ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ (၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်)
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်
ချစ်ခင်လေးစားအပ်ပါသော ကရင်ပြည်နယ်အတွင်းရှိ မိဘပြည်သူ ညီအစ်ကိုမောင်နှမများခင်ဗျာ
ယနေ့ကျရောက်သည့် (၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့၏ နေ့ထူးနေ့မြတ်အခါသမယတွင် ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများနှင့် နိုင်ငံတစ်ဝန်းရှိ ပြည်ထောင်စုဖွား တိုင်းရင်းသား မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒများ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။
ကရင်လူမျိုးတို့၏ နေ့ထူးနေ့မြတ် အခါသမယဖြစ်သော ကရင်ပြည်နယ်နေ့အခမ်းအနားကို နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် (၆၇) နှစ်မြောက် ရောက်ရှိခဲ့ပြီဖြစ်ပါသည်။ ကရင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်းတွင် တည်ရှိပြီး မွန်ပြည်နယ်၊ ပဲခူး တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော ပြည်နယ်တစ်ခုဖြစ်ပါသည်။
ကရင်ပြည်နယ်သည် ဧရိယာစတုရန်းမိုင်ပေါင်း ၁၁,၇၃၀ ဒသမ ၉ မိုင် ကျယ်ဝန်းပြီး ခရိုင် (၄) ခရိုင်၊ မြို့နယ် (၇) မြို့နယ်ဖြင့် ဖွဲ့စည်း ထားရာမှ ၂၀၂၂ ခုနှစ် ၊ ဧပြီလ ၃၀ ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် သံတောင်ကြီးမြို့နယ်တို့ကို ခရိုင်အဆင့်အဖြစ် တိုးမြှင့်ပေးခဲ့သည့်အတွက် ကရင်ပြည်နယ်တွင် ခရိုင်အဆင့် (၆) ခရိုင်ဖြင့် ဖွဲ့စည်းထားသော ပြည်နယ်တစ်ခုဖြစ်လာပြီဖြစ်ပါသည်။
ကရင်ပြည်နယ်သည် သဘာဝအလှတရားများဖြစ်သည့် သာယာလှပသော တောတောင်များ၊ လိုဏ်ဂူများ၊ မြစ်ချောင်းအင်းအိုင်၊ ရေတံခွန်စိမ့်စမ်းများ၊ ရိုးသားဖြူစင်သည့် ဒေသခံတိုင်းရင်းသားတို့၏ချစ်ခင်နှစ်သက်ဖွယ် ဓလေ့ထုံးတမ်းအစဉ်အလာများ၊ မြတ်နိုးဖွယ်ရာ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များဖြင့် ပြည့်စုံကြွယ်ဝသည့် ဒေသတစ်ခုဖြစ်သည်နှင့်အညီ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းများ၊ ပြည်တွင်း ပြည်ပခရီးသွားလုပ်ငန်းများကို ကောင်းမွန်စွာဆောင်ရွက်နိုင်သော အခင်းအကျင်းနှင့်ပြည့်စုံသည့် ပြည်နယ်တစ်ခုဖြစ်ပါသည်။
မြေပေါ်မြေအောက်နှင့် ရေသယံဇာတများ ပြည့်ဝပေါကြွယ်ခြင်းကြောင့်လည်း ဒေသခံတိုင်းရင်းသားပြည်သူအများစု၏ လူမှုစီးပွားဘဝ အဆင်ပြေကြသည်ကိုတွေ့ရပြီး ကရင်တိုင်းရင်းသားတို့၏ ရွှင်မြူးတက်ကြွဖွယ် ကရင်ဒုံးယိမ်းအကနှင့် ဖားစည်သံတို့သည် ပြည်တွင်း၌သာမက ပြည်ပကပါ နှစ်သက်မြတ်နိုးဖွယ်ရာ ရိုးရာဓလေ့တစ်ခုဖြစ်ပါသည်။
နိုင်ငံတော်အစိုးရသည် ကိုဗစ်-၁၉ ရောဂါကြောင့်ထိခိုက်ခဲ့ရသည့် လူမှုရေး၊ စီးပွားရေးလုပ်ငန်းများအပေါ် ကရင်ပြည်နယ်အပါအဝင် တခြားတိုင်းဒေသကြီး/ပြည်နယ်များရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအတွက် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့အတူ မြန်မာနိုင်ငံ၏ စီးပွားရေးပြန်လည်ဦးမော့စေရေး စီမံချက်ကိုရေးဆွဲပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အထိ (၅) နှစ်စီမံချက် ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ စီမံချက်တွင် နိုင်ငံတော်စီးပွားရေးအတွက်အရေးပါသည့် ဥပဒေမူဘောင် ခိုင်မာကောင်းမွန်စေရေး၊ ဘဏ္ဍာရေးဆိုင်ရာ ပြန်လည်ကောင်းမွန်လာစေရေးလုပ်ငန်းများ၊ ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေမည့် လုပ်ငန်းစဉ်များ၊ ပို့ဆောင်ရေးလုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းများအပြင် နိုင်ငံတော်၏ ဦးစားပေး စီးပွားရေးကဏ္ဍများဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေမည့် အစီအမံများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လိုက်လျောညီထွေသည့် နည်းပညာ၊ ကုန်ထုတ်လုပ်မှုနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တိုးတက်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲစေမည့် အစီအမံများကို ထည့်သွင်းရေးဆွဲပြီး အောင်မြင်အောင် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားညီအစ်ကို မောင်နှမ အပေါင်းတို့ ခင်ဗျာ
ယနေ့အချိန်အခါသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်အစိုးရတာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး အိမ်စောင့်အစိုးရဖွဲ့စည်းကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အခြေခံမူများဖြစ်သော ရှေ့လုပ်ငန်း စဉ် (၅) ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက် ( ၉ ) ရပ်တို့ကို ချမှတ်လျက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများတိုးတက်ဖြစ်ထွန်းရေးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းလုပ်ဆောင်လျက်ရှိပါသည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာကတည်းကပင် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့သည် အေးအတူပူအမျှ စုပေါင်းနေထိုင်လျက်ရှိပြီး တိုင်းရင်းသားများ၏ ရိုးရာအမွေအနှစ်များ၊ စာပေ၊ သဘင်၊ ဂီတ အနုပညာများသည် နှစ်ပေါင်းထောင်ချီဖြစ်တည်ခဲ့ကြပါသည်။ ထိုသို့ တိုင်းရင်းသားများ ချစ်ခင်ရင်းနှီးစွာ နေထိုင်လာခဲ့ကြသော်ငြား ကိုလိုနီနယ်ချဲ့လက်အောက် ကျရောက်ချိန်တွင် သွေးခွဲအုပ်ချုပ်မှုများကြောင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမအချင်းချင်း စည်းလုံးညီညွတ်မှုပျက်ယွင်းကာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ကြပါသည်။
နိုင်ငံတော်အစိုးရသည် တိုင်းရင်းသားညီနောင်များအားလုံး တန်းတူခံစားနိုင်မည့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုများဖော်ဆောင်နိုင်ရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ခိုင်မာသည့်သန္နိဋ္ဌာန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ထို့အတူ တစ်နိုင်ငံလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေမည့် ကဏ္ဍအားလုံးကို ကရင်ပြည်နယ်အပါအဝင် ဒေသအသီးသီးတွင် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါသည်။ သို့သော်လည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားသော၊ နိုင်ငံတော်အစိုးရကို ဆန့်ကျင်လျက်ရှိသော အကြမ်းဖက်အဖွဲ့အစည်းများ၏ သွေးထိုးလှုံ့ဆော်မှု၊ အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးမှုများ၏ အန္တရာယ်ကိုလည်း တွန်းလှန်ချေမှုန်းလျက်ရှိရာ တိုင်းရင်းသားပြည်သူများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် အလေးထားတိုက်တွန်းအပ်ပါသည်။
ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားညီအစ်ကို မောင်နှမအပေါင်းတို့ ခင်ဗျာ
ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေးယန္တရားဖြစ်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီသည် သက်ဆိုင်ရာဆွေးနွေးဖက်အဖွဲ့အစည်းများနှင့် အလွတ်သဘောတွေ့ဆုံမှုများ၊ Virtual တွေ့ဆုံဆွေးနွေးမှုများနှင့် တရားဝင်တွေ့ဆုံမှုများပြုလုပ်ပြီး မပြတ်ထိတွေ့ဆက်ဆံလျက်ရှိရာ မိမိတို့အစိုးရတာဝန်ယူချိန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအထိ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် (၁၆) ကြိမ်၊ NCA လက်မှတ်ရေးထိုးခြင်းမပြုသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် (၉) ကြိမ်တွေ့ဆုံခဲ့ပြီး NCA လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်မှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။ ယခုနှစ်တွင်လည်း နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) တို့နှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲများကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ သုံးရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ နှစ်ဖက်သဘောထားများကို အတည်ပြုလက်မှတ်ရေးထိုးနိုင်ခဲ့ကြပါသည်။
ထို့ပြင် NCA စာချုပ်ပါ အချက်အလက်များကို အမြဲလေးစားရမည့်အပြင် မေ့ပျောက်၍လည်းမရပေ။ NCA စာချုပ်သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ အဆိုပြုချက်များနှင့်အညီ သက်ဆိုင်သူအားလုံး သဘောတူရေးဆွဲထားသည်ဖြစ်၍ ၎င်းလမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းသည်သာလျှင် မိမိတို့အားလုံးမျှော်လင့်ထားသည့် အေးချမ်းသာယာသော နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် နောင်လာမည့် မျိုးဆက်သစ်များအတွက် ငြိမ်းချမ်းသောအမွေအနှစ်တစ်ခုကို ချန်ထားရစ်ရန် လိုအပ်သကဲ့သို့ ငြိမ်းချမ်းရေးလုပ်ငန်းများကို လျင်မြန်စွာလုပ်ဆောင်ရန်လည်းလိုအပ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ထာဝရငြိမ်းချမ်းရေးကို အလေးအနက်ထား အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းကြောင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ်ရေးထိုးထားခြင်းမရှိသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် တိုင်းပြည်အကျိုးစီးပွားကိုရှေးရှု၍ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ အမြန်ဆုံးလျှောက်လှမ်းကြရမည်ဖြစ်ပါသည်။
မိမိတို့နိုင်ငံ၏ ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာတွင် ပြည်ပစွက်ဖက်မှုကင်းစင်စွာဖြင့် တိုင်းရင်းသားညီအစ်ကိုအချင်းချင်း တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းဖြင့်သာ အောင်မြင်နိုင်မည်ဖြစ်ပါသည်။ မိမိတို့နိုင်ငံအကျိုးစီးပွားကို မလိုလားဘဲ ငြိမ်းချမ်းရေးကို ပျက်စီးရာပျက်စီးကြောင်း လုပ်ဆောင်နေကြသည့် ပြည်တွင်းပြည်ပ အဖျက်သမားများ၏ အန္တရာယ်ကို အထူးသတိပြုကြရန် တိုက်တွန်းလိုပါသည်။
ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပြည်ထောင်စုအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ဟန်ချက်ညီညီ လက်တွဲဆောင်ရွက်ပြီး အားလုံး၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု၊ အမျိုးသားပြန်လည်သင့်မြတ်မှုတို့ ခိုင်မာအောင်တည်ဆောက်နိုင်သည်နှင့်အမျှ အေးချမ်းသာယာသည့် ပြည်ထောင်စုကြီးကို တိုင်းရင်းသားပြည်သူများ၏ အားဖြင့် တည်ဆောက်နိုင်မည်ဖြစ်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှု၊ တိုင်းရင်းသားပြည်သူလူထုနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ ခံယူချက်ပြည့်ဝမှုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအသီးအပွင့်များ ရရှိခံစားနေကြရပြီဖြစ်ပါသည်။ ပိုမိုဖွံ့ဖြိုးတိုးတက်ပြီး အေးချမ်းသာယာစေရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းအပ်ပါသည်။
ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားညီအစ်ကိုမောင်နှမအပေါင်းတို့ ခင်ဗျာ
၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်သည် အရေးပါသောနှစ်များဖြစ်သည့်အတွက် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် စိန်ရတုပြည်ထောင်စုနေ့အဖြစ် နေပြည်တော်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်ခဲ့ပါသည်။ လာမည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့သည်လည်း (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်သည့်အတွက် ၇၅ နှစ် တာကြာခဲ့ပြီဖြစ်သည့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ ပိုမိုခိုင်မာစေရန်၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ခြင်း အသီးအပွင့်များနှင့် ပြည့်စုံစေရန် အရေးကြီးသည့်အတွက် (၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကိုလည်း ခမ်းနားထည်ဝါစွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ယနေ့အချိန်ကာလသည် ပြည်သူတစ်ရပ်လုံး လိုလားတောင့်တသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် မဖြစ်မနေလိုအပ်သော တစ်နိုင်ငံလုံးငြိမ်းချမ်းရေးဖော်ဆောင်နေသည့် အချိန်အခါဖြစ်ရာ ယခုကဲ့သို့သော ထူးမြတ်သည့် ကရင်ပြည်နယ်နေ့ အခါသမယတွင် ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပါရန် အလေးအနက်တိုက်တွန်းအပ်ပါသည်။
ကရင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး၏ အားကြိုးမာန်တက်စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်မှုများသည် ဒေသအတွင်း တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများကိုဖြစ်ပေါ်စေပြီး နိုင်ငံတော်တည်ဆောက်ရေးအတွက် စွမ်းအားတစ်ရပ်အဖြစ် ဖြစ်တည်လျက်ရှိပါသည်။
ထို့ကြောင့် အရှိန်အဟုန်ဖြင့် ဖြစ်ထွန်းပေါ်ပေါက်စေရေးအတွက် ကြိုးပမ်းစွမ်းဆောင်နိုင်သူများဖြစ်ကြပါစေ၊ ပြည်နယ်သူ၊ ပြည်နယ်သားများ၏အကျိုး၊ နိုင်ငံအကျိုး၊ နိုင်ငံသားအကျိုး သယ်ပိုးနိုင်သူများဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း (၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့ သဝဏ်လွှာပေးပို့အပ်ပါသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
နိုင်ငံတော်ဝန်ကြီးချုပ်
ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
- Log in to post comments