Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံ ဟာပင်းမြို့တွင် ပညာသင်ကြားလျက်ရှိသည့် ပညာတော်သင် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် စက်တင်ဘာ ၄

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟာပင်းမြို့၌ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဟာပင်းမြို့ရှိ တက္ကသိုလ်များ၌ ပညာသင်ကြားလျက်ရှိသည့် ပညာတော်သင်ကျောင်းသား ကျောင်းသူများအား ဒေသစံတော်ချိန် ယနေ့ညနေ ၅ နာရီခွဲတွင် ဟာပင်းမြို့ရှိ ရှန်ဂရီလာဟိုတယ်၌ တွေ့ဆုံအမှာစကားပြောကြားသည်။

တွေ့ဆုံပွဲသို့‌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေနှင့် ပညာတော်သင်ကျောင်းသား ကျောင်းသူများတက်ရောက်ကြသည်။

ဦးစွာ ဟာပင်းမြို့ရှိ တက္ကသိုလ်များတွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ပညာတော်သင်ကျောင်းသား ကျောင်းသူများက တစ်ဦးချင်းမိတ်ဆက်ကြသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် သင်တန်းများလာရောက်တက်‌ရောက်၍ ပညာသင်ကြားခြင်းဖြစ်သည့်အတွက် နိုင်ငံအတွက်များစွာအကျိုးဖြစ်ထွန်းစေကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးသည် လက်ရှိအချိန်တွင် အကောင်းဆုံးအခြေအနေတွင်ရှိနေကြောင်း၊ မိမိအနေဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation – SCO SUMMIT 2025 Plus) နှင့်တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့်ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့သည် ကမ္ဘာကြီး၏ တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုအတွက်အရေးပါသည့်အဖွဲ့အစည်းဖြစ်ပြီး မကြာမီအချိန်အတွင်း မြန်မာနိုင်ငံအနေဖြင့် SCO အဖွဲ့ဝင်ဖြစ်လာမည်ဟု ယုံကြည်ကြောင်း။

သင်တန်းများလာရောက်သင်ကြားချိန်တွင် သင်ကြားရသည့် ပညာရပ်များအလိုက် အကောင်းဆုံး သင်ယူသွားရန်လိုပြီး ပညာပြီးဆုံး၍မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိချိန်တွင် မိမိတို့၏ဌာနများအလိုက် မိမိတို့သင်ကြားခဲ့ရသည့် ပညာရပ်များနှင့်ပတ်သက်၍ ပြန်လည်မျှဝေပေးရန်လိုကြောင်း၊ သို့မှသာ မိမိတို့နိုင်ငံအတွက် အကျိုးရှိမည်ဖြစ်ကြောင်း၊ အလားတူ တရုတ်နိုင်ငံတွင် ပညာသင်ကြားခဲ့ရမှု အတွေ့အကြုံများ၊ ကြုံတွေ့ခဲ့ရသည့် လူနေမှုအဆင့်အတန်းဖွံ့ဖြိုးတိုးတက်မှုများ၊ ပတ်ဝန်းကျင်ဆိုင်ရာနေထိုင်မှုများကိုလည်း ပြန်လည်မျှဝေပေးရန်လိုကြောင်း၊ တရုတ်နိုင်ငံတွင် ပညာသင်ကြားနေချိန်အတွင်း တရုတ်ဘာသာစကားကိုလည်း ထိုက်သင့်သလောက် တတ်ကျွမ်းအောင် လေ့လာသင်ကြားသွားရန်လိုကြောင်း။

လာမည့်ဒီဇင်ဘာလအတွင်း မိမိတို့နိုင်ငံတွင် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲပြုလုပ်ချိန်တွင် ဆန္ဒမဲပေးခွင့်ရှိသူ များအားလုံး မဲပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူမဲစာရင်းများမှားယွင်းမှုနှင့် မဲမသမာမှုများမဖြစ်စေရေး မြန်မာအီလက်ထရောနစ်မဲပေးစက်များဖြင့် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ နိုင်ငံရပ်ခြားတွင် ပညာသင်ကြားနေချိန်အတွင်း မိမိတို့၏ကျန်းမာရေးကောင်းမွန်စေရေး နေထိုင်ဆောင်ရွက်သွားကြရန်နှင့်ပညာသင်ကြားမှုများကိုလည်း ပြီးဆုံးအောင်မြင်သည်အထိ သင်ယူသွားကြရန် မှာကြားလိုကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက သင်တန်းသားများ၏ လိုအပ်ချက်များအား မေးမြန်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်ကာ ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။