Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ကျက်သရေဆောင် လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

နေပြည်တော် ဒီဇင်ဘာ ၂၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်အတူ ယနေ့ညနေပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ကျက်သရေဆောင် လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုသည်။

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီး၊ အဖွဲ့ဝင်များအား ဂေါပကအဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် စေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ဖူးမြော်ကြည်ညို၍ ပြည်မြို့ ညနေနေဝင်ချိန်ရှုခင်းအား ကြည့်ရှုသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီး၊ အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း ကပ်လှူပူဇော်သည်။

ယင်းနောက် ရွှေဆံတော်စေတီတော်ဗုဒ္ဓပြတိုက်အတွင်း၌ Pagoda Digital Directory Online Website ဆောင်ရွက်ထားရှိမှု အခြေအနေများအား တာဝန်ရှိသူတစ်ဦးမှရှင်းလင်းတင်ပြရာ အွန်လိုင်းတွင် ဖော်ပြရာ၌ ဘုရားများ၏ သမိုင်းအထောက်အထားများ ခိုင်ခိုင်မာမာဖြစ်ရန်လိုကြောင်း၊ ဓာတ်ပုံများကိုလည်း ခေတ်နှင့်လျော်ညီသည့် ဓာတ်ပုံအရည်အသွေးများဖြစ်ရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။ ထို့နောက် ပြတိုက်အတွင်းခင်းကျင်းပြသထားသည့် ခေတ်အဆက်ဆက်၌ သွန်းလောင်းပူဇော်ခဲ့ကြသည့် ဗုဒ္ဓရုပ်ပွားတော်မြတ်များနှင့်သမိုင်းအထောက်အထားများကို လှည့်လည်ကြည့်ရှုသည်။

ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် ပြည်မြို့ကျက်သရေဆောင် လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပူဇော်ပြီး စေတီတော်ကြီးအတွက် ဘက်စုံအလှူငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များက လက်ခံရယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

အလားတူ ယနေ့ညနေပိုင်းတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီး၊ အဖွဲ့ဝင်များသည် ပြည်မြို့ ကမ်းနားလမ်းသို့ ရောက်ရှိပြီး ကမ်းနားလမ်းရှိ ခေတ္တရာညဈေးတန်း၌ ဒေသရိုးရာ အစားအသောက်များ၊ ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချနေမှုများကို လိုက်လံကြည့်ရှုပြီး ဈေးရောင်းချနေသူများနှင့် လာရောက်စားသုံးကြသည့် ပြည်သူလူထုများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ထို့နောက် ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်သွားရန်လိုအပ်သည့် အခြေအနေများ၊ ယာဉ်ရပ်နားရန်နေရာများ စနစ်တကျဖြစ်ရန်လိုသည့် အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။