Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၅)နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာ (၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်)

၂၀၂၃ ခုနှစ်၊  ဖေဖော်ဝါရီလ  ၂၀  ရက်

ချစ်ကြည်လေးစားအပ်ပါသော ချင်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူညီအစ်ကိုမောင်နှမများ ခင်ဗျာ

ယနေ့ကျရောက်သည့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့၊ (၇၅) နှစ်မြောက် စိန်ရတု ချင်း အမျိုးသားနေ့ နေ့ထူးနေ့မြတ်အခါသမယတွင် မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအသီးသီး၌ ရောက်ရှိနေ ကြသော ချင်းတိုင်းရင်းသားများနှင့်အတူ တိုင်းရင်းသားပြည်သူများအားလုံး ကောင်းကျိုးချမ်းသာ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

ချင်းပြည်နယ်တွင် ချင်းလူမျိုးစုဖြစ်သည့် ချင်းတိုင်းရင်းသားများသည် အခြားတိုင်းရင်းသားများနှင့်အတူ သမိုင်းစဉ်တစ်လျှောက်လုံး အေးအတူပူအမျှ ဥမကွဲသိုက်မပျက် စည်းလုံးညီညွတ်စွာ နေထိုင်လာခဲ့ကြပါသည်။ ထို့အပြင် ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့်အတူ သူ့ကျွန်မခံလို၍ နယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေးတိုက်ပွဲများတွင်လည်း ပူးပေါင်းပါဝင်ခဲ့ကြသကဲ့သို့ ပဒေသရာဇ်စနစ်ဖျက်သိမ်းရေး၊ တောင်တန်းမြေပြန့် တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ် ရေးတို့ကိုလည်း  အမျိုးသားရေးစိတ်ဓာတ်ဖြင့် ဖော်ဆောင်ခဲ့ကြပါသည်။

လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကိုယ်စားလှယ် ၅၀၀၀ ကျော် တက်ရောက်ခဲ့သည့် ချင်းအမျိုးသားညီလာခံကို ဖလမ်းမြို့တွင် ကျင်းပခဲ့ပါသည်။ ဖလမ်းညီလာခံမှ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကိုကျင့်သုံးရန် ရှေ့လုပ်ငန်းစဉ်များကို ညှိနှိုင်းချမှတ်ပေးနိုင်ခဲ့ကြပါသည်။

ထိုသို့ တိုက်သူကြီးအုပ်ချုပ်သည့်စနစ်မှ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲကျင့်သုံးရေးတို့ကို ဖော်ဆောင်ပေးနိုင်ခဲ့သည့်  သမိုင်းအစဉ်အလာကောင်းခဲ့သော  ဖေဖော်ဝါရီလ (၂၀) ရက်နေ့ကို  ချင်းအမျိုးသားနေ့ဟုသတ်မှတ်၍ တညီတညွတ်တည်း   ဆုံးဖြတ်ခဲ့ကြပါသည်။ ထိုသမိုင်းဖြစ်စဉ်အရ ယနေ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့သည် ချင်းတိုင်းရင်းသားတစ်ရပ်လုံး၏ (၇၅) နှစ်မြောက်  စိန်ရတုချင်းအမျိုးသားနေ့၊ နေ့ထူးနေ့မြတ်ကြီးပင်ဖြစ်ပါသည်။ ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာစေရန်အတွက်  ချင်းအမျိုးသားခေါင်းဆောင်ကြီးများ၏  ဦးဆောင်မှုကဏ္ဍသည် အလွန်အရေးပါခဲ့ပါသည်။  လွတ်လပ်ရေးမရမီကာလမှ   လွတ်လပ်ရေးရပြီးကာလအထိ  ချင်းတိုင်းရင်းသားခေါင်းဆောင်ကြီးများ များစွာရှိသည့်အနက်  သမိုင်းမှတ်တမ်းအရ  လေးစားစံပြုထိုက်သော ချင်းအမျိုးသားခေါင်းဆောင်ကြီးအချို့မှာ ဗြိတိသျှနယ်ချဲ့တော်လှန်ရေးတွင် ဦးဆောင်ဆင်နွှဲခဲ့ကြသည့် ဗိုလ်ကြွမ်ဘိခ်နှင့် ဗိုလ်ခိုင်ကမ်း၊ ပင်လုံစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသည့် ချင်းအမျိုးသားကိုယ်စားလှယ်များဖြစ်သော ဦးလှူရ်မှုန်၊ ဦးထောင်ဇခုပ်နှင့် ဦးကီယိုမန်း၊ တောင်တန်းနှင့် ပြည်မ လွတ်လပ်ရေးတစ်ချိန်တည်းပေးရန် တောင်းဆိုခဲ့ပြီး လွတ်လပ်ရေးတိုက်ပွဲများကို ရှေ့တန်းမှပါဝင်ခဲ့သော လွတ်လပ်ရေးမော်ကွန်းဝင် (ပထမအဆင့်) သတိုးမဟာစည်သူ ဦးဝမ္မသူးမောင်နှင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ရွပ်ရွပ်ချွံချွံထမ်းဆောင်ခဲ့သဖြင့် တပ်မတော်ဆိုင်ရာ အမြင့်ဆုံးစွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် အောင်ဆန်းသူရိယဘွဲ့နှင့် သူရဘွဲ့တို့ ချီးမြှင့်ခြင်းခံရသော ဗိုလ်ကြီးသူရအောင်ဆန်း သူရိယတိုက်ချွန်းတို့သည် ဂုဏ်ယူလေးစားရသော ချင်းတိုင်းရင်းသားခေါင်းဆောင်များဖြစ်ကြပါသည်။ ထိုကဲ့သို့ သမိုင်းအစဉ်အလာကောင်းကိုထိန်းသိမ်းလျက် နောင်အနာဂတ်တွင် မိမိတို့ချင်းအမျိုးသားထဲမှ ချင်းပြည်နယ်နှင့် ချင်းတိုင်းရင်းသားများ၏ ဂုဏ်ကိုမြှင့်တင်ပေးနိုင်မည့် ခေါင်းဆောင်ကောင်းများ ထွက်ပေါ်လာစေရန် ချင်းတစ်မျိုးသားလုံးက ကြိုးပမ်းဆောင်ရွက်ဖို့လိုကြောင်း တိုက်တွန်းအပ်ပါသည်။    

ချင်းပြည်နယ်သည် ပထဝီအနေအထားအရ မြင့်မားသော၊ ထင်ရှားသော တောင်တန်းများကြားတွင် တောင်ဇလပ်ပန်းများ အမြဲတစေ ဝေဆာပွင့်လန်းနေသော ပြည်နယ်၊ အေးချမ်းလှသော ရာသီဥတုရှိပြီး သဘာဝအလှအပများနှင့် ပြည့်စုံနေသော ပြည်နယ်၊ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကိုလည်း အစဉ်ထိန်းသိမ်းစောင့်ရှောက်နေသည့် ချမ်းမြေ့သာယာသော ပြည်နယ်တစ်ခုအဖြစ် တည်ငြိမ်အေးချမ်းစွာရှိခဲ့ပါသည်။ သို့သော်လည်း လက်ရှိအခြေအနေတွင် ချင်းပြည်နယ်နေရာဒေသ အချို့အပါအဝင် နိုင်ငံ၏နေရာအချို့၌ ဆူပူအကြမ်းဖက်မှုများ၊ တရားဥပဒေကို ဖောက်ဖျက်ကျူးလွန်မှုများနှင့် နိုင်ငံကို အဖျက်အမှောင့်လုပ်ရပ်များပြုလုပ်နေခြင်းမှာ ပြည်နယ်၏ အစဉ်အလာကောင်းများကို မှေးမှိန်စေပြီး နိုင်ငံအတွက် အလွန်အန္တရာယ်ကြီးမားလှပါသည်။ ထိုသို့ မတည်မငြိမ်ဖြစ်ရခြင်း အကြောင်းရင်းအမှန်တရားကို နားလည်ကြပြီး နိုင်ငံတော်ပြိုကွဲပျက်စီးအောင် လုပ်ဆောင်နေကြသူများ၊ အမှောင့်ပယောဂများကို သတိထားကြရန်နှင့် အဖျက်လုပ်ရပ်များကို ဝိုင်းဝန်းထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားကြရန် လိုအပ်ကြောင်း အသိပေးအပ်ပါသည်။

မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏တာဝန်ကိုယူနေရသည့် သတ်မှတ်ကာလအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များနှင့် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်အတိုင်း အောင်မြင်အောင်ဆောင်ရွက်သွားရန် သန္နိဋ္ဌာန်ချမှတ် ဆောင်ရွက်လျက်ရှိပါသည်။ ပြည်တွင်း၊ ပြည်ပငြိမ်းချမ်းရေးရရှိစေရန်နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် အလေးထားကြိုးစား ဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများနှင့်လည်း မိတ်ဝတ်မပျက် ရင်းနှီးခင်မင်စွာ ဆက်ဆံဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးစားဆောင်ရွက်လျက်ရှိသော်လည်း မိမိတို့နိုင်ငံ၏ ကောင်းရာကောင်းကျိုးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မလိုလားသော ပြည်ပနိုင်ငံကြီးများနှင့် ပြည်ပဩဇာခံအဖွဲ့အစည်းများ၊ နိုင်ငံ့အကျိုးကိုပစ်ပယ်ပြီး မိမိအာဏာရရှိရေးနှင့် ကိုယ်ကျိုးအတ္တကိုသာ ရှေ့တန်းတင်၍ အလုံးစုံပျက်စီးရေးကို ပြုလုပ်နေကြသူများ၏ ဆူပူအကြမ်းဖက်မှုများကြောင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းမှုများနှင့် အလှမ်းဝေးဆဲဖြစ်ပါသည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ပုံမှန်အခြေအနေရောက်အောင် ထိန်းသိမ်းမြှင့်တင်ပြီးမှသာ ရှေ့ဆက်ရမည့် လုပ်ငန်းတာဝန်များနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆက်လက်ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါသည်။

တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတော်တည်ဆောက်ရေးအတွက် အရေးပါသည့်အလျောက် တည်ငြိမ်အေးချမ်းမှုကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ မိမိတို့ ဦးတည်ချက်ထားဖော်ဆောင်နေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးဖြစ်ပေါ်လာစေရေးအတွက် တိုင်းရင်းသားပြည်သူအားလုံးက နိုင်ငံတော်အစိုးရနှင့်အတူ လက်တွဲကြိုးပမ်းဖော်ဆောင်ကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံနှင့်အဝန်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ဘက်ပေါင်းစုံမှ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ချင်းပြည်နယ်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျောင်းများကို တိုးချဲ့ဖွင့်လှစ်ပေးခြင်းနှင့် အဆင့်တိုးမြှင့်ပေးခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများပြုပြင်ပေးခြင်းနှင့် အသစ်ဆောက်လုပ်ပေးခြင်း၊ ဆရာ/ဆရာမများ ပိုမိုခန့်ထားပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးရုံ၊ ဆေးပေးခန်းများ တိုးချဲ့ဖွင့်လှစ်ပေးခြင်းနှင့် ဆရာဝန်လိုအပ်မှု ဖြည့်ဆည်းပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။

ထို့အပြင် နိုင်ငံတော်အစိုးရက ချင်းပြည်နယ်ရှိ ပြည်သူများ မျှော်လင့်စောင့်စားနေသော မဟာဓာတ်အားလိုင်းလျှပ်စစ်မီး ချင်းပြည်နယ်အနှံ့ရရှိရေးကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါသည်။ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန်အတွက် ပြည်မနှင့် လွယ်ကူစွာ ဆက်သွယ်သွားလာနိုင်သည့် အဝေးပြေးလမ်းများနှင့် ပြည်နယ်အတွင်း လမ်းများကို တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ချင်းပြည်နယ်မှ နိုင်ငံရပ်ခြားအထိ ရေကြောင်းခရီးဖြင့် ဆက်သွယ်သွားလာနိုင်မည့် ကုလားတန်မြစ်ဝှမ်းဖွံ့ဖြိုးရေးနှင့် ပလက်ဝမြို့ဆိပ်ကမ်း တည်ဆောက်ခြင်းစီမံကိန်းများလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။

ယခုအခါ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးရန်ပုံငွေမှ ကျပ်ဘီလီယံ ၄၀၀ ကို နိုင်ငံ၏ စီးပွားရေးမြှင့်တင်နိုင်ရေးအသုံးပြုနိုင်ရန် စီမံဆောင်ရွက်ပေးခဲ့ရာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချင်းပြည်နယ်အတွက် ၁၀ ဘီလီယံကို ထောက်ပံ့ မတည်ပေးထားပါသည်။ ထို့ပြင် ဒေသဖွံ့ဖြိုးရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေးအတွက် ချင်းပြည်နယ်တွင် တီးတိန်ခရိုင်နှင့် ပလက်ဝခရိုင်တို့ကိုလည်း တိုးချဲ့ဖွဲ့စည်းပေးခဲ့ပါသည်။ ထိုကဲ့သို့ နိုင်ငံတော်အစိုးရက ချင်းပြည်နယ်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို စီမံဆောင်ရွက်နေသည့် လုပ်ငန်းရပ်များတွင် ချင်းပြည်နယ်ရှိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းအပ်ပါသည်။

တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းတည်ထောင်ထားသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးကို တည်ငြိမ်အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ ဖယ်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုအဖြစ်တည်ဆောက်ရာတွင် တိုင်းရင်းသားအားလုံး တန်းတူရည်တူပါဝင်မှုသည် လွန်စွာအရေးပါသည့်နည်းတူ ချင်းပြည်နယ်ရှိ ချင်းတိုင်းရင်းသားများအပါအဝင် ပြည်သူအားလုံးကလည်း စည်းလုံးညီညွတ်စွာ ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလျက် သဝဏ်လွှာပေးပို့အပ်ပါသည်။

         

                                                                                              ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ

                                                                                            သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်

                                                                                            နိုင်ငံတော်ဝန်ကြီးချုပ်

                                                                                             ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ