲ့အကျိုးကို ရည်မှန်းပြီးတော့ အမြင်ကျယ်ကျယ်နဲ့ လုပ်ဖို့လိုတယ်။ တချို့ပြောဆိုနေကြတာတွေက တော်တော်လေးကို အားနည်းချက်တော့ ရှိတယ်လို့ ကျွန်တော်မြင်တယ်။ အဓိကတော့ သူတို့နိုင်ငံရေးအရ ဘာသာရေးအရ တိုင်းရင်းသားရေးအရ တချို့ပြောဆိုနေတာလေးပေါ့။ ပြောဆိုတာလေးတွေက ဒီထက်ပိုပြီး အမြင်ကျယ်ကျယ်နဲ့ ပြောဆိုလုပ်ကိုင်မယ်ဆို ပိုကောင်းမယ်လို့ ကျွန်တော် မြင်ပါတယ်။ တစ်ဖက်ကလည်း ကျွန်တော်တို့တွေ ကြိုးစားအားထုတ်မှုလည်းလိုတယ်။ ကြိုးစားအားထုတ်တာကနှစ်ပိုင်းပေါ့။ တစ်ခုကတော့ ပညာသင်ကြားရေးအပိုင်းကို သွားရမယ်။ ဒါကငြင်းပယ်လို့မရဘူး။ ပကတိတိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေက ပညာရေးအားနည်းချက် ရှိတယ်လို့ ပြောရမှာပဲ။ ဒုတိယက ဘာလဲဆိုရင် ကုန်ထုတ်လုပ်မှု၊ အလုပ်လုပ်ဖို့ လိုတာပေါ့။ ဒီနှစ်ခုကျွန်တော်တို့ လုပ်ကိုလုပ်ရမယ်။ ကျွန်တော် ပြောခဲ့ဖူးပါတယ်။ အဲ့တာဘာလဲဆိုတော့ အရင်တုန်းက ကျွန်တော်တို့က သယံဇာတပစ္စည်းတွေအပေါ်မှာပဲ ရောင်းတာပေါ့။ တွင်းထွက်ပစ္စည်းတွေ၊ ရေနံဓာတ်ငွေ့တွေ ရောင်းတာရှိမယ်။ နောက်တစ်ခါ သစ်တောထွက်ပစ္စည်းတွေ ရောင်းတာရှိမယ်။ ဒါပေမယ့် ကျွန်တော်တို့က အလုပ်လုပ်ပြီး ထုတ်လို့ရတဲ့ ပစ္စည်းတင်ပို့ရောင်းချမှုက အားနည်းပါတယ်။ ဒါကျွန်တော်က ထောက်ပြပါတယ်။

ဒါ့ကြောင့် ကျွန်တော်တို့က ကျွန်တော်တို့ဆီမှာရှိတဲ့ ရေမြေတောတောင်တွေကို အသုံးချပြီးတော့မှ ကုန်ထုတ်လုပ်မှုလုပ်ငန်းကို သွားဖို့လိုတယ်။ အဲ့တာတော့ ခိုင်မာတဲ့လုပ်ငန်းပဲ။ ခုနကသယံဇာတထုတ်ရောင်းတယ်ဆိုတာ ခိုင်မာတဲ့လုပ်ငန်းတော့မဟုတ်ဘူး။ ခိုင်မာတဲ့လုပ်ငန်းဆိုတာ အလုပ်လုပ်ဖို့လိုတယ်။ ကျွန်တော် ကာဇက်စတန်သွားတဲ့အချိန်မှာ သတိပြုမိတာရှိတယ်။ ကျွန်တော်တို့က GDP မှာ သုံးခုဖော်ပြပါတယ်။ ဘာလဲဆိုတော့ စိုက်ပျိုးရေးကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီး၊ ဝန်ဆောင်မှုကဏ္ဍကြီးပေါ့။ သူတို့က စိုက်ပျိုးရေးကဏ္ဍတော်တော်နည်းတာတွေ့တယ်။ စက်မှုကဏ္ဍနဲ့ ဝန်ဆောင်မှုကဏ္ဍကတော့ တော်တော်လေးများတာ တွေ့ပါတယ်။ စိုက်ပျိုးရေးကဏ္ဍက ၂၀ ရာခိုင်နှုန်းလောက် ရှိတာပေါ့။ သူတို့လည်း သတိပြုမိမယ်ထင်ပါတယ်။ အခု သူတို့လည်း စိုက်ပျိုးရေးတွေ၊ ကုန်ထုတ်လုပ်မှုတွေ တော်တော်လေးအားပေးနေတာ တွေ့ပါတယ်။ သူတို့နိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်မယ်ဆိုရင် ချက်ချင်းကို တိုတောင်းတဲ့ ကာလအတွင်းမှာ ခွင့်ပြုပေးတယ်လို့ပြောတယ်။ ကျွန်တော်တို့ဆီမှာလည်း ကုန်ထုတ်လုပ်မှုနဲ့ ပတ်သက်ရင် လူတိုင်းက စိတ်ဝင်စားဖို့လိုတယ်။ အရောင်းအဝယ်ထက် ကုန်ထုတ်လုပ်မှုကို အရင်စလုပ်ပြီးတော့ ကုန်ထုတ်လုပ်မှုကတစ်ဆင့် တိုင်းပြည်ဝင်ငွေကို ရအောင်ရှာရမှာ ဖြစ်ပါတယ်။ ဒါကို နိုင်ငံတော်အနေနဲ့ သတိပြုမိဖို့ လိုတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။

မေး။   ယခုခရီးစဉ်ဟာ အောင်မြင်တဲ့ခရီးစဉ်ဖြစ်ခဲ့ပြီး ယာယီသမ္မတကြီးအနေနဲ့ နေ့မအား၊ ညမနား ဆောင်ရွက်ခဲ့တာတွေကို မြင်တွေ့ရတဲ့အတွက်လည်း ဂုဏ်ယူဝမ်းသာမိပါတယ်ရှင့်။ ယာယီသမ္မတကြီးအနေနဲ့လည်း ဒီခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ အောင်မြင်မှုတွေကို ပြောပြပေးပါဦးရှင့်။

ဖြေ။  အောင်မြင်တဲ့ ခရီးစဉ်ပါဗျ။ ရုရှားနိုင်ငံကို ကျွန်တော်တို့ သွားတဲ့အချိန်မှာ အဏုမြူကိစ္စနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ နောက်တစ်ခါ အာကာသနဲ့ပတ်သက်တဲ့ ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ ဒီနှစ်ခုကို သဘောတူညီချက် ယူခဲ့တာရှိပါတယ်။ အဲ့တာလည်း နိုင်ငံအတွက် ခြေလှမ်းသစ်တွေစပြီး ချလိုက်တာပေါ့။ နောက်တစ်ခုက ကာဇက်စတန်နိုင်ငံပေါ့။ ကာဇက်စတန်နိုင်ငံက တရားဝင်လွတ်လပ်ရေးရတာတော့ ၁၉၉၁ ခုနှစ် နှောင်းပိုင်းကျမှ လွတ်လပ်ရေးရတာပါ။ ဒါပေမယ့် သမိုင်းကြောင်းအခြေခံက အများကြီးရှိခဲ့ပါတယ်။ သူရဲ့ လူသားအရင်းအမြစ် သဘာဝအရင်းအမြစ်တွေကို အသုံးချပြီး လုပ်တဲ့အခါမှာ အခုတိုးတက်မှုတွေက မျက်ဝါးထင်ထင်မြင်ရတာပေါ့။ ဒီလိုပဲ အက်စတာနာမြို့တော်တည်လာတာ ကျွန်တော်တို့ နေပြည်တော်ထက် နည်းနည်းလေးပဲစောပါတယ်။ ဒါပေမယ့် သူတို့ကတော့ မြေအနေအထား တော်တော်လေးသေးတဲ့အတွက်ကြောင့် တည်ဆောက်ရေးက အတော်လေးအားရတာပေါ့လေ။ အတုယူစရာတွေ တွေ့တာပေါ့။ ကျွန်တော်သွားကြည့်ခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံလည်း ဒီလိုမျိုးတိုးတက်တဲ့ မြို့ပြတည်ဆောက်မှုတွေ ဘယ်လိုလုပ်ကြမလဲဆိုတာလည်း စဉ်းစားလုပ်ကိုင်လို့ရတာပေါ့။ ဒါကလည်း အောင်မြင်မှုလို့ ကျွန်တော်ပြောချင်ပါတယ်။