ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (SCO SUMMIT 2025) အစည်းအဝေးအထိမ်းအမှတ် ကြိုဆိုဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်
နေပြည်တော် ဩဂုတ် ၃၁
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation-SCO SUMMIT 2025) တက်ရောက်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တီယန်ကျင်းမြို့တွင် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် Tianjin Meijian Convention Center ၌ ကျင်းပပြုလုပ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ H.E. Mr. Xi Jinping က တည်ခင်းဧည့်ခံသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး ကြိုဆိုဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်သည်။
အဆိုပါ ကြိုဆိုဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Mr. Vladimir Putin ၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E. Mr. Shri Narendra Modi တို့အပါအဝင် SCO ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ကြမည့် နိုင်ငံပေါင်း ၂၀ ကျော်မှ နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံတကာအဖွဲ့အစည်း ၁၀ ခုမှ အကြီးအကဲများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် SCO ထိပ်သီးအစည်းအဝေးသို့ ပါဝင်တက်ရောက်ကြမည့် နိုင်ငံပေါင်း ၂၀ ကျော်မှ နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံတကာအဖွဲ့အစည်း ၁၀ ခုမှ အကြီးအကဲများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ H.E. Mr. Xi Jinping နှင့် ဇနီးတို့က တစ်ဦးချင်း ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးသည်။
ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် ညစာစားပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် SCO ထိပ်သီးအစည်းအဝေးသို့ ပါဝင်တက်ရောက်ကြမည့် နိုင်ငံပေါင်း ၂၀ ကျော်မှ နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံတကာအဖွဲ့အစည်း ၁၀ ခုမှ အကြီးအကဲများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ထို့နောက် ကြိုဆိုဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ H.E. Mr. Xi Jinping က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်လာကြသည့် SCO ထိပ်သီးအစည်းအဝေးသို့ ပါဝင်တက်ရောက်ကြမည့် နိုင်ငံပေါင်း ၂၀ ကျော်မှ နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံတကာအဖွဲ့အစည်း ၁၀ ခုမှ အကြီးအကဲများနှင့်အတူ ညစာကိုအတူတကွ သုံးဆောင်ကြသည်။
ညစာသုံးဆောင်နေစဉ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရိုးရာယဉ်ကျေးမှုအကအဖွဲ့က တေးသီချင်းများ၊ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
- Log in to post comments